Transparency Myanmar

transparency.myanmar@gmail.com

CNN News, By Richard Allen Greene, 11th May 2010

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် အသစ် David Cameron က ကွန်ဆာဗေးတစ်ပါတီနှင့် လစ်ဘရယ် ဒီမိုကရက် ကြားတွင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။

အယ်လီဇဘက် ဘုရင်မကြီး (၂) သည် အင်္ဂါနေ့ ညနေက Gordon Brown ၏ နုတ်ထွက်စာကို လက်ခံပြီးနောက် တစ်နာရီခန့် အကြာတွင် Cameron အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန် ဖိတ်ခေါ်ခဲ့သည်။

လက်ယာတွင် ကွန်ဆာဗေးတစ်သည် ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲတွင် နေရာ အတော်များများ အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့ အစိုးရ ဖွဲ့နိုင်လောက်အောင် မဖြစ်နိုင်သေးချေ။

Brown ၏ လက်ဝဲ လေဘာပါတီသည် ဒုတိယနေရာ ရရှိခဲ့သည်။ လစ်ဘရယ် ဒီမိုကရက်က တတိယနေရာ ရရှိသည်။ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်ဒီမိုကရက် ညွန့်ပေါင်းမှသာ ပါလီမန် အဖွဲ့ဝင် အများစု ရရှိမည် ဖြစ်သည်။

Downing Street မှ လာသော သတင်းများအရ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် Nick Clegg သည် ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်မည် ဖြစ်ပြီး၊ ဘုရင်မကြီးကလည်း အတည်ပြုခဲ့သည်ဟု ဆိုသည်။ ကက်ဘိနက် ဝန်ကြီး ၄ နေရာကိုလည်း လစ်ဘရယ် ဒီမိုကရက်ကပင် ရယူမည် ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

Cameron က ၎င်းသည် နိုင်ငံသားများ မိမိတို့ ရပိုင်ခွင့်များကို တောင်းဆိုရန် မလိုသော၊ မိမိတို့ ရရန်ရှိများကို တောင်းဆိုရန် မလိုသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ရည်မှန်းထားကြောင်း၊ သို့သော် မိမိ တာဝန်ယူစရာ ရှိသည်များ၊ မိမိ ပေးနိုင်သည် များကိုမူ လုပ်ဆောင်ရမည်ဟု ဆိုသည်။

တတ်နိုင်သူများကိုရော၊ မတတ်နိုင်သူများကိုပါ မိမိတို့ အမြဲတမ်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ကတိပေးပြီး၊ လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် တာဝန်ယူတတ်မှုများကို အလေးပေး ပြောကြားခဲ့သည်။

"အမှန်တကယ် ပြောင်းလဲမှု ဆိုတာ အစိုးရက လုပ်ပေးနိုင်တာတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ အမှန်တကယ် ပြောင်းလဲမှုဆိုတာ လူတိုင်း တစ်စုတစ်စည်းတည်း စုမိကြပြီး၊ အတူတကွ အလုပ်လုပ်နိုင်ကြခြင်းကို ဆိုလိုတာပါ" ဟု ၎င်းက ဆိုသည်။

Cameron သည် အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်၏ နေအိမ်သို့ ၎င်း၏ဇနီး Samantha နှင့်အတူ မဝင်ရောက်မီ၊ ၎င်းအရင် ဝန်ကြီးချုပ်များကို ချီးကျူးမှုများ ပြုခဲ့သည်။

၎င်းက ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ် ဒီမိုကရက်ကြားတွင် ညွန့်ပေါင်း အစိုးရ ပီပြင်စွာ ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း၊ သို့မှသာ တိုင်းပြည် အတွက် တောင့်တင်းပြီး၊ တည်ငြိမ် ခန့်ထည်သော အစိုးရကောင်း တစ်ခု ဖြစ်ပြီး၊ မှန်ကန်သော နည်းလမ်းဖြစ်မည်ဟု ထင်ကြောင်း၊ ထိုအချက်သည် အလွန်အမင်း လိုအပ်ချက် တစ်ခုဟု မိမိ ယုံကြည်ကြောင်း Cameron က ပြောကြားခဲ့သည်။

၎င်းက ဖြည့်စွက် ပြောရာတွင် ပါတီ အချင်းချင်း သဘောထား မတူညီမှုများ ဘေးဖယ်ထားပြီး၊ နိုင်ငံ့အရေး တူညီသော အချက်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

Cameron သည် ၁၉၉၇ ခုနှစ်က လေဘာပါတီ ခေါင်းဆောင် Tony Bair က John Major ကို အနိုင်ယူပြီး နောက်ပိုင်း တိုင်းပြည်၏ ပထမဆုံး ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဖြစ်သည်။

Cameron သည် ၁၉၅၂ က နန်းတက်သော ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး၏ ၁၃ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်သည်။

Cameron သည် ဘာကင်ဟမ် နန်းတော်မှ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်သို့ ထွက်ခွာသွားချိန်တွင် နန်းတော်၌ သတင်း ထုတ်ပြန်ချက် ကြေညာရာ ဘုရင်မကြီးသည် David Cameron ကို ယခု ညနေတွင် လက်ခံခဲ့ပြီး၊ အစိုးရသစ် ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း၊ David Cameron ကလည်း ဘုရင်မကြီး၏ အဆိုပြုချက်အား လက်ခံခဲ့ပြီး၊ ဝန်ကြီးချုပ် အဖြစ်လည်းကောင်း တိုင်းပြည် ဘဏ္ဍာစိုး (First Lord of the Treasury) အဖြစ် လည်းကောင်း လက်ခံခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့ အစိုးရသစ် တစ်ခု ဖွဲ့ပါမယ်။ ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ ဖွဲ့မယ့် အစိုးရက ရည်မှန်းချက် မတူတဲ့ နိုင်ငံရေးသမားတွေ အတူစုပြီး အလုပ်လုပ်ကြမယ့် အစိုးရ အမျိုးအစားသစ် ဖြစ်တယ် ဆိုတာပါပဲ" ဟု ဒုဝန်ကြီးချုပ် Clegg က ပြောသည်။

"ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တဲ့ နိုင်ငံရေး အသစ်တစ်ခုရဲ့ အစလို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။

ကွန်ဆာဗေးတစ် ပါတီမှ လာသော သတင်းများအရ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား George Osborne မှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားပြီး၊ ပါတီ ခေါင်းဆောင်ဟောင်း William Hague အား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားသည်ဟု ဆိုသည်။

လစ်ဘရယ် ဒီမိုကရက်များသည် အင်္ဂါနေ့ညတွင် တွေ့ဆုံပြီး ၎င်းတို့ဖက်မှ လုပ်ဆောင်ရန်များအတွက် မဲပေးကြမည် ဖြစ်သည်။

ဗြိတိသျှ နိုင်ငံရေးတွင် ညွန့်ပေါင်းအစိုးရမှာ ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည်။ နောက်ဆုံး အကြိမ်မှာ ၁၉၇၄ ခုနှစ်က House of Common တွင် ပါတီတစ်ခုမျှ အမတ်နေရာ အများဆုံး ရယူနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်တို့ ညွန့်ပေါင်း အစိုးရဖွဲ့ရန် ညှိနှိုင်း မရခဲ့သဖြင့် နောက်ဆုံး အနည်းဆုံး လေဘာပါတီက အစိုးရ ဖွဲ့သွားခဲ့သည်။

Brown သည် ဘုရင်မကြီးထံ နုတ်ထွက်လွှာ တင်ရန် မသွားမီ အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်ရှေ့တွင် ၎င်း နုတ်ထွက်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

"လေဘာပါတီ ခေါင်းဆောင် အဖြစ်ကလည်း နုတ်ထွက်မှာပါ" ဟု Brown က ဆိုသည်။

Brown က ပြောကြားရာတွင် ဝန်ကြီးချုပ် ရာထူးကို နှစ်သက်ကြောင်း၊ ကြီးကျယ် ခမ်းနားမှုကြောင့် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီ အတွက်၊ ပိုမို ဝပြောရေးအတွက်၊ ပိုမို တရားမျှတရေး အတွက်၊ နိုင်ငံကြီးသား ပီသရေးအတွက် အလုပ် လုပ်ပေးနိုင်၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ ဒုတိယခေါင်းဆောင် Harriet Harman က ပါတီခေါင်းဆောင် မရွေးကောက်မီအထိ လေဘာပါတီကို ဦးဆောင်ပေးမည် ဖြစ်သည်။

ရက်သတ္တပတ် တစ်ပတ်ကြာ မသေချာမှုများ ရှိနေရာမှ House of Commons တွင် နေရာ ၆၅၀ ရှိသည့်အနက် ကွန်ဆာဗေးတစ်က ၃၀၆ နေရာသာ ရပြီး၊ အများစု အဖြစ် အနိုင်ရရန် နေရာ ၂၀ လိုအပ်ခဲ့သည်။ လေဘာပါတီက ၂၅၈ နေရာနှင့် Nick Clegg ၏ လစ်ဘရယ် ဒီမိုကရက်က ၅၇ နေရာ ရရှိသည်။

ပါတီ အသေးလေးများက ၂၈ နေရာ ရပြီး၊ အမတ်လောင်း တစ်ဦး မဲဆွယ်ကာလတွင် သေဆုံးခဲ့၍ တစ်နေရာကို ယခုလ နောက်ပိုင်းတွင် ရွေးကောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment