Transparency Myanmar

transparency.myanmar@gmail.com

AFP, 8th July 2010

ယခုနှစ် အစောပိုင်းတွင် တောင်ကိုးရီးယား စစ်သင်္ဘောကို နှစ်မြှုပ်ခဲ့သည့် တိုက်ခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်ခံ ဆုံးဖြတ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက် မူကြမ်းအရ သိရှိရသည်။

သောကြာနေ့တွင် လက်ခံ ဆုံးဖြတ်မည့် ကြေညာချက်တွင် "ပင်လယ်ဝါရှိ အငြင်းပွား ရေပြင် နယ်နိမိတ် အနီး ချိုနန် သင်္ဘောကို နစ်မြုပ်စေခဲ့သည့် တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချကြောင်း'' ဖော်ပြထားသည်။

"တောင်ကိုးရီးယား အပေါ် ဆက်လက် ရန်လို တိုက်ခိုက်မှုများကို တားဆီးရေး၏ အရေးကြီးပုံကို လုံခြုံရေး ကောင်စီက အလေးအနက် လက်ခံကြောင်းနှင့် တိုက်ခိုက် ခံရမှု ဖြစ်ရပ်အပြီး လပေါင်း အတန်ကြာ သည်းခံ ထိန်းချုပ်မှုကို ပြသခဲ့သည့် ဆိုးလ် အစိုးရကို ချီးကျူးး ဂုဏ်ပြုကြောင်း'' ဆက်လက် ဖော်ပြထားသည်။

သို့ရာတွင် မြောက်ကိုးရီးယား တိုပီဒိုကြောင့် သင်္ဘော နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည့် နိုင်ငံပေါင်းစုံ စစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်များ ရှိနေသည့်ကြားမှပင် ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည့် မတ်လ ၂၆ ရက် တိုက်ခိုက်မှု အတွက် ယခု ကြေညာချက်တွင် မြောက်ကိုးရီးယားကို တိုက်ရိုက် အပြစ်တင် စွပ်စွဲထားခြင်း မရှိပါ။

ဤအစား ချိုနန် နစ်မြှုပ်မှု အတွက် မြောက်ကိုးရီးယားတွင် တာဝန်ရှိကြောင်း ကောက်ချက် ချထားသည့် စုံစမ်း စစ်ဆေးမှု ရလဒ်များကို သုံးသပ်ရာတွင် လုံခြုံရေး ကောင်စီ အနေဖြင့် အထူးပင် စိုးရိမ် ပူပန်မိသည် ဟူ၍သာ ဖော်ပြထားသည်။

"လုံခြုံရေး ကောင်စီ အနေဖြင့် လူ့အသက်များ ဆုံးရှုံးပြီး ဒဏ်ရာများ ရရှိမှုအတွက် ဆိုးဝါးသော လုပ်ရပ် အဖြစ် ရှုတ်ချပြီး၊ ကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲပြီး၊ ကိုယ်ချင်းစာနာမှု ဖြစ်ရသည်။ ကိုးရီးယား ရီပတ်ပလစ် နိုင်ငံအစိုးရနှင့် ပြည်သူများနှင့်လည်း ထပ်တူ ဝမ်းနည်းရပါသည်။ အဆိုပါ အရေးကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးရေး အတွက် တာဝန်ရှိသူ အပေါ် သင့်လျော်သည့်၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေမည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုပါသည်'' ဟု မူကြမ်းတွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို လုံခြုံရေး ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှားတို့က အတည်ပြုပြီး ဖြစ်ရာ အဖွဲ့ဝင် (၁၅) ဦးပါ လုံခြုံရေး ကောင်စီ အနေဖြင့် တညီတညွတ်တည်း လက်ခံရတော့မည် ဖြစ်သည်။

ပြုံးယမ်းကမူ Chonan  စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ အဆက်မပြတ် ငြင်းဆိုနေဆဲ ဖြစ်သည်။

ကိုးရီးယား နှစ်နိုင်ငံမှာ ၁၉၅၃ ခုနှစ်က ဆက် မတိုက်ကြရန် သဘောတူပြီး ကိုးရီးယား စစ်ပွဲပြီး ကတည်းက အဆက်မပြတ် တင်းမာမှုများ ဖြစ်လျက် ရှိရာ ရာစုနှစ် တစ်ဝက်မျှ ရှိနေပြီ ဖြစ်သည်။ မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ မရှိခဲ့ခြင်းကြောင့် ဥပဒေကြောင်း အရဆိုလျှင် စစ်ပွဲမှာ အသက်ဝင်နေဆဲ ဖြစ်သည်။

Seoul က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြောက်ကိုးရီးယား အပေါ် ဝေဖန်မှု ပြုရန် ကြိုးစားခဲ့သည်။ သို့သော် ပြုံးယမ်းက ကုလသမဂ္ဂ၏ အရေးယူမှုများကို စစ်ရေးဖြင့် တုန့်ပြန်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment