Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 21th June 2010

မြောက်ကိုရီးယားက နျူကလီယာ နည်းပညာ တိုးတက်မှုကို ရရှိ အောင်မြင်ခဲ့သည်ဟု ယခင်လက ကြွေးကြော်ခဲ့ပြီးနောက် ရက်အတန်ကြာတွင် ကိုရီးယား နှစ်နိုင်ငံ နယ်စပ် အနီး၌ ပုံမှန် မဟုတ်သော ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ဖြာထွက်မှုကို ထောက်လှမ်း တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား သိပ္ပံနည်းပညာ ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဓာတ်ရောင်ခြည် ဖြာထွက်မှု၏ အကြောင်းရင်းကို မတွေ့ရှိခဲ့သော်လည်း ဖြစ်နိုင်ချေ ရှိသော မြောက်ကိုရီးယား၏ မြေအောက် နျူကလီယာ စမ်းသပ်မှုကိုမူ ဖယ်ထုတ်ခဲ့သည်။ အနုမြူ ပေါက်ကွဲမှု၏ နောက်တွင် လိုက်ပါလာရမည့် ပြင်းထန်သော မြေငလျင် လှုပ်မှု အထောက်အထားများ မရှိခြင်းကို ကိုးကား၍ ဖယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

မေလ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက ၎င်း၏ သိပ္ပံပညာရှင်များသည် ဟိုက်ဒရိုဂျင်ဗုံး ပြုလုပ်ရာတွင် လိုအပ်သော "နျူကလီယာ ခွဲဖြာမှု" နှင့်မတူဘဲ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်း အနည်းငယ်သာ ထွက်ရှိခြင်းကြောင့် တစ်ချိန်ချိန်တွင် အကန့်အသတ်မဲ့ သန့်စင်သော စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ဖွယ် ရှိသည်။

ယခုကဲ့သို့ တိုးတက် အောင်မြင်မှုကို မြောက်ကိုရီးယားက အမှန်တကယ် ပြုလုပ်နိုင်ခဲ့သည် ဆိုသော အချက်ကို တောင်ကိုရီးယား ကျွမ်းကျင်သူများက သံသယ ရှိနေသည်။ ကမ္ဘာတဝှမ်းမှ သိပ္ပံပညာရှင်များသည် အထက်ပါ ပေါင်းစပ် ဓာတ်ပြုမှုကို ဆယ်စုနှစ်ပေါင်း များစွာ လေ့လာ စမ်းသပ်ခဲ့ကြသော်လည်း သမားရိုးကျ မဟုတ်သော စွမ်းအင် အလားအလာကို ယခုတိုင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။

မည်သို့ပင် ဖြစ်စေ နျူကလီယာဗုံး ပေါက်ကွဲအပြီး ထုတ်လွှတ်မှု (သို့မဟုတ်) နျူကလီယာ ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွင် ထွက်ရှိသော ဇီနွန် ဓာတ်ငွေ့များ လေထုတွင်း စုဝေးနေမှုကို ကိုရီးယား နှစ်နိုင်ငံ နယ်စပ် တောင်ကိုရီးယား ဘက်တွင် တွေ့ရှိခဲ့ရာ ပုံမှန်ထက် ၈ ဆခန့် များပြားသည်ဟု တောင်ကိုရီးယား သိပ္ပံ ဝန်ကြီးဌာနက ဆိုသည်။

အကယ်၍ မြောက်ကိုရီးယားက နျူကလီယာ စမ်းသပ်မှု ပြုလုပ်ခဲ့သည် ဆိုပါက တွေ့ရှိရမည် ဖြစ်သော သဘာဝ မဟုတ်သည့် အင်အားပြင်း ငလျင် လက္ခဏာများကို တောင်ကိုရီးယားက ချက်ချင်း ရှာဖွေခဲ့သည်။ သို့သော်လည်း ကျွမ်းကျင်သူများသည် မြောက်ကိုရီးယားတွင် ငလျင်လှုပ်သည့် လက္ခဏာများ မတွေ့ရှိခဲ့ကြဟု ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

"မြေအောက် နျူကလီယာ စမ်းသပ်မှု ပြုလုပ်တဲ့ ဖြစ်နိုင်ချေ အထောက်အထားတွေ မရှိဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု၎င်းက ဆိုသည်။ ထောက်လှမ်း တွေ့ရှိသည့် ဓာတ်ငွေ့သည် အန္တရာယ် မရှိဟုလည်း သိရှိရသည်။

တောင်ကိုရီးယား၏ နေ့စဉ် စောင်ရေများ ချိုဆွန်းအီဘို သတင်းစာက ပုံမှန် မဟုတ်သော ရေဒီယို သတ္တိကြွမှုကို ကိုးကားကာ မြောက်ကိုရီးယားသည် အသေးစား နျူကလီယာ စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့ဖွယ် ရှိသည်ဟု တနင်္လာနေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်လိုက်ပြီး အတိအကျ စိစစ်နိုင်ခြင်း မရှိဟုလည်း အနုမြူ ကျွမ်းကျင် ပညာရှင်ကို ကိုးကား တင်ပြခဲ့သည်။

နျူကလီယာ ဓာတ်ပေါင်းဖို အတွင်း အလွန့်အလွန် မြင့်မားသော ဖိအားနှင့် အပူချိန်တွင် လည်းကောင်း၊ ထိုအခြေအနေတွင် သိပ္ပံပညာရှင်များက ယူရေနီယမ် အခြေခံသည့် ဗုံးကို ဖောက်ခွဲခြင်းဖြင့် လည်းကောင်း၊ ပေါင်းစပ် ဓာတ်ပြုမှု ဖြူးရှင်းကို စမ်းသပ်ရသည်ဟု တောင်ကိုရီးယား ကျန်ဟီးယူနီဗာ စီတီမှ နျူကလီယာ ပညာရှင် ဝှမ်ဂျူဟို က ပြောကြားသည်။

"မြေပြင် တိုင်းတာမှု လှိုင်းတွေ တွေ့ရှိခြင်း မရှိတဲ့ အတွက် မြောက်ကိုရီးယားက ဖောက်ခွဲမှု လုပ်ခဲ့တယ် ဆိုတဲ့ အချက်က သံသယ ရှိစရာပါ" ဟု ဝှမ်က ပြောကြားခဲ့သည်။

နျူကလီယာ လက်နက် ဒါဇင်ဝက်ခန့် အတွက် လိုအပ်သော ပလူတိုနီယမ် လုံလောက်စွာ ရှိသည်ဟု ယုံကြည်ရမည့် မြောက်ကိုရီးယား ၂၀၀၆ နှင့် ၂၀၀၉ တွင် မြေအောက် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ပြစ်တင် ရှုတ်ချမှုနှင့် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုတို့ကို ရင်ဆိုင်နေရသည်။

ရေတပ်သားများစွာ အသက်ဆုံးရှုံးခဲ့သည့် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယား တိုပီဒို တိုက်ခိုက်မှုဟု စွပ်စွဲ ပြစ်တင်ခဲ့ခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ လျင်မြန်စွာ ကြီးထွားနေစဉ် ရေဒီယို သတ္တိကြွမှု ထောက်လှမ်း တွေ့ရှိသည့် သတင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ နစ်မြုပ်မှု အတွက် ပြုံးယမ်းကို အရေးယူရန် ဆိုးလ်၏ တောင်းဆိုမှုကို ကုလ လုံခြုံရေး ကောင်စီက စဉ်းစား သုံးသပ်နေခြင်းကြောင့် မြောက်ကိုရီးယားက ၎င်းအပေါ် စွပ်စွဲမှုကို မျက်စိမှိတ် ငြင်းဆိုခဲ့ပြီး အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းသည် စစ်ပွဲကို အစပျိုးသလို ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။

ဇီနွန် ဓာတ်ငွေ့ တွေ့ရှိခဲ့ချိန်တွင် သိပ္ပံဝန်ကြီးဌာန အရာရှိက "မြောက်ဘက်ကတော့ တောင်ဘက်ကို လေနဲ့ ခြောက်နေပြီ" ဟု ပြောကြားလိုက်သည်။

သို့သော်လည်း အမည် မဖော်လိုသူ အရာရှိက ဌာနဆိုင်ရာ မူဝါဒကို ကိုးကား၍ ပြောကြားရာတွင် ဇီနွန် ဓာတ်ငွေ့သည် မြောက်ကိုရီးယား သာမကပဲ တရုတ် (သို့) ရုရှားနိုင်ငံမှလည်း လာနိုင်ဖွယ် ရှိကြောင်းနှင့် ဓာတ်ငွေ့များစွာ စုဝေးနေခြင်း၏ အကြောင်းရင်းကို သိရှိရန် တောင်ကိုရီးယား အနေဖြင့် မတတ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုရီးယား နျူကလီယာ ဓာတ်ငွေ့ပေး စက်ရုံများမှ ဇီနွန် ထွက်လာခြင်း ဖြစ်သည်ဟူသော အချက်မှာလည်း ဖြစ်နိုင်ချေ မရှိဟု ၎င်းအရာရှိက ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment