Transparency Myanmar

transparency.myanmar@gmail.com

AFP, 8th July 2010

အိန္ဒိယနိုင်ငံ၏ ကားရောင်းချမှုသည် ဇွန်လအတွင်း ယခင်နှစ်ကထက် ၃၀.၈ % မြင့်တက်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ စက်မှုကဏ္ဍ ခိုင်မာစွာ ကျယ်ပြန့်လာခြင်းကို ထင်ဟပ်နေခြင်း ဖြစ်ကြောင်း ကြာသပတေးက ထုတ်ပြန်သော သတင်း အချက်အလက်များက ပြသနေသည်။

Society of Indian Automobile Manufacturers SIAM က ထုတ်ပြန်သော အချက်အလက်များအရ ယခင်နှစ် ရောင်းချရမှု ကားစင်းရေ ၁၀၇၉၈၄ ကို ကျော်၍ ယခုနှစ် ဇွန်လ အတွင်း ကားစင်းရေ ၁၄၁၁၈၄ စင်းအထိ ရောင်းချခဲ့ရပြီး ကုန်တင်ကားနှင့် ဘတ်စကား ရောင်းချမှုမှာလည်း ၄၄ % တိုးကာ ၅၂၂၁၁ စင်း ရောင်းချရသည်ဟု သိရှိရသည်။

ကားမော်ဒယ် အသစ်များ၊ အစိုးရ၏ လှုံ့ဆော် အားထုတ်မှုများ၊ အထွေထွေ ဝင်ငွေ တိုးလာမှုများကြောင့် အာရှ၏ တတိယအကြီးဆုံး ကားဈေးကွက်တွင် လက်ရှိ လများ အတွင်း ကားရောင်းချမှု တိုးတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့် ၂၀၀၈ ခုနှစ်အတွင်း မော်တော်ကား ဝယ်လိုအား ကျဆင်းခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် အစိုးရက စီးပွားရေး ကဏ္ဍကို အထောက်အကူ ပေးရန်  လှုံ့ဆော်မှု ဆောင်ရွက်ချက်များတွင် စတင် လုပ်ဆောင်ခဲ့သည်။

လောင်စာဆီ ဈေးနှုန်း တက်လာခြင်း၊ အတိုးနှုန်း မြင့်မားလာသည့် အကျိုးဆက် အဖြစ် ချေးငွေဖြင့် ကားဝယ်ယူမှု စရိတ် ကြီးမြင့်လာခြင်း စသည်တို့ကြောင့် လာမည့်လများ အတွင်း ကားရောင်းချမှု ကျဆင်းသွားလိမ့်မည် ဟု အကဲခတ်များက ခန့်မှန်းနေကြသည်။

အာရှ၏ တတိယ အကြီးဆုံး အိန္ဒိယ စီးပွားရေးသည် ၂၀၁၀ မတ်လတွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေး နှစ်အတွင်း မျှော်လင့်ထားသည်ထက် ပို၍ ၇.၄ % အထိ ကောင်းမွန်စွာ တိုးတက်ခဲ့ခြင်းကြောင့် ၂၀၁၁ မတ်လတွင် ကုန်ဆုံးမည့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင်  ၈.၅ % တိုးတက်ရန် ခန့်မှန်းထားကြသည်။

အိန္ဒိယ ကားဈေးကွက်သည် လက်ရှိ ကားစင်းရေ ၂ သန်းမှ လာသည့် ဆယ်စုနှစ် အပြီးတွင် ၃ ဆ ပွားကာ စင်းရေ ၆ သန်း အထိ ရောက်ရှိရန် မျှော်မှန်းထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment