Transparency Myanmar

transparency.myanmar@gmail.com

CNN News, 1st July 2010

ပြီးခဲ့သော မတ်လ အတွင်းက တောင်ကိုရီးယား ရေတပ် သင်္ဘော နစ်မြုပ်ခဲ့မှုကို တောင်ကိုရီးယားနှင့် ပူးတွဲ စုံစမ်း စစ်ဆေးရန် မြောက်ကိုရီးယားက တောင်းဆိုခဲ့သော်လည်း ၎င်းအဆိုပြုချက်ကို ဆိုးလ်က အလျင်အမြန် ပယ်ချလိုက်သည်။

အငြင်းပွား ရေပြင်တွင် ချိုနန်သင်္ဘော နစ်မြုပ်ခဲ့သော မတ်လ ၂၆ ရက် ဖြစ်ရပ်အပေါ် အမေရိကန်-တောင်ကိုရီးယား၏ စုံစမ်းမှု ရလဒ်များကို ငြင်းပယ်ကြောင်း မြောက်ကိုရီးယား သံအမတ်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပေးစာတွင် ဖော်ပြခဲ့သည်။ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရသော သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယားတို့ ပစ်ခတ်သော တိုပီဒိုကြောင့် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားက ဘာမှပြုလုပ်ခဲ့ခြင်း မရှိဟု မြောက်ကိုရီးယား သံအမတ်ကြီး ဆင်ဆန်ဟိုက ပေးစာတွင် ငြင်းဆိုထားသည်။

မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင်၏ ကိုယ်ပိုင် စုံစမ်း စစ်ဆေးရေးအဖွဲ့ကို စေလွှတ်ရန် ဆင်ဆန်ဟိုက ကမ်းလှမ်းခဲ့သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းသည် အခင်းဖြစ်ရပ် အပေါ် ပူးတွဲ စုံစမ်းမှုကို အတူတကွ ပြုလုပ်သင့်သည်ဟု ၎င်းက တင်ပြခဲ့ပြီး၊ အဆိုပါ ပြဿနာ အပေါ် အဆင့်မြင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း အထက်ပါ တင်ပြချက်များကို တောင်ကိုရီးယား သံအမတ်ကြီး ပတ်အင်ကွတ်က အလျင်အမြန်ပင် ပယ်ချခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆောင်ရွက်ခဲ့သော စုံစမ်း စစ်ဆေးရေး ရလဒ်များ အပေါ် ယုံကြည်စိတ်ချမှု အပြည့်ရှိသည်ဟု ဖော်ပြထားသော ပေးစာကို ပတ်အင်ကွတ်က လုံခြုံရေးကောင်စီ ဥက္ကဌထံ ပေးပို့ခဲ့သည်။

မြောက်ကိုရီးယားတို့ ကမ်းလှမ်းသော အဆင့်မြင့် စစ်ဖက်ဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း 'ပတ်' က ပယ်ချခဲ့သည်။ ဆိုးလ်နှင့် ပြုံးယမ်းအကြား ဆွေးနွေးရေး လုပ်ငန်းစဉ်မှာ အချိန်နှောင်း လွန်မြောက်ခဲ့ပြီဟု ၎င်းက ပြောကြားခဲ့သည်။ အခင်းဖြစ်ရပ် အပေါ် အဆိုပါ နည်းလမ်းများဖြင့် ဆွေးနွေးရန် တောင်ကိုရီးယားက ၂ ကြိမ်တိုင်တိုင် စေတနာဖြင့် ကမ်းလှမ်းခဲ့သော်လည်း မြောက်ကိုရီးယားက ၂ ကြိမ်စလုံး ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ထို့အပြင် 'ပတ်' က ဆက်လက်၍ "ချိုနန် နစ်မြုပ်မှုသည် ၁၉၅၃ စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို ချိုးဖောက်လိုက်ခြင်း ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို မြောက်ကိုရီးယားက ခြိမ်းခြောက်နေသည်" ဟု ပြောကြားလိုက်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment