Transparency Myanmar

transparency.myanmar@gmail.com

 

နိုင်ငံတကာ ထောက်လှမ်းရေး သတင်းများအရ မြန်မာစစ်အစိုးရနှင့် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသော တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် မြန်မာစစ်ဗိုလ်ချုပ်များ၏ စစ်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်အောင် ထောက်ပံ့ကူညီလျက် ရှိသည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ အဆိုပါ ရည်မှန်းချက်များတွင် မြန်မာနိုင်ငံ နျူကလီးယား အင်အားကြီး နိုင်ငံတစ်ခုဖြစ်ရေးလည်း ပါဝင်သည်။ မြန်မာစစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများသည် လွန်ခဲ့သည့် နှစ်လခန့်က မြို့တော်သစ် နေပြည်တော်တွင် ခေတ်မီသော စစ်တပ်ဖြစ်ပေါ်ရေး၊ နိုင်ငံခြား ဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဖြစ်ပေါ်နေသော တင်းမာမှုများ အဆုံးသတ်ရေးနှင့် မြို့ကြီးပြကြီး ဒေသများမှ အစိုးရအတိုက်အခံ အင်အားစုများအပေါ် ဖိနှိပ်ရေး အစရှိသော အရေးကိစ္စများအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ စစ်ဗိုလ်ချုပ်ကြီများက ညပိုင်း အချိန်တွင် ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။

သတင်းပေးပို့ချက်များအရ မြန်မာစစ်အစိုးရသည် တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံမှ တာဝေးပစ် ဒုံးကျည်များ အပါအဝင် ရော့ကက်လောင်ချာ အစရှိသော စစ်လက်နက်များကို ပြီးခဲ့သည့် ဧပြီလအတွင်းက ဝယ်ယူခဲ့သည်။ မြန်မာစစ်အစိုးရက အဆိုပါ စစ်လက်နက်များအား ဧပြီလတွင် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ထိုလသည် မြန်မာပြည်သူများ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေချိန် ဖြစ်သောကြောင့် ဖြစ်သည်။

စစ်လက်နက် ဝယ်ယူမှုကို အများပြည်သူ အာရုံမစိုက်နိုင်လောက်သည့် အချိန်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ ဝယ်ယူသော စစ်လက်နက်များထဲတွင် နျူကလီးယား ထုတ်လုပ်ရေး အတွက် လိုအပ်သော ပစ္စည်းများလည်း ပါဝင်ပြီး မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် အစပိုင်းတွင် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြို့တော်ဟောင်းဖြစ်သော ရန်ကုန်မှ ပေးပို့သည့် သတင်းအချက်အလက်များအရ ဧပြီလအတွင်း ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ အမည်မဖော်ပြသော သင်္ဘောတစ်စင်း ဆိုက်ကပ် လာကြောင်း၊ ထိုသင်္ဘောသည် မြောက်ကိုရီးယားမှ လာသည်ဟု ယုံကြည်ရကြောင်း သိရသည်။

မြန်မာစစ်အစိုးရ  အရာရှိကြီးများက အဆိုပါသင်္ဘောသည် မြောက်ကိုရီးယားသို့ ဆန်တင်ပို့ရန် သီလဝါဆိပ်ကမ်းသို့ လာရောက်ဆိုက်ကပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော်နှင့် ပြုံးယမ်းတို့၏ စစ်ရေးဆက်ဆံမှုသည် ယခုအခါ နိုင်ငံရေး လေ့လာ သုံးသပ်သူများ၊ သံတမန်များနှင့် သတင်းစာဆရာများ၏ စိတ်ဝင်စားမှုကို များစွာခံလာရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် သြစတြေးလျ သတင်းစာတစ်စောင်ဖြစ်သော Sydney Morning Herald တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ် ပါရှိခဲ့သည်။

မြန်မာစစ်အစိုးရသည် လာမည့် ငါးနှစ်အတွင်း အဏုမြူဗုံး တီထွင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း၊ ယင်းလက်နက် တီထွင်ရာတွင် မြောက်ကိုရီးယားမှ ရရှိသော နျူကလီးယား နည်းပညာနှင့် မြန်မာနိုင်ငံတွင်း သန့်စင်ရရှိသော ယူရေနီယံတို့ကို အသုံးပြုမည် ဖြစ်ကြောင်း အဆိုပါ ဆောင်းပါးတွင် စွပ်စွဲရေးသားထားသည်။

မြောက်ကိုရီးယားကလည်း နျူကလီးယား နည်းပညာနှင့် အပိုပစ္စည်းများအပြင် ရော့ကက်မျိုးစုံ ပစ်လွှတ်နိုင်သည့် စင်များ၊ မြေပြင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ ဝေဟင်ပစ် ခတ်နိုင်သော ဒုံးကျည်များ၊ မြေအောက်စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နိုင်သည့် နည်းပညာများကို မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့မှုများကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် လောက်ကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့် လေ့လာနေသော စစ်ရေးကျွမ်းကျင်သူ Andrew Selth ၏ အဆိုအရသိရသည်။

"မြောက်ကိုရီးယားက မြန်မာနိုင်ငံက အရေးကြီးတဲ့ ထွက်ကုန်တွေ၊ ထုတ်ကုန်တွေကို လိုအပ်တယ်လေ။ အဲဒါကြောင့် မြန်မာစစ်အစိုးရကလည်း အဲဒီထွက်ကုန်တွေကို မြောက်ကိုရီးယားက စစ်လက်နက်တွေ၊ နည်းပညာတွေနဲ့ လဲလှယ်ယူတယ်။ ဘာတာစနစ်ပုံစံနဲ့လုပ်တာ"ဟု Andrew Selth က သြစတြေးလျနိုင်ငံတွင် ထုတ်သော International Affairs Journal တွင် ဆောင်းပါး ရေးသားခဲ့သည်။
Inter Connected World မှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment