Transparency Myanmar

transparency.myanmar@gmail.com

BBC News, 17th May 2010

      ထိုင်းနိုင်ငံသည် ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ရမည် ဖြစ်ပြီး ဆန္ဒပြသူများနှင့် စစ်တပ် အကြား ပဋိပက္ခကို အဆုံးသတ်ကာ ဆွေးနွေးပွဲများ စတင်ကြရန် ကုလသမဂ္ဂက ပြောကြားလိုက်သည်။

      ၃၇ ဦး သေဆုံးခဲ့သော ၅ ရက်ကြာ ရုန်းရင်းဆန်ခတ်မှုများ အပြီးတွင် ဘန်ကောက်မြို့တော်သည် အထိန်းအချုပ်မဲ့ အန္တရာယ် ကြီးမားမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Navi Pillay က ပြောကြားခဲ့သည်။

      အစိုးရက ပယ်ချခဲ့သော အကျပ်အတည်း ပြီးဆုံးရေး၊ ကုလသမဂ္ဂ နောက်ခံပြု ဆွေးနွေးပွဲများ ကျင်းပရေးကို ဆန္ဒပြသူများက တောင်းဆိုခဲ့ပြီး နောက်တစ်ရက်တွင် သူမက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

      ဆန္ဒပြ ခေါင်းဆောင်နှင့် အစိုးရ ညှိနှိုင်းရေး အရာရှိတို့ ၅ မိနစ်ခန့် ဖုန်းဖြင့် ဆွေးနွေးခဲ့သော်လည်း ယာယီ ပြေငြိမ်းမှု မရရှိခဲ့ပါ။

      ဆွေးနွေးပွဲ မစတင်မီ ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ယာယီစခန်းကို စွန့်ခွာရမည်ဟု အစိုးရ ဝန်ကြီးများက တောင်းဆိုထားသည်။

      ဆန္ဒပြသူများ ထွက်ခွာရန် ညနေ ၃ နာရီ နောက်ဆုံးအဖြစ် သတ်မှတ်ထားသော်လည်း "အနီရောင်ဇုန်" တွင် စခန်းချနေသော ဆန္ဒပြသူများ အနက် အနည်းငယ်ကသာ ၎င်းရာဇသံကို လိုက်နာခဲ့သည်ဟု သိရသည်။

      အစိုးရ တပ်ဖွဲ့များကို ခုခံနေသော ဆန္ဒပြသူများသည် တစုံတရာ စေ့စပ် ညှိနှိုင်းမှု မစတင်မီ ရှပ်နီစခန်းမှ အတားအဆီးများကို ဖယ်ရှားပေးရမည်ဟု အစိုးရက တောင်းဆိုထားသည်။

      ကြေညာချက်တွင် Ms Pillay က "ထိုင်းပြည်သူများရဲ့ အကျိုးအတွက် မာနနဲ့ နိုင်ငံရေး သိက္ခာကို ဘေးဖယ်ထားကြဖို့ ခေါင်းဆောင်များကို တိုက်တွန်းပါတယ်" ဟု ပြောကြား ခဲ့သည်။

      ထပ်မံ အသက်ဆုံးရှုံးမှုများ မဖြစ်စေအောင် တားဆီးရန် ဆန္ဒပြသူတွေကလည်း ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ရမည် ဖြစ်သကဲ့သို့၊ လုံခြုံရေး တပ်ဖွဲ့များကလည်း အစိုးရက ပေးသော အမိန့်နှင့်အတူ အမြင့်ဆုံး သည်းခံ ထိန်းချုပ်မှုကို ပြသကြပါဟု မေတ္တာရပ်ခံကြောင်း သူမက ပြောဆိုခဲ့သည်။

      လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်ကို နုတ်ထွက်ပေးစေလိုသော ဆန္ဒပြသူများက ဘန်ကောက်မြို့ လယ်ကို မတ်လလယ်ကပင် သိမ်းပိုက်ထားခဲ့ကြသည်။

      ၎င်းတို့၏ ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် ဧပြီလအတွင်းက လူ ၂၅ ဦး သေဆုံးခဲ့သော ဖြစ်ရပ် အပါအဝင် အနိဋ္ဌာရုံ ဖြစ်ရပ်များ တစတစ ဖြစ်ပွား လာခဲ့သည်။

      ပြီးခဲ့သော ကြာသပတေးနေ့တွင် အကြမ်းဖက် ဖြိုခွဲမှု ထပ်မံ ဖြစ်ပွားခဲ့ရာ စစ်သားများက ကျည်ဆံ အစစ်များ ပြောင်ပြောင်တင်းတင်း သုံးစွဲခဲ့ပြီး လက်ဖြောင့် သေနတ်သမားများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

      ဆန္ဒပြသူများ အတွင်း စိမ့်ဝင်နေသော အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဟု အာဏာပိုင်များက ပြောကြားသော်လည်း လမ်းပေါ်မှ လက်နက်မဲ့ ဆန္ဒပြသူများ အပစ်ခံရသည်ကို ရုပ်သံမှ ထုတ်လွှင့် ပြသခဲ့သည်။

      ရှပ်နီ အများစုက ငြိမ်းချမ်းစွာ ဆန္ဒပြလျက် ရှိနေသော်လည်း အချို့က တာယာများ စုပုံကာ အတားအဆီးပြုလုပ်၍ မီးရှို့ထားသလို အချို့က လက်နက်များ ကိုင်ဆောင်ထားသည်ဟု မျက်မြင် သက်သေများက ဆိုသည်။

      တနင်္လာနေ့ နှောင်းပိုင်းကမူ နောက်ဆုံး အကြမ်းဖက်မှု အပြီး ပထမဆုံးအကြိမ်ဟု ယုံကြည်ရသော တိုက်ရိုက် ဆွေးနွေးမှုကို နှစ်ဖက် တာဝန်ရှိသူများ ပြုလုပ်ခဲ့ကြသည်။

      ရှပ်နီ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူးက ဖုန်းဖြင့် ဆက်သွယ်၍ အပစ်ရပ်ရန် တောင်းဆိုခဲ့သည်ဟု အစိုးရ ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ ကော်ဆက်ဆာဘားဗာဆူးက ပြောကြားသည်။

      သို့ရာတွင် သဘောတူညီချက် မရရှိခဲ့ဟု မစ္စတာကော်ဆက်က အေပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။

      တနင်္လာနေ့က ချင်းမိုင်တွင် စစ်ကားတစ်စီးကို မီးရှို့ခြင်း နှင့်အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း မြို့ ၂ မြို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲများ မြို့တော် ပြင်ပသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

      ဆန္ဒပြသူ အများစုမှာ ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အခိုင်အမာ ထောက်ခံနေဆဲ ဖြစ်သည့် နိုင်ငံ မြောက်ပိုင်းရှိ ဆင်းရဲသည့် ကျေးလက်ဒေသများမှ ရောက်လာကြခြင်း ဖြစ်သည်။

      ၂၀၀၈ ဒီဇင်ဘာလတွင် သက်ဆင် လိုလားသော အစိုးရကို အခြေခံ ဥပဒေ တရားရုံးက မဲလိမ်သည်ဟု စွပ်စွဲ၍ ဖြုတ်ချပြီးနောက် အာဏာ ရရှိလာသည့် လက်ရှိ အစိုးရသည် ဥပဒေအရ တရားမဝင်ဟု ဆန္ဒပြသူများက ပြောဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment