Transparency Myanmar

transparency.myanmar@gmail.com

DVB News, By Joseph Allchin, 11th May 2010

ဧပြီလလယ်တွင် တရုတ်နှင့် မြောက်ကိုးရီးယားမှ လက်နက်များ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ဖွယ် ရှိသည်ဟု ပြောဆိုမှု ထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံ၏ နျူကလီယာ ရည်ရွယ်ချက် အပေါ် ထပ်မံ စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ယခု အပတ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သံတမန်က သတိပေးမှု ပြုလုပ်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံမှု အပြီး ထုတ်ပြန်သော ကြေညာချက်တွင် ''ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်  ၁၈၇၄ အပေါ် အပြည့်အဝ လိုက်နာ ကျင့်သုံးမည်ဟု ကတိပေးထားခြင်းကို လိုက်နာ စောင့်ထိန်းရန် မြန်မာခေါင်းဆောင်များအား တိုက်တွန်းထားသည်'' ဟု ပြောကြားခဲ့သည်။

၂၀၀၉ မေလတွင် မြေအောက် နျူကလီယာ စမ်းသပ်မှုကို ပြုံးယမ်း က ပြုလုပ်ခဲ့ပြီးနောက် ၎င်းနှစ် ဇွန်လတွင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် မြောက်ကိုးရီးယား အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု ပိတ်ပင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။

''လတ်တလော အဖြစ်အပျက်တွေအရ ဆိုရင် သူတို့ ပေးထားတဲ့ ကတိ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ နိုင်ငံတကာ ကတိကဝတ်တွေကို မြန်မာနိုင်ငံက လိုက်နာတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိအောင် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ အတူ ပွင့်လင်း မြင်သာတဲ့ လုပ်ငန်းစဉ် ချမှတ်ဖို့ မြန်မာခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်" ဟု Campbell က ဆက်လက် ပြောကြားသည်။

"ဒီလုပ်ငန်းစဉ် မပါဘဲ နိုင်ငံတကာက သတ်မှတ် ဖွဲ့စည်းပေးထားတဲ့ မှန်ကန်တဲ့ စည်းကမ်း ဘောင်အတွင်းကနေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အမေရိကန်က ကျင့်သုံးနေတာပါ" ဟု ၎င်းက ဆိုသည်။

Campbell ရည်ညွှန်းသည့် လတ်တလော အဖြစ်အပျက်များ ဆိုသည်မှာ ဧပြီလ သင်္ကြန်ရက်များ အတွင်းက လက်နက် တင်ဆောင်လာသည်ဟု ဆိုသော မြောက်ကိုးရီးယားနှင့် တရုတ်သင်္ဘောများ မြန်မာနိုင်ငံတွင် ဆိုက်ကပ်ခဲ့ခြင်းကြောင့် တရားဝင် ကန့်ကွက်ခဲ့ကြခြင်းကို ဆိုလိုပုံ ရသည်။

DVBနှင့် ဆက်သွယ် ပြောဆိုခဲ့သည့် အာဏာရှင် စောင့်ကြည့်ရေး Dictator Watch မှ ညွှန်ကြားရေးမှူး Roland Watson က ''အခုပြောခဲ့တဲ့ သင်္ဘော တင်ပို့မှုမှာ အမျိုးအစား မသိရတဲ့ ဒုံးကျည်တွေနဲ့ နျူကလီယာ အစီအစဉ်မှာ တိုက်ရိုက် အသုံးပြုမယ့် ပစ္စည်း ဒါမှ မဟုတ် ထည့်သွင်း အသုံးပြုမယ့် ပစ္စည်းတွေ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်'' ဟု ပြောကြားခဲ့သည်။

မြောက်ကိုးရီးယား၏ နျူကလီယာ စမ်းသပ်မှုနှင့် ယခင်နှစ် နွေရာသီက မြန်မာနိုင်ငံသို့ ဦးတည်ခဲ့ပုံ ရသော ကန်နန်-၁ သင်္ဘော ကိစ္စ နောက်ပိုင်းတွင် မြောက်ကိုးရီးယားမှ မြန်မာသို့ လက်နက် တင်ပို့မှုကို ကမ္ဘာက အာရုံ စိုက်လာခဲ့သည်။ ထိုစဉ်က ကန်နန်-၁ သင်္ဘော နောက်ပြန် မလှည့်ခင် အထိ အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သည်။

''Kurt Campbell ပြောတာတွေကို ကြည့်မယ်ဆိုရင် ဒီလက်နက် တင်ပို့တဲ့ ကိစ္စတွေကို အမေရိကန်က သိထားပြီးပြီလို့ ကျွန်တော် ယူဆပါတယ်'' ဟု Watson က ဆိုသည်။ ''မနှစ် နွေရာသီတုန်းက ကန်နန်သင်္ဘောကို ထိထိရောက်ရောက် ပိတ်ဆို့ခဲ့သလိုမျိုး ဒီတစ်ခေါက် အမေရိကန်က မပိတ်ခဲ့တာကို ကျွန်တော်တို့ အရမ်း စိုးရိမ်နေပါတယ်။ ကန်နန် သင်္ဘောပေါ်က ပစ္စည်းတွေကို အခုတစ်ခေါက် ပို့လိုက်မှာကိုလည်း စိတ်ပူနေတယ်'' ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သင်္ဘောများသည် သံသယဖြစ်ပွားမှုကို ရှောင်ရှားရန် အတွက် သင်္ကြန်ကာလတွင် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ခန့်မှန်း ပြောဆိုမှုများ ပျံ့နှံ့နေသည်။

ပြုံးယမ်းမှ ပို့လိုက်သော ပစ္စည်းများသည် စစ်ဖက်နှင့် ဆိုင်သည် ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ၊ မြောက်ကိုးရီးယား အပေါ် အရေးယူထားသော ကုလသမဂ္ဂ ကုန်သွယ်မှု တားမြစ်ရေး ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချိုးဖောက်ခြင်းသာ ဖြစ်သည်။

သင်္ဘောများ ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က တုန့်ဆိုင်းနေခြင်းသည် နျူကလီယာ ပစ္စည်း သို့မဟုတ် သမားရိုးကျ လက်နက်များ ပါဝင်နိုင်သည့် တရုတ် သင်္ဘောများ ရောက်ရှိနေခြင်းကြောင့် ဖြစ်နိုင် မဖြစ်နိုင်ကို Watson က မေးခွန်းထုတ်ထားသည်။

မည်သို့ပင် ဖြစ်စေ တစ်ချိန်တည်းတွင် မြောက်ကိုးရီးယား ဆိုင်ရာ တရုတ် သံအမတ်ကြီး ဇောင်ရီရှုက ''ပြုံးယမ်း၏ ဆောင်ရွက်ချက်များသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆန္ဒကို မလေးစားကြောင်း ပြသနေသည်'' ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာသည်ဟု ဆိုရမည် ဖြစ်သည်။

သို့ရာတွင် Watson ကမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နျူကလီယာ အစီအစဉ်တွင် အတွင်းကျကျ ပတ်သက်နေသကဲ့သို့ ရုရှားသည်လည်း သံသယ ဖြစ်ဖွယ် ကူညီနေသည်ဟု ယုံကြည်ထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွင်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံသလို အဓိက အကျိုးတော်ဆောင် နိုင်ငံလည်း ဖြစ်သည်။ သို့ရာတွင် လတ်တလော၌ နှစ်နိုင်ငံ နယ်စပ်မှ ပြဿနာကြောင့် စိုးရိမ် ပူပန်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment