Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်နေသည် ဟူသော စွပ်စွဲချက်များ ပါသော သုံးသပ်ချက် အစီရင်ခံစာသည် မှန်ကန်မှု မရှိကြောင်း စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်သည်။ သို့သော် နျူကလီယာ ကျွမ်းကျင်သူများက စစ်အာဏာရှင်စနစ် အုပ်ချုပ်သော မြန်မာနိုင်ငံသည် နျူကလီယာဆိုင်ရာ ပစ္စည်းများ ဝယ်ယူလျက်ရှိသော သံသယဖြစ်ဖွယ် အထောက်အထားများ တွေ့ရှိရကြောင်း ပြောကြားသည်။

စင်ကာပူ နိုင်ငံတွင် ဇွန်လ ၆ ရက်နေ့က ရှန်ဂရီလာ ဒိုင်ယာလော့ခ် အမည်ဖြင့် ပြုလုပ်သော လုံခြုံရေး ညီလာခံ၌ မြန်မာ သံအမတ်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံတွင် နျူကလီယာ အစီစဉ်တစ်ရပ် တိတ်တဆိတ် အကောင်အထည် ဖော်နေသည် ဟူသော သတင်း ပေးပို့ချက်များသည် မှန်ကန်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

"အဲဒီ သတင်း ပေးပို့ချက်ဟာ ကျွန်တော်တို့ နိုင်ငံကို လုပ်ကြံ စွပ်စွဲမှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က နျူကလီယာ ဗုံးတွေ ဘယ်လို ထုတ်လုပ်ရတယ် ဆိုတာကို သိရင်တောင်မှ ကျွန်တော်တို့မှာ အခြေခံ အဆောက်အအုံနဲ့ နည်းပညာတွေ လိုအပ်ပါမယ်" ဟု သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိလာသော သတင်း ပေးပို့ချက်များအရ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံတွင် နျူကလီယာ တီထွင် ထုတ်လုပ်နိုင်ရန် အကူအညီ ပေးလျက် ရှိသည်ဟု သိရသည်။

"တချို့ လူ့အသိုင်းအဝိုင်းတွေနဲ့ အဖွဲ့အစည်းတွေက ကျွန်တော်တို့ နိုင်ငံကို ပုံစံတစ်ခုထဲ ဝင်အောင် သွတ်သွင်းကြပါတယ်" ဟု သံအမတ်ကြီးက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (Democratic Voice of Burma)က အစီရင်ခံချက် တစ်ရပ်ကို ထုတ်လွှင့်ခဲ့သည်။ ယင်း အစီရင်ခံချက်တွင် မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို လျှို့ဝှက်စွာ လုပ်ကိုင် ဆောင်ရွက်နေကြောင်း၊ နျူကလီယာဗုံး တီထွင်ရန် ဦးတည်ချက် ရှိကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူ စစ်ဘက် အရာရှိ တစ်ဦးသည် အဆိုပါ အစီအစဉ်တွင် ပါဝင် ပတ်သက်ခဲ့ပြီး ၎င်းက နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော အရေးကြီးသော စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ထုတ်ယူလာခြင်း ဖြစ်သည်။ ဓာတ်ပုံများမှာ ယူရေနီယံ စမ်းသပ် ထုတ်လုပ်မှုများနှင့် နျူကလီယာ ဓာတ်ပေါင်းဖို စက်ရုံ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို ရိုက်ကူးထားပုံများ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် နျူကလီယာ လက်နက် တပ်ဆင်နိုင်သည့် အဆင့်နှင့် အလှမ်းဝေးနေဆဲ ဖြစ်ကြောင်း အစီရင်ခံချက်က ဆိုသည်။

အဆိုပါ နျူကလီယာ သတင်း ပေးပို့ချက်ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသူ အမေရိကန် ဆီနိတ်တာ Jim Webb က ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများကို မြန်မာနိုင်ငံက ရယူနေသည့် ကိစ္စနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ် ပူပန်မိကြောင်း၊ ယင်းကိစ္စသည် အမေရိကန် ပြည်ထောင်စု မဟာမိတ်များကို ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း ဝါရှင်တန် အစိုးရ၏ သဘောထားကို ထုတ်ဖော် ပြောဆိုထားသည်။

အဆိုပါ နျူကလီယာ စွပ်စွဲ ပြောဆိုချက်များကြောင့် စိုးရိမ် ပူပန်မှုများနှင့် မေးခွန်း မြောက်မြားစွာကို ဖြစ်ပေါ်စေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။

မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ နိုင်ငံတကာ အင်စတီကျု (IISS) မှ Senior Fellow တစ်ဦး ဖြစ်သူ Mark Fitzpatrick က မြန်မာနိုင်ငံနှင့် ပတ်သက်သော နောက်ဆုံး ဖြစ်ရပ်များကို လုံခြုံရေး ကွန်ဖရင့်၏ တံခါးပိတ် ဆွေးနွေးမှု အချိန်၌ ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားသည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံက လုံးလုံးလျားလျား မဟုတ်မမှန်ကြောင်း ငြင်းပယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် မြန်မာနိုင်ငံသည် ခေတ်မီ ဆန်းပြား ရှုပ်ထွေးသော စက်ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း၊ ယင်း စက်ပစ္စည်းများသည် ဒုံးကျည် အစိတ်အပိုင်းများ သို့မဟုတ် နျူကလီယာ စွမ်းအင်များ သို့မဟုတ် နျူကလီယာ လက်နက်များ တီထွင် ထုတ်လုပ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

"မေးရမယ့် မေးခွန်းတစ်ခုက အဲဒီ စက်ပစ္စည်းတွေ ဝယ်ယူရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ ဆိုတာပါ" ဟုလည်း ဆက်လက် ပြောသည်။

အဆိုပါ လုံခြုံရေး ဖိုရမ်သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အေးမြင့် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သံအမတ်ကြီး ဦးဝင်းမြင့်ကို မေးမြန်းရာ ကွန်ဖရင့် ကျင်းပချိန်နှင့် မြန်မာနိုင်ငံသို့ တရုတ် ဝန်ကြီးချုပ် လာရောက် လည်ပတ်ချိန်နှင့် တစ်ချိန်တည်း ဖြစ်နေသောကြောင့် ကာကွယ်ရေး ဒုတိယ ဝန်ကြီး အနေနှင့် ကွန်ဖရင့် တက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဖြေကြားသည်။

Asiaone ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment