Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယား နိုင်ငံနှင့် တိုက်ရိုက် စစ်ရေး ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်လိုသည်ဟု အဆိုပြုလိုက်ပြီး ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယား စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရန် တောင်းဆိုမှုကို လက်သင့်ခံ ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂသို့ ပေးပို့သော စာတွင် "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်ကို မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လုံးဝကန့်ကွက်သည်" ဟု ရေးသားထားသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတိုဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အကဲဖြတ်ထားသည်။

အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံက ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အဆိုပါ ကိစ္စအတွက် မြောက်ကိုရီးယား အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ကာ စုံစမ်း စစ်ဆေးခွင့် ပြုရန်လည်း တောင်းဆိုထားသည်။

"ယခုကိစ္စအတွက် ကျိုးကြောင်းဆက်စပ်မှု ရှိသော ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု မိမိတို့ ရှုမြင်သည်။ သို့အတွက်ကြောင့် မြောက်နှင့်တောင် ကိုရီးယား နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး အမှန်တရားကို ဖော်ထုတ်ရန် လိုအပ်သည်" ဟု ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Sin Son Ho က ရေးသားဖော်ပြသည်။

ဇွန်လ နောက်ဆုံးပတ်တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အလုပ်အတူ ပူးတွဲ လုပ်ကိုင်ရန် မြောက်ကိုရီးယားက အဆိုပြုခဲ့သည်။

လက်ရှိ မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပြုချက်များအပေါ် လုံခြုံရေးကောင်စီ အနေဖြင့် အသိအမှတ်ပြု လက်ခံပေးရန် မစ္စတာ Sin Son Ho က တိုက်တွန်း ပြောဆိုထားသည်။ "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရာတွင် ဓမ္မဓိဋ္ဌာန် ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုသည်။ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့၏ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှု ရလဒ်ကို အသိအမှတ် မပြုမီ မြောက်ကိုရီးယား၏ အဆိုပြုချက်ကို အသိအမှတ် ပြုစေလိုသည်" ဟု သံအမတ်ကြီး Sin Son Ho က လုံခြုံရေးကောင်စီသို့ ပေးပို့သော စာတွင် ရေးသားဖော်ပြသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ တင်းမာမှုများ ဖြစ်ပေါ်နေစဉ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုသည် အလုံးစုံသော စစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည် ဟု ပြုံးယမ်းအစိုးရက သတိပေးမှုတစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် သံအမတ်ကြီး Sin Son Ho က ကုလ လုံခြုံရေးကောင်စီသို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် ချိုနန်စစ်သင်္ဘော နစ်မြုပ်သည့် ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ သို့သော် မည်သည့်နေ့တွင် လေ့ကျင့်မှု ပြုလုပ်မည် ဟူသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

တောင်ကိုရီးယား အစိုးရက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကို လက်တုံ့ပြန်မည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို လုံခြုံရေး ကောင်စီက ပြစ်တင် ရှုတ်ချပေးစေလိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မြောက်ကိုရီးယားက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့ပြီး အကယ်၍ လုံခြုံရေး ကောင်စီက ပြစ်တင် ဝေဖန်မှုများ ပြုလုပ်လာပါက မိမိတို့စစ်တပ်က တုံ့ပြန် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

မြောက်ကိုရီးယား နိုင်ငံအပေါ် လုံခြုံရေး ကောင်စီ၏ အရေးယူ ပြောဆိုမှုများ အားလုံးကို တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုခြင်း မရှိပေ။ ထို့အတူ အစဉ်အလာ မဟာမိတ် နိုင်ငံဖြစ်သော မြောက်ကိုရီးယားအပေါ် တရုတ်က ဝေဖန်ပြောဆိုမှု တစ်စုံတရာ မပြုလုပ်ပေ။

ကနေဒါနိုင်ငံတွင် ပြုလုပ်ခဲ့သော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တရုတ်နိုင်ငံသည် မဟာမိတ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယား၏ လက်ခံနိုင်စရာ မရှိသော လုပ်ရပ်ကို မသိကျိုးနွံ ပြုလုပ်ထားကြောင်း စွပ်စွဲပြောဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment