Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်တပ်တွင် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးဟောင်းတစ်ဦး ပေးသော သတင်း အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားသော အစီရင်ခံစာ တစ်ရပ်အရ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် နျူကလီယာ လက်နက် တီထွင် ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။

နျူကလီယာ နည်းပညာ ကျွမ်းကျင်သူ ပညာရှင်များက မြန်မာ စစ်အစိုးရ၏ နျူကလီယာ အစီအစဉ်သည် ရှေးကျလွန်းပြီး ညံ့ဖျင်းလွန်းကြောင်း ပြောကြားသည်။

ယင်းအစီရင်ခံချက်ကို ပြည်ပြေးမီဒီယာ အုပ်စု ဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က တာဝန်ပေး လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ် အောင်မြင်မှု မရရှိသေးသည့်တိုင် မြန်မာ စစ်အစိုးရတွင် နျူကလီယာ ဦးတည်ချက် ရှိသည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်ဟု အဆိုပါ အစီရင်ခံချက်က ဆိုသည်။

"နိဂုံးချုပ် ပြောလိုသည်မှာ ယင်းနည်းပညာသည် နျူကလီယာ လက်နက် တီထွင် ထုတ်လုပ်ရန် အတွက်သာ ဖြစ်ပြီး အရပ်ဘက်သုံး သို့မဟုတ် နျူကလီယာ စွမ်းအား ထုတ်လုပ်ရေးအတွက် အသုံးပြုရန် မဟုတ်ပေ" ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) တွင် နျူကလီယာ စစ်ဆေးသူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော Robert Kelley က အစီရင်ခံစာတွင် ပါဝင်သော ပစ္စည်း ကိရိယာ ဓာတ်ပုံများကို အသေအချာ ဆန်းစစ် ကြည့်ရှုပြီးကြောင်း ဆိုသည်။

ယင်းစက်ပစ္စည်း ကိရိယာများသည် ယူရေနီယံ သန့်စင်ရာတွင် လိုအပ်မည့် ဓာတုပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း၊ ယူရေနီယံ သတ္တုနှင့် သန့်စင်မှုအတွက် လိုအပ်သော ယူရေနီယံ ဟီဇာဖလိုရိုက် ဒြပ်ပေါင်း ထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။

"လက်နက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေတော့ အသေအချာ မတွေ့ရပါဘူး" ဟု မစ္စတာ Robert Kelley က ပြောသည်။ "အစိတ်အပိုင်းတွေကို ကြည့်ရတာ ရှေ့ပြေးပုံစံငယ်လိုမျိုးတွေ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။

DVB ၏ ဒုတိယ ဒါရိုက်တာ ဦးခင်မောင်ဝင်းက "ဒီလေ့လာ တွေ့ရှိချက်တွေအရ စက်ရုံတွေက စတင်လည်ပတ်ရုံတင် ရှိပါသေးတယ်။ စစ်အစိုးရအနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ်ဖို့ အများကြီး လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ နည်းပညာတွေက ရှေးရိုးဆန်လွန်းပြီး
ညံ့ဖျင်းလွန်းလို့ပဲ ဖြစ်ပါတယ်" ဟု တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခန်းတွင် ပြောကြားသည်။

"ဒါပေမဲ့ သူတို့ဟာ နျူကလီယာ ပန်းတိုင်ကို ရောက်အောင် လုပ်ဆောင်နေကြပါတယ်" ဟု `၎င်းက ဆက်လက် ပြောဆိုသည်။ အဆိုပါ သတင်း ထွက်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော အမေရိကန် ဆီနိတ်တာ Jim Webb က ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

မစ္စတာ Jim Webb က အဆိုပါ သတင်း ခြေခြေမြစ်မြစ်ရှိ၊ မရှိ ဟူသော ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောဆိုသည်။ မည်သို့ပင်ဆိုစေ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲသည်ဟု ပြောကြားထားသည်။ မြောက်ကိုရီးယားမှ လက်နက်များ တင်ဆောင်လာသည့် သင်္ဘောနှင့် ပတ်သက်၍ မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကို ညွှန်းဆိုကာ ယင်းသို့ စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ John R Bolton ဆိုသူက "မြန်မာ နျူကလီယာ အစီအစဉ် ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ပူပန်သောက ရောက်နေခဲ့တာ အချိန် ကြာပါပြီ" ဟု ပြောကြားသည်။

Washington Times သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment