Transparency Myanmar

transparency.myanmar@gmail.com

Business Mirror, 8th June 2010

ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းရမှတ် ဇယား GPI တွင် ယခင်နှစ်က ၀.၂၄၇ % ကျဆင်းခဲ့ရာမှ ယခုနှစ် ၂.၅၇၄ % အထိ ကျဆင်းခဲ့သော ဖိလစ်ပိုင်နိုင်ငံသည် အကြမ်းဖက်မှု ကြီးထွားလာသော ၅ နိုင်ငံ စာရင်းတွင် ပါဝင်လာခဲ့သည်ဟု Institute of Economics and Peace (IEP) ၏ လတ်တလော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၀၇ မှစ၍ ဖိလစ်ပိုင် နိုင်ငံ၏ ငြိမ်းချမ်းရေး ပြည့်ဝမှု ကျဆင်းခဲ့သည်မှာ ၁၂.၁၈ % ခန့် ရှိပြီ ဖြစ်သည်။

၂၀၁၀ GPI  ညွှန်းကိန်း ကျဆင်းခဲ့သော နိုင်ငံများတွင် အမြင့်ဆုံးမှ ရပ်တည်နေသော ဆိုက်ပရပ်စ်၊ ရုရှား၊ ဂျော်ဂျီယာ၊ ဆီးရီးယား နိုင်ငံများသို့ ဖိလစ်ပိုင် ပူးပေါင်း ပါဝင်လာမှုကြောင့် အာရှဒေသ၏ ညွှန်းကိန်းကိုပါ ဆွဲချခဲ့သလို နိုင်ငံ၏ အဆင့်မှာ ၁၀ ဆင့် ကျဆင်းကာ ယခုနှစ် အတွက် ၁၃၀ သို့ ရောက်ရှိသွားခဲ့သည်။

ကျွန်းစုနေရာ အနှံ့အပြားတွင် ဆိုးဝါးနေသော လုံခြုံရေး အနေအထား၊ ဆူလူကျွန်းစု၊ ဂျိုလိုကျွန်း ပေါ်တွင် အစ္စလာမ်မစ် အဘူဆေယက် အုပ်စု ASG နှင့် အစိုးရ အကြား ဖြစ်ပွားနေသော အကြမ်းဖက်မှု အကျပ်အတည်း စသည်တို့ကြားတွင် ဖိလစ်ပိုင်၏ (အကြမ်းဖက်) ရမှတ်များ သိသိသာသာ တက်လာခဲ့သည်ဟု IEP က တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။

ရုရှားနိုင်ငံသည်လည်း ဂျော်ဂျီယာနှင့် စစ်ဖြစ်ပွားမှု၊ အကြမ်းဖက် လှုပ်ရှားမှုများ ဖြစ်ပေါ်နေမှု၊ စီးပွားရေး အနေအထား ယိုယွင်းမှုကြောင့် နိုင်ငံအနှံ့ ဆန္ဒပြမှုများ ဖြစ်ပွားမှု စသည်တို့ကြောင့် ယခုနှစ် အတွက် ငြိမ်းချမ်းမှု အကျဆင်းဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အဖြစ် ပါဝင်လာခဲ့သည်ဟု အစီရင်ခံစာတွင် တင်ပြထားသည်။

တရုတ်နိုင်ငံသည်လည်း နိုင်ငံတွင်း ဒေသအချို့တွင် လုံခြုံမှု အခြေအနေ ပျက်ပြားခဲ့ရာ အထူးသဖြင့် ဇင်ဂျီယန်း ပြည်နယ်တွင် လူ့အဖွဲ့အစည်း လုံခြုံရေး အစီအစဉ်များစွာ ဆောင်ရွက်ခဲ့ရသည် အထိ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်း၏ ရမှတ်ညွှန်းကိန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။

မည်သို့ပင် ဖြစ်စေ လွန်ခဲ့သည့် ၄ နှစ် အတွင်း အာရှဒေသ၏ ငြိမ်းချမ်းမှု ညွှန်းကိန်းကို ၃.၅ % ကျဆင်းစေခဲ့သော နိုင်ငံများမှာ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ပါကစ္စတန်တို့ ဖြစ်ကြပြီး၊ တရုတ်နိုင်ငံ မပါဝင်ခဲ့ပါ။

လူ ၁၀၀,၀၀၀ တွင် ဖြစ်ပွားသော လူသတ်မှု အရေအတွက်၊ ပြည်တွင်းရေး ပြဿနာများမှ သေဆုံးမှု အရေအတွက်၊ ပြည်တွင်း၊ ပြည်ပ ပြဿနာ ဖြစ်ပွားမှု အရေအတွက် စသည်တို့ မြင့်တက်လာခြင်းကို အခြေခံပြီး ငြိမ်းချမ်းမှု ညွှန်းကိန်း ရမှတ်များ ကျဆင်းခြင်း ဖြစ်သည်။

အစ္စလာမ်မစ် သူပုန်ထမှုကို ဘေးဖယ်ထားကာ ဖိလစ်ပိုင်တွင် ကွန်မြူနစ် လက်နက်ကိုင်များနှင့် အစိုးရ တပ်ဖွဲ့များ အကြား ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည်မှာ အနှစ် ၃၀ ကျော်ခဲ့ပြီ ဖြစ်သည်။

ဂျပန်၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့၏ ငြိမ်းချမ်းရေး ပြည့်ဝမှုမှာ စစ်မှန်သော တိုးတက်မှုများ ရှိခဲ့သော်လည်း အထက် ဖော်ပြပါ ၅ နိုင်ငံ၏ ကြီးမားသော ကျဆင်းမှုက ပို၍ အလေးသာ နေခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

အကြမ်းဖက် ဖြစ်ရပ် ကင်းစင်မှုကို ပြသသည့် GPI အဆင့်သည် ပြည်တွင်း၊ ပြည်ပ အကြောင်းရပ်များကို ပူးတွဲ တိုင်းတာသော စနစ်ကို အသုံးပြုထားပြီး၊ ညွှန်းကိန်းကို ပါဝင် ဖွဲ့စည်းထားသည့် ရည်ညွှန်းချက် ၂၃ ခုတွင် စစ်ရေး အသုံးစရိတ်မှသည် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးအထိ ပါဝင်သော နိုင်ငံ အလိုက် အဆင့် သတ်မှတ်ချက်၊ လူ့အခွင့်အရေး လေးစားမှု အပေါ် အဆင့် သတ်မှတ်ချက် စသည်တို့ ပါဝင်သည်။

ကမ္ဘာကြီးသည် နှစ်နှစ် ဆက်တိုက် ငြိမ်းချမ်းရေး ပြည့်ဝမှု ကျဆင်းခဲ့သည်ဟု IEP က တင်ပြ သုံးသပ်ထားသည်။ ကမ္ဘာ့ စီးပွားရေး ဆက်တိုက် ကျဆင်းနေမှုနှင့်အတူ ယခုနှစ် အချက်အလက်များက ပြသနေသော ပြဿနာများ ပြင်းထန်လာမှု၊ မငြိမ်သက်မှု ကြီးထွားလာမှုများသည် ၂၀၀၈ မှ စတင်ခဲ့သည့် စီးပွားရေး ကျဆင်းမှုနှင့် ဆက်စပ်နေခဲ့ပြီး နိုင်ငံပေါင်း မြောက်မြားစွာတွင် လူသတ်မှုများ၊ အကြမ်းဖက် ဆန္ဒပြမှုများနှင့် ရာဇဝတ် မှုခင်းများ အပေါ် စိုးရွံ့မှုများ မြင့်တက်လျက် ရှိသည်ဟု အစီရင်ခံစာက ဖော်ထုတ် တင်ပြခဲ့သည်။

အကြမ်းဖက် ဖြစ်ရပ်များကြောင့် ကမ္ဘာ့စီးပွားရေးတွင် နှစ်စဉ် ဒေါ်လာ ၇ ထရီလီယံခန့် နစ်နာ ဆုံးရှုံးနေရသည်ဟု အစီရင်ခံစာတွင် မှတ်ချက် ပေးထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment