Transparency Myanmar

transparency.myanmar@gmail.com

Christian Science Monitor, 2nd July 2010

ပြင်ပကမ္ဘာနှင့် အဆက်ပြတ်လုနီးပါး၊ အိပ်ငိုက်နေသော မြန်မာကျေးရွာလေးတွင် ဆောက်လုပ်ရေး အဖွဲ့ကို တွေ့မြင်ခဲ့ရသည်မှာ လွန်ခဲ့သော ၆လက ဖြစ်သည်။ စွမ်းအင် ဆာလောင် မွတ်သိပ်နေသော မြို့တော်ဟောင်း ရန်ကုန် တည်ရှိရာ မြောက်ဖက်သို့ သွားရာလမ်းပေါ်ရှိ လယ်ကွင်းများ၏ အောက်သို့ ဆောက်လုပ်ရေးအဖွဲ့က အနက်ရောင် ပိုက်လိုင်းချနေသည်ကို ရွာသားများက စောင့်ကြည့်နေကြသည်။

တစ်ရက်လျှင် လျှပ်စစ်မီး ၆ နာရီ ရရှိ၍ ကံကောင်းသော အိမ်ထောင်စုများရှိရာ အကြီးဆုံး မြို့တော် (ရန်ကုန်) တွင် ချီးကျူးမှုခံယူရန် အဆိုပါ ပိုက်လိုင်းကို ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ရွာသားများ အတွက်မူ အကျိုးအမြတ် မရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။ ကျေးရွာရှိ အိမ်ဆိုင်လေးတွင် ကားဘက်ထရီ အဟောင်းနှင့် ချိတ်ဆက်ထားသည့် မီးသီးတစ်လုံးမှ အလင်းရောင်သာ ထွက်ပေါ်နေသည်။ အိမ်တွင် လျှပ်စစ်မီး ရရှိသူ တစ်ဦးမှ မရှိပါ။ "ဓါတ်ငွေ့က ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး'' ဟု လယ်သမား တစ်ဦးက ဆိုသည်။

သို့သော် ရွာသားများ ကံကောင်းခဲ့သည့် အချက်တစ်ခု ရှိသည်။ ပိုက်လိုင်းအတွက် လမ်းဖောက်ရန် လယ်ကွင်းများမှ ဖယ်ခိုင်းသည့်သူ တစ်ဦးမှ မရှိခြင်း ဖြစ်သည်။

လက်ရှိ အနောက်နိုင်ငံ ပိတ်ဆို့မှုများက ဟန့်တားနိုင်ခြင်း မရှိသော အာရှ ရေနံ ကုမ္ပဏီကြီးများကို ကြီးမားစွာ ဆွဲဆောင်နေသည့် စွမ်းအင်စီမံကိန်းများ အတွက် စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာတွင် မဆို အာဏာပိုင်များကို လယ်မြေများကို သိမ်းယူလျက် ရှိသည်။ ရေနံနှင့် ဓါတ်ငွေ့တွင်းများ စတင် ဖွင့်လှစ်သည်နှင့် ထွက်လာသော စွမ်းအင်ရင်းမြစ်များကို ချမ်းသာသော နိုင်ငံများသို့ တင်ပို့ ရောင်းချခဲ့ကြပြီး ပြည်တွင်းဒေသခံ ပြည်သူများမှာမူ လယ်မဲ့ယာမဲ့ ဘဝဖြင့် အမှောင်ထုထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်အတွက် သီးခြားပိုက်လိုင်းမှ ဓါတ်ငွေ့ ၃၀ % ရောင်းချပေးနေသော ပြင်သစ် Total နှင့် အမေရိကန် Chevron တို့လုပ်ကိုင်နေသည့် ဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များကို ယခု ရန်ကုန်သို့ သွယ်တန်းသည့် ပိုက်လိုင်းမှ တဆင့် မြန်မာပြည်သူများ ပိုမိုရရှိလာမည် ဖြစ်သည်။ Total နှင့် Chevron  သည် ဓါတ်ငွေ့များ တင်ပို့ရောင်းချမှု အတွက် သာမကပဲ ဒေါ်လာ ၁.၃ ဘီလီယံ ကုန်ကျသည့် ပိုက်လိုင်း တည်ဆောက်ရာတွင် လူ့အခွင့်အရး ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း မဆုတ်မနစ် စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ လူ့အခွင့်အရေး ညှဉ်းပန်းမှုများတွင် ကြံရာပါ အပြစ်စွပ်စွဲထားသော သီးခြား အမှုတိုင်းမှာ တရားလိုများအား တရားရုံး ပြေငြိမ်းမှုရရှိရန် ၂၀၀၅ ခုနှစ်အတွင်း ကုမ္ပဏီများက လျော်ကြေး အမြောက်အမြား ပေးခဲ့ရသည်။

သို့သော် အဆိုပါ စီမံကိန်းသည် လက်ရှိ ပိုက်လိုင်း စီမံကိန်းသစ်နှင့် နှိုင်းယှဉ်လျှင် ပြောပလောက်ဖွယ် မရှိကြောင်း၊ တရုတ် ပိုက်လိုင်းသစ်မှာ ယခင် ပိုက်လိုင်းများထက် ပို၍ အဆများစွာ ကြီးမားသလို ပို၍ စည်းမဲ့ကမ်းမဲ့၊ ဗရမ်းဗတာ ဖြစ်မည့် အလားအလာများရှိကြောင်း အမေရိကန်နှင့် ထိုင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

တရုတ်ပြည် တောင်ပိုင်းသို့ ရေနံစိမ်းနှင့် မြန်မာ သဘာဝဓါတ်ငွေ့ ပို့ဆောင်မည့် ပိုက်လိုင်း၂ခု စတင်ရာ ရခိုင်ပြည်နယ်မှ ရေနံတင် သင်္ဘောဆိပ်ကမ်းနှင့် ဓါတ်ငွေ့ ပို့လွှတ်မည့် စီမံကိန်းတွင် တရုတ်၊ တောင်ကိုးရီးယားနှင့် အိန္ဒိယ စွမ်းအင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံလျက် ရှိသည်။ ၎င်းပိုက်လိုင်း စီမံကိန်းကို ၂၀၀၉ တွင် တည်ဆောက်မှု စတင်ပြီး ၂၀၁၃တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

စီမံကိန်း လုပ်ငန်းများတွင် လယ်မြေများ ဆုံးရှုံးခဲ့သော မိသားစု ၁၀၀ ခန့်မှာ လျော်ကြေး အနည်းငယ်သာ ရရှိခဲ့ပြီး အချို့ လုံးဝ မရရှိခဲ့ကြ ဟု ပြောကြားသူမှာ ပိုက်လိုင်းစီမံကိန်း ဆန့်ကျင်ရေး ထိုင်းအခြေစိုက် " ရွှေဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ '' မှ ညှိနှိုင်းရေးမှူး ဝမ်အောင် ဖြစ်သည်။ ဤအစား ၎င်းတို့ ပြန်လည် အခြေချနိုင်မည့် အနီးအနား မြေလွတ်များကို ရှာဖွေနေကြရသည်ဟု ဆိုသည်။ ကုန်းပေါ် ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် နေထိုင်သူများစွာမှာ လယ်မြေ အသိမ်းခံရမည့် အန္တရာယ်၊ လုံခြုံရေးတပ်ဖွဲ့များ အဓမ္မ စေခိုင်းမည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရသည်ဟု ဝမ်အောင်က သတိပေး ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ပြည်သူတွေ အစစ်အမှန် ပါဝင်နိုင်တဲ့၊ ဒီမိုကရေစီ နည်းကျ တင်မြှောက်တဲ့ အစိုးရ ရှိလာတဲ့ အချိန်အထိ ကုမ္ပဏီတွေ အနေနဲ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ ထားစေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

တန်ဖိုး ကြီးမြင့်လွန်းသည့် ပိုက်လိုင်း

ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးကပ်သည့် ရွှေဓါတ်ငွေ့ စီမံကိန်းကို တောင်ကိုးရီးယား ဒေဝူး အင်တာနေရှင်နယ်က လုပ်ကိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်က တွေ့ရှိခဲ့သော ကြီးမားလှသည့် ကမ်းလွန် ဓါတ်ငွေ့သိုက်သည် အိန္ဒိယ အစိုးရကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းကာ ကိုယ်ပိုင် ပိုက်လိုင်း သွယ်တန်းရန် အဆိုပြုခဲ့ကြသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်သည် လုံခြုံစိတ်ချရသော လမ်းကြောင်းမဟုတ် ဟု စိုးရိမ်ပူပန်ခဲ့ကြသော အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်များကြောင့် အဆိုပါ အစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရသည်'' ဟု စီမံကိန်းကို လေ့လာနေသော လန်ဒန် Chatham House မှ တွဲဖက်ပါမေက္ခ Marie Lall က ပြောကြားသည်။

ဤသို့ အိန္ဒိယက တွေဝေနေချိန် ၂၀၀၇ တွင် တရုတ်နိုင်ငံက အမွှာ ပိုက်လိုင်း ၂ ခုကို အဆိုပြုကာ အခွင့်အလမ်းကို လက်မလွှတ်တမ်း "ထိုးသုတ်'' သွားခဲ့သည်။ ပထမ ပိုက်လိုင်းမှာ ဒေဝူး လုပ်ကွက်မှ ဓါတ်ငွေ့များ သယ်ယူရန် ဖြစ်သည်။ ဒုတိယ ပိုက်လိုင်းမှာမူ ရေယာဉ်ကြောညှပ် မလက္ကာ ရေလပ်ကြားကို ဖြတ်သန်းနေရသော အာဖရိကနှင့် အရှေ့ အလယ်ပိုင်းမှ ရေနံတင် သင်္ဘောများ သယ်ယူလာသည့် ရေနံစိမ်းများကို တစ်ရက်လျှင် စည်ပေါင်း ၄၄၂,၀၀၀ခန့် နှုန်းဖြင့်ပို့ဆောင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဘီဂျင်းသည် ၎င်း၏ မရှိမဖြစ် စွမ်းအင် ထောက်ပံ့မှု လမ်းကြောင်း အတွက် လျှော့ချလိုခြင်း ဖြစ်သည် ဟု လုံခြုံရေး အကဲခတ် လေ့လာသူများက ပြောကြားသည်။ အဆိုပါ ပိုက်လိုင်းများသည် လက်နက်ကိုင် သူပုန်များ ထိန်းချုပ်ရာနယ်မြေနှင့် တောင်တန်းဒေသများ အပါအဝင် မြန်မာပြည်အတွင်း မိုင် ၆၀၀ ခန့် ဖြတ်သန်းသွားမည် ဖြစ်သည်။ ၎င်းနှင့် ခြားနားစွာပင် Total ကမ်းလွန်ပိုက်လိုင်း၏ မြန်မာပြည်တွင်း အစိတ်အပိုင်းမှာ မိုင် ၄၀ ခန့်သာ ရှိသည်။

"တရုတ်နိုင်ငံက လုပ်ခဲ့ဖူးတဲ့ ပိုက်လိုင်းတွေထဲမှာ ဒီတစ်ခုက အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အများဆုံး ဖြစ်လာနိုင်ပါတယ်'' ဟု Lall က ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ အရှိန်မြင့်

လတ်တလော နှစ်များအတွင်း မြန်မာစစ်တပ် အစိုးရ ဋ္ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက အဓမ္မခိုင်းစေသော လုပ်သားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILOက မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။ လမ်းဖောက်လုပ်ခြင်း၊ ရေနံပိုက်လိုင်းသွယ်ခြင်း စသောကြီးမားသည့် အခြေခံ အဆောက်အဦး စီမံကိန်းများတွင် လုပ်ခ မပေးပဲ အတင်းအကျပ် ခိုင်းစေခြင်းကို ဒေသခံ နေထိုင်သူများ မကြာခဏ ရင်ဆိုင်ကြရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုသည်။

အဆိုပါ လူ့အခွင့်အရေး ညှဉ်းပန်းမှုမျိုးကို သည်းခံမည် မဟုတ်ကြောင်း ပိုက်လိုင်းလမ်းကြောင်း တလျှောက်ရှိ ဒေသခံ အာဏာပိုင်များနှင့် ဒေသခံပြည်သူများကို အသိပေးရန် အဆိုအား အဆိုပြု တင်ပြထားသည် ဟု မြန်မာနိုင်ငံမှ ILO အရာရှိ Steve Marshall ပြောကြားသည်။ ဓါတ်ငွေ့စီမံကိန်း အကောင်အထည် ဖော်သူ ဒေဝူးနှင့်လည်း အလုပ်သမား ကိစ္စများကို ဆွေးနွေးခဲ့သော်လည်း ၎င်းတို့ စီမံကိန်းအပေါ်တွင် တိုက်ရိုက် အကြံပေးမှု တစုံတရာ မပြုလုပ်ခဲ့ပါဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကို သပိတ်မှောက်ရန် ၁၉၉၀ ခုနှစ်အတွင်း Nike နှင့် Pepsi စသော အနောက်နိုင်ငံ နာမည်ကြီး တံဆိပ်များကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သော၊ နိုင်ငံအတွင်း လုပ်ကိုင်နေသော အနောက်ရေနံ ကုမ္ပဏီများ၏ ကျင့်ဝတ် အပေါ် မီးမောင်း ထိုးပြခဲ့ကြသော လူ့အခွင့်အရေး လှုပ်ရှားသူများ အတွက် ယခု အာရှ ရေနံ ကုမ္ပဏီများ၏ တက်သုတ်ရိုက်မှုက စိမ်ခေါ်မှု အသစ်များ ပေးနေသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသည် ယခု ပိုက်လိုင်း လုပ်ငန်းရှင် တရုတ်နိုင်ငံပိုင် CNPC ကော်ပိုရေးရှင်းကို ဟန့်တားနိုင်မည့် အလားအလာ မရှိပါ။

လူ့အခွင့်အရေး လှုပ်ရှားသူများက "စီမံကိန်း အတွင်း တာဝန်ယူရေးနှင့် သာမန်မြန်မာပြည်သူတို့၏ လူ့အခွင့်အရေးကို လေးစားရေးတို့နှင့် ပတ်သက်ပြီး တောင်းဆိုနိုင်ရန် အာရှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ ရင်းနှီးမြုပ်နှံသူများ၊ အခြား ရှယ်ယာရှင်များကို စည်းရုံး လှုံ့ဆော်နေသည်'' ဟု ပြောကြားသည်။

"ကုမ္ပဏီတွေ မှန်မှန်ကန်ကန် အလုပ်လုပ်လာစေမဲ့ နည်းလမ်းတွေ ကြံဆနေပါတယ်'' ဟု ဝါရှင်တန် အခြေစိုက် Earthrights International မှ ပြောရေးဆိုခွင့်ရှိသူ Matthew Smith က ပြောကြားသည်။ Earthrights International သည် မြန်မာနစ်နာသူများ ကိုယ်စား Total နှင့် Unocal ကို တရားစွဲခဲ့သည့် အဖွဲ့ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment