Transparency Myanmar

transparency.myanmar@gmail.com

The New York Times, By Aung Linn Htut, 18th June 2010

ယခုအချိန်သည် အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာပေါ်တွင် အကျင့်ပျက် ခြအစားဆုံး အစိုးရတို့၏ ဆက်ဆံရေးတွင် အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်အစိုးရသည် မြန်မာပြည်ကို ကိုယ်ပိုင် အပိုင်စား ခွင့်ပြုခဲ့သကဲ့သို့ တိုင်းပြည်မှ ရသမျှကို ခိုးယူနေသည်။

Obama အစိုးရသည် "လက်တွေ့ကျသော ဆက်ဆံရေး" ဟု အမည်တပ်ထားသော မဟာဗျူဟာကို ကျင့်သုံးရန် ကြိုးစားခဲ့သည်။ ပြည်တွင်းရော၊ နိုင်ငံခြားတွင်ပါ ပြဿနာများ အတွက် ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ကြားနေချိန်တွင် အမေရိကန်သည် ၎င်း၏ နေရာကို ပြန်လည် စဉ်းစားရန် လိုအပ်သည်။ ဝါရှင်တန် အနေဖြင့် မသိလိုက် မသိဘာသာ စစ်ခေါင်းဆောင်များ အပေါ် ရပ်တည်ချက် ပျော့ပြောင်း သွားမိမည်ကို စိုးရိမ်ရသည်။ နောက်တစ်ချက်မှာ အမေရိကန် အနေဖြင့် စစ်အစိုးရ၏ နျူကလီယာ ရည်မှန်းချက်များကို အလေးအနက်ထား ထည့်သွင်း စဉ်းစား သင့်လှပေသည်။

သမိုင်း အဆက်ဆက် မြန်မာ အစိုးရသည် အမေရိကန်ကို မယုံသည့် သဘော ရှိသည်။ ကျွန်တော်သည် ထိုအကြောင်းကို ကောင်းကောင်း သိသည်။ ကျွန်တော်သည် အမေရိကန်သို့ ၂၀၀၅ ခုနှစ်တွင် ထွက်မပြေးမီက မြန်မာနိုင်ငံရှိ စစ်ရုံးတွင် ထောက်လှမ်းရေး အရာရှိ လုပ်ခဲ့ဖူးသည်။ ဝါရှင်တန်ရှိ မြန်မာ သံရုံးတွင် ဒုတိယ ခေါင်းဆောင် အဖြစ်လည်း တာဝန် ထမ်းဆောင်ဖူးသည်။

၂၀၀၃ ခုနှစ် နွေဦးကာလက ဖြစ်သည်။ အမေရိကန် ဆီနိတ်တာ၏ အကြီးတန်း ဝန်ထမ်း အဖွဲ့ဝင် တစ်ဦးသည် သံအမတ်ကြီး ဦးလင်းမြိုင်နှင့် ကျွန်တော်တို့အား တွေ့ဆုံရန် ဝါရှင်တန်ရှိ မြန်မာ သံရုံးသို့ နှစ်ခေါက် လာခဲ့သည်။ တစ်ချိန်တည်း လိုလိုမှာပင် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် နယူးယောက်တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဦးတင်ဝင်းနှင့် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး လှမင်းတို့နှင့် တွေ့ဆုံခဲ့သည်။

အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ အနေဖြင့် သမ္မတ George W.Bush က သတ်မှတ်ထားသော မိစ္ဆာ ဝင်ရိုးစွန်းနိုင်ငံ သုံးနိုင်ငံမှ တစ်ခုဖြစ်သော မြောက်ကိုရီးယားနှင့် လျှို့ဝှက်စွာ ပြန်လည် ဆက်ဆံနေသည် ဆိုသော ကိစ္စနှင့် ပတ်သက်သော သတင်းများကို လာရောက် စစ်ဆေးကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၈၃ ခုနှစ်အထိ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများ ရှိခဲ့ပြီး၊ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်စဉ် မြောက်ကိုရီးယားက လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားမှု အပြီးတွင် နှစ်နိုင်ငံ ဆက်ဆံရေး ရပ်ဆိုင်း သွားခဲ့သည်။ အဆိုပါ လုပ်ကြံမှုကြောင့် သမ္မတ ချန်ဒူးဝှန် ထိခိုက်မှု မရှိသော်လည်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများ အပါအဝင် တောင်ကိုရီးယား ၁၇ ဦး သေဆုံးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိမိတို့အား အမေရိကန်ကို ညာပြောရန် ညွှန်ကြားခဲ့သည်။ ကျွန်တော်တို့ကလည်း သူခိုင်းသည့် အတိုင်း ညာခဲ့ရသည်။ ကျွန်တော်တို့သည် ပြုံးယမ်းနှင့် ပြန်လည် ဆက်ဆံနေသည် ဟူသော ကောလာဟလနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံရေး အတိုက်အခံကို အပြစ်တင်ခဲ့သည်။ အမေရိကန်ကလည်း သက်သေပြရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင်အား အဆိုပါ သတင်းနှင့် ပတ်သက်၍ ငြင်းဆိုသည့် စာတစ်စောင်ကို နိုင်ငံခြားရေး ဝန်ကြီး Colin Powell သို့ ရေးရန် ညွှန်ကြားခဲ့သည်။ ဗြိတိသျှ အစိုးရက အမှန်ကို သိသည်။ ထို့ကြောင့် ရန်ကုန်ရှိ ဗြိတိသျှ သံအမတ်ကြီးက ဦးဝင်းအောင်အား လူလိမ်လူညာ အဖြစ် သမုတ်ခဲ့သည်။

မြန်မာနိုင်ငံသည် အဘယ်ကြောင့် မြောက်ကိုရီးယားနှင့် ပြန်လည် ဆက်သွယ်ရသနည်းဆိုလျှင် စစ်အစိုးရ သက်ဆိုးရှည်စေရေး အတွက်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ အရေးအခင်း ပြီးနောက် ရိုးရိုးလက်နက် ထုတ်လုပ်သော နိုင်ငံခြားနှင့် ဖက်စပ်လုပ်ငန်းများ ပျက်သွားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ခုနှစ် ၎င်းအာဏာ ရလာသောအခါ မြောက်ကိုရီးယားနှင့် လျှို့ဝှက်စွာ ပြန်လည် ဆက်ဆံခဲ့သည်။

ထိုအချိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုများကလည်း အထွဋ်အထိပ် ရောက်နေချိန် ဖြစ်၍၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမေရိကန်နှင့် အိန္ဒိယတို့က တိုက်ခိုက်လာနိုင်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။ ၎င်းသည် ပိုမို အင်အားကောင်းသော စစ်တပ်ကို လိုချင်ခဲ့သည်။ ခေတ်မှီ လက်နက်များ အလိုရှိသည်။ နျူကလီယာ လက်နက်ကိုပင် လိုချင်ခဲ့သည်။ မြန်မာ ပြည်သူများ မည်မျှလောက် မွဲနေပါစေ၊ ၎င်းက ဂရုမစိုက်ပေ။

၎င်းသည် ပြုံးယမ်းနှင့် လျှို့ဝှက်စွာ အဆက်အသွယ် ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား လက်နက် ကျွမ်းကျင်သူ တောင်ကိုရီးယား စီးပွားရေးသမားများ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့သည်။ ကျွန်တော်သည် ထိုဧည့်သည်များကို အမှတ်ရနေသေးသည်။ ၎င်းတို့ကို ရန်ကုန် လေဆိပ်တွင် အထူး ဧည့်ခံခဲ့သည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ရောင်းချထားသဖြင့် မြောက်ကိုရီးယားကို ဒုံးကျည် နည်းပညာ အတွက် ငွေကောင်းကောင်း ပေးနိုင်သည်။

ဗိုလ်ချုပ်များက ထင်မြင်နေသည်မှာ ဒုံးကျည် ထိပ်ဖူးတွင် နျူကလီယာ တပ်ဆင်နိုင်ခဲ့ပါက အမေရိကန် အပါအဝင် အခြား အင်အားကြီး နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ အပေါ် သြဇာလွှမ်းမိုးမှု လျော့ကျပြီး မတိုက်ခိုက်ရဲတော့ဟု တွေးထင်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်သွယ်နေသည်များကို ဖုံးကွယ်ထားလိုခြင်းမှာ၊ ၎င်းနိုင်ငံ၏ သဘာဝ သယံဇာတများကို ခိုးယူနေသည့် ဖြစ်စဉ်တွင် ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နေသောကြောင့် ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်များသည် မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချရ၍သော် လည်းကောင်း၊ လိုအပ်ချက်အရ လည်းကောင်း၊ မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ထူထောင်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ဒုံးကျည် ထုတ်လုပ်ရေးနှင့် ဓာတု လက်နက် ထုတ်လုပ်ရေးကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ စစ်တပ်၏ စီးပွားရေး လက်တံတစ်ခု ဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင်၏ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အေးသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အဓိက ပုဂ္ဂိုလ် ဖြစ်သည်။

ယမန်နှစ်က ပေါက်ကြားခဲ့သော သတင်းအရ အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်းသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ပြုံးယမ်းသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။ ၎င်းသည် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘော တူညီချက်အရ ဒုံးကျည်များ၊ လေယာဉ်များနှင့် သင်္ဘောပင်လျှင် ဖွက်နိုင်သော ဂူများ၊ ဥမင်လိုဏ်များ ဆောက်လုပ်ရာတွင် မြောက်ကိုရီးယားထံမှ အကူအညီ ရရှိမည် ဖြစ်သည်။

အဆိုပါ သတင်းများသည် မြန်မာ စစ်တပ် တာဝန်ရှိသူများထံမှ ပေါက်ကြားခြင်း ဖြစ်ပြီး၊ အဆိုပါ အရေးကြီးသော ကိစ္စရပ်များ လုပ်ကိုင်မှုများသည် သန်းရွှေ၏ အာဏာရူးမှုကို ပြသည့်နည်းတူ အစိုးရအတွင်း ဆန့်ကျင်သူများ ရှိနေသည်ကိုလည်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

ယခု "လက်တွေ့ကျသော ဆက်ဆံရေး" ကြောင့် ဝါရှင်တန်၏ မြန်မာ အစိုးရအား ခိုင်မာစွာ အတိုက်အခံ ပြုနေမှု အပေါ်အားနည်း မသွားစေသင့်ပေ။

အမေရိကန်နှင့် အခြားနိုင်ငံများသည် သန်းရွှေနှင့် ၎င်း၏ အစိုးရ အဖွဲ့၏ တရားဝင်မှုကို မေးခွန်း ဆက်ထုတ်သင့်သည်။ ယခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတ စေရမည် ဟူသော သန်းရွှေ၏ ကတိပြုမှုကို မယုံကြည်သင့်ပေ။

တစ်ကမ္ဘာလုံး၏ စုစည်း ညီညွတ်သော ဖိအားသည်သာ အလိမ်အညာ ထိပ်ခေါင်နှင့် ဆက်ဆံရာတွင် ထိရောက်လိမ့်မည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment