Transparency Myanmar

transparency.myanmar@gmail.com

 

အငြင်းပွားစရာများ ပြည့်နှက်နေသော မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲအပေါ် ယုံကြည် စိတ်ချရမှုများ ဖြစ်ပေါ်စေရန် အလို့ငှာ မြန်မာရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို ဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂက မြန်မာစစ်အစိုးရကို ဆက်လက် တိုက်တွန်း သွားမည်ဟု သိရသည်။

မေလ ၁၃ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ၏ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အမျိုးသား ဒီမိုကရေစီပါတီ (NLD) က ဆုံးဖြတ်ခဲ့သည့် ကိစ္စအပေါ် ကုလသမဂ္ဂက နှုတ်ဆိတ်နေခဲ့ခြင်းမှာ NLD ပါတီအပေါ် လေးစားသမှု ပြုသည့် အမှတ်သင်္ကေတပင် ဖြစ်ကြောင်း ပြောဆိုသည်။

နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စကို လေးစား အသိအမှတ်ပြုသည့် သဘောမျိုးကို ကုလသမဂ္ဂက ထုတ်ဖော်ပြသသည့် အနေဖြင့် နှုတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် NLD မှာ မေလ ၆ ရက်နေ့တွင် တရားဝင်ပါတီအဖြစ်မှ ပယ်ပျက် သွားခဲ့သည်။ လက်ရှိအနေအထားတွင် စစ်အစိုးရ၏ ပြောဆို ထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့် ပြုမည်မဟုတ်ပေ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍  အတွေ့အကြုံများစွာ ရှိကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ မလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာစစ်အစိုးရက နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့် မပြုသည့် ကိစ္စနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။ ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်းအနားတွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသွင်ကူးပြောင်းရေး ကာလများအတွင်း နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သော နိုင်ငံကြီးများသည် ၎င်းတို့၏  အကျိုးအမြတ်အတွက် ဝင်ရောက်ခြယ်လှယ်လေ့ရှိသည်။ သို့အတွက်ကြောင့် အင်အားကြီး ပါဝါများအပေါ် မှီခိုမှုမပြုရန် အထူးပင် လိုအပ်သည် ဟု ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ယခုအခါ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၏ နောက်ခံ သမိုင်းကြောင်းကို အနည်းငယ်သာ သိရှိကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးမှာ ယခင် ဗဟိုတရားရုံးချုပ်မှ ဒုတိယ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စစ်ဘက်ရေးရာ တရားရုံး၏ ရှေ့နေချုပ်လည်း ဖြစ်ခဲ့ဖူးသည်။ မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာ Larry Jagan က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ တပ်မတော်အရာရှိကြီးများ၊ ဥပဒေအရာရှိကြီးများ၊ ပေါမောက္ခကြီးများ အငြိမ်းစား သံအမတ်ကြီးများ ဖြစ်ကြောင်း DVB သတင်းဌာနသို့ ဟြေကြားသည်။

ယခုရက်ပိုင်း အတွင်းမှာပင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က မြန်မာနိုင်ငံ ရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ သွားရောက်သင့်၊ မသင့် ဟူသောကိစ္စကို မေးခွန်းထုတ် ပြောဆိုဝေဖန်ခဲ့သေးသည်။

"ဒီရွေးကောက်ပွဲဟာ စစ်အစိုးရအကွက်ဆင်ထားတဲ့ ဟာသဇာတ်လမ်းကြီးတစ်ခုပါပဲ။ အဲဒါကို ဘာကြောင့် ဒုက္ခရောက်ခံပြီး စောင့်ကြည့်လေ့လာရေး အဖွဲ့တွေစေလွှတ်ဦး မှာလဲ။ ဒါကြီးက ဂိမ်းတစ်ခုပဲ။ ကလေးတွေကစားတဲ့ဂိမ်းတစ်ခုလိုပါပဲ" ဟု ၎င်းက ဟြေဆိုဝေဖန်သည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment