Transparency Myanmar

transparency.myanmar@gmail.com

DVB, 15th July 2010

ယခင်လထုတ် Foreign Policy မဂ္ဂဇင်းက မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရောဘတ် မူဂါဘီနှင့် ကင်ဂျုံအီးတို့၏ နောက်တွင် ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် အဆင့် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ နိုင်ငံရေး အတိုက်အခံများကို ဖယ်ရှားရန်နှင့် တစ်ခါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား အုပ်စုများကို စစ်အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ သိမ်းသွင်းရန် စီမံကိန်း ချ၍ လုပ်ဆောင်ခဲ့သည်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရုံးတင် စစ်ဆေးရန် တောင်းဆိုသည့် အသံများ ကျယ်လောင်လာသော်လည်း ဗိုလ်ချုပ်မှူးကြီးကမူ ယခုနှစ်ကုန် ရွေးကောက်ပွဲများ ပြီးလျှင် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ တိုင်းပြည်ကို အာဏာဖြင့် ထိန်းကျောင်းရန် စီစဉ်နေပုံ ရသည်။ "Than Shwe: Unmasking Burma Tyrant" အတ္ထုပ္ပတ္တိသစ်ကို ရေးသားသူ Christian Solidarity World Wide မှ Benedict Rogers က "အကြောင်း အချက်ပေါင်း များစွာသည် အမှန်တကယ်၌ ဇင်ဘာတွေ၏ ရက်စက်သော မူဂါဘီထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပိုမို ဆိုးဝါးကြောင်းကို ပြသနေသည်" ဟု DVB သို့ ပြောကြားလိုက်သည်။

မေး     ။ ခင်ဗျား သန်းရွှေနဲ့ မဆုံဘူးဘဲနဲ့ ဒီလိုမျိုး အတ္ထုပ္ပတ္တိကို ဘယ်လိုများ ရေးခဲ့တာလဲ။

ဖြေ     ။ ဟုတ်ပါတယ်။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တာ အထင်အရှားပါပဲ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာဖွေရတာ အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အများကြီး ကူညီခဲ့တဲ့ အဓိက ဇစ်မြစ် ၃ ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်ပြေးတွေပါ။ တချို့က သူ့ဘဝ တလျှောက် ဖြတ်သန်းမှု အမျိုးမျိုးကို သိထားသူတွေ ဖြစ်လို့ သူ့ရဲ့ အတွင်းကျကျ ဇာတ်လမ်းတွေ အများကြီးကို ကျွန်တော့်ကို မျှဝေကြတယ်လေ။ ဒုတိယ တစ်ချက် အနေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတွေ၊ ကုလသမဂ္ဂ အထူး အရာရှိဟောင်း Razali Ismail နဲ့ ကုလသမဂ္ဂ အရာရှိတွေ အများကြီးကို အင်တာဗျူးခဲ့တာပါ။ တတိယ တစ်ချက်ကတော့ မြန်မာ အစိုးရ ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေ ဆီကနေ အကူအညီ အများကြီး ရခဲ့တာပါ။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းပေမယ့် မျှဝေစရာ သတင်းတွေ အများကြီး ရှိကြတယ်လေ။ ဒါကြောင့် တပ်ပြေးတွေ၊ သံတမန်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေဆီကနေ ကျွန်တော် အကူအညီ ရခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ အဓိက သတင်းရင်းမြစ်တွေပါ။

မေး     ။ ခင်ဗျား လေ့လာရေး သွားခဲ့တဲ့ နေရာတွေ အကြောင်း ပြောပါဦး။

ဖြေ     ။ ကျွန်တော့်ရဲ့ အလုပ်ဖြစ်တဲ့ Christian Solidarity Worldwide ရဲ့ တာဝန် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံကိုလည်း တစ်နည်းနည်းနဲ့ ပုံမှန် ရောက်လေ့ ရှိပါတယ်။ ဒီစာအုပ် အတွက် သုတေသန လုပ်တဲ့ အနေနဲ့ ကွဲပြားတဲ့ နယ်စပ်ဒေသတွေကို သွားခဲ့ပါတယ်။ ထိုင်းနယ်စပ်၊ အိန္ဒိယ နယ်စပ်၊ တရုတ် နယ်စပ်တွေ ဆီကိုပေါ့။ ပြီးတော့ ရန်ကုန်ကိုလည်း သွားခဲ့တယ်။ နေပြည်တော်ကို တစ်ရက် ခရီးသွားခဲ့လို့ ကြည့်ရှု လေ့လာဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ဒါ့အပြင် လူတွေနဲ့ အင်တာဗျူး လုပ်ဖို့ တခြား နေရာတွေကိုလည်း သွားခဲ့ပါတယ်။ မလေးရှားမှာ၊ ထိုင်းမှာ၊ ဂျပန်မှာ၊ အမေရိကန် ပြည်ထောင်စုမှာ၊ ဗြိတိန်မှာ လူတော်တော်များများနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဒီစာအုပ်ရေးဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ အသေအချာ ပြောရရင် ၁၄ လ၊ ၁၅ လ လောက် ရှိမှာပေါ့။

မေး     ။ တကယ်လို့များ သန်းရွှေနဲ့ တွေ့ဖို့ အခွင့်အရေး ရမယ်ဆိုရင် ဘာမေးမှာလဲ။

ဖြေ     ။ တကယ်လို့ သူ့ကို မေးခွန်းတစ်ခု မေးဖို့ အခွင့်အရေး ရမယ်ဆိုရင် "ဘာကြောင့်များ အစိုးရကို ဦးဆောင်ပြီး ကိုယ့်ပြည်သူတွေ အပေါ်မှာ ဒီလောက် များပြားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာလဲ" လို့ ကျွန်တော် သူ့ကို မေးမှာပါ။ စစ်ပွဲ လက်နက် အဖြစ် မုဒိန်းမှု ကျူးလွန်တာ၊ အဓမ္မ ခိုင်းစေတာ၊ နှိပ်စက် ညှင်းပန်းတာ၊ ကလေး စစ်သားတွေ အသုံးပြုတာ၊ ရွာတွေကို ဖျက်ဆီးတာ စသဖြင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တသီကြီးဟာ ကမ်းကုန်နေပြီ ဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးရဲ့ အပြစ်ရှိမှုဟာ ကြီးမားလွန်းပါတယ်။ ဒါ့ကြောင့် လူသား တစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် မေးမယ့် မေးခွန်းက "ဒါနဲ့ ပတ်သက်လို့ ဘယ်လို ခံစားရသလဲ။ ဘာကြောင့် လူသားတွေ အပေါ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေသလဲ။ နိုင်ငံ ခေါင်းဆောင် တစ်ယောက် ဖြစ်ရမယ့် အစား စစ်ရာဇဝတ်ကောင် တစ်ယောက်လို့ မြင်ကြအောင် ကိုယ့်ကိုကိုယ် ခွင့်ပြုမှာလား" အစရှိသဖြင့် မေးခွန်းတွေပေါ့။

မေး     ။ ဒီအာဏာရှင်ရဲ့ အားသာမှု အများဆုံး အချက်၊ အားအနည်းဆုံး အချက်၊ အရက်စက်ဆုံး အချက်က ဘာတွေ ဖြစ်မလဲ။

ဖြေ     ။ ကျွန်တော့် အထင် ပြောရရင် သူဟာ ပြည်သူတွေကို ကြိုးကိုင် ချယ်လှယ်၊ လွှမ်းမိုးတဲ့ နေရာမှာ၊ သွေးကွဲအောင် လုပ်တဲ့ နေရမှာ အလွန့်အလွန် ကျွမ်းကျင်ပါတယ်။ သွေးခွဲပြီး အုပ်ချုပ်တာဟာ သူ့ရဲ့ မဟာစွမ်းအားပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း လမ်းလွဲစေပါတယ်။ သူ့အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေ လျော့သွားရုံ၊ တွက်ချက်ပြီး ကတိတွေ ခဏခဏ ပေးပါတယ်။ ပြီးရင် ပေးထားတဲ့ ကတိရဲ့ အနည်းငယ်လောက်ပဲ လုပ်ပြပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်း တမျှော်မျှော်နဲ့ စောင့်ရင်း၊ အချိန်ကုန်အောင် လုပ်တဲ့ နေရာမှာ သိပ်ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ သူဟာ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်။ သူက ဆုံးဖြတ်ချက် ချဖို့ အချိန် အကြာကြီး ယူလေ့ရှိပြီး ဆုံးဖြတ်ချက် ချတဲ့ အချိန်မှာလည်း ရက်စက် ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ ရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကို ဥပမာ အနေနဲ့ ပြောရရင်၊ တကယ်လို့များ ဗိုလ်ချုပ်ကြီး ခင်ညွန့် ရှိနေမယ်ဆိုရင် ဆန္ဒပြပွဲတွင် ကြီးထွားမလာခင်မှာ ရက်စက်မှု အနည်းဆုံး၊ သွေးစွန်းမှု အနည်းဆုံးနဲ့ အမြန်ဆုံး နှိမ်နင်းနိုင်မှာ ဖြစ်ပြီး၊ အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆန္ဒပြပွဲတွေ ကြီးမားလာအောင် ကြီးထွားခွင့် ပေးခဲ့ပြီးမှ အစွန်းရောက် ရက်စက်မှုများနဲ့ ဖြိုခွဲခဲ့တာကို တွေ့ရပါတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

ဒါဟာ အတိုက်အခံတွေကို ရှင်းလင်းဖို့ အတွက် စေ့စပ် သတိထားတဲ့ နည်းလမ်း တစ်ခုလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ပြီးတော့ ဘယ်သူ ထွက်ပေါ်လာပြီး ရှင်းလင်းပစ်တယ် ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် အခုလို ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန်တွေ ကြာနေတာဟာ သူ့ရဲ့ အားနည်းချက်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူဟာ မူလ ဗီဇ အတွေးအခေါ်သမား တစ်ယောက် မဟုတ်ပါဘူး။ အခု ရွေးကောက်ပွဲ အတွက် လုပ်နေတဲ့ အစီအစဉ်နဲ့ အခြေခံ ဥပဒေကို ကြည့်ရင် မြန်မာ့ ပထမဆုံး အာဏာရှင် ဦးနေဝင်း ၁၉၇၀ တုန်းက လုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်နေတာကို တွေ့ရမှာပါ။ သမိုင်း တစ်ပတ် လည်တာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ သူ့မှာ အကြံဥာဏ် သိပ်ကို နည်းပါးတယ်လို့ ယူဆပါတယ်။

သူ့ရဲ့ အရက်စက်ဆုံး စရိုက် လက္ခဏာကတော့၊ သူ့ရဲ့ ပြည်သူတွေ အပေါ် အကြင်နာ၊ ဂရုဏာ လုံးဝ မရှိတာကတော့ ရှင်းနေပါတယ်။ နာဂစ်စ် ဆိုင်ကလုန်း ဝင်ပြီးတဲ့နောက် သူဟာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ခွင့်ပြုဖို့ အချိန် အတန်ကြာ ငြင်းဆန်နေခဲ့တာကို မှတ်မိကြမှာပါ။ တကယ်လို့သာ သူဟာ ဒီဘဝ အန္တရာယ်ကို သနား ဂရုဏာ အပြည့်အဝနဲ့ တုန့်ပြန် ဆောင်ရွက်ခဲ့မယ်ဆိုရင် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့မှာပါ။ ဒါ ဥပမာ တစ်ခုပါ။ ကျွန်တော်ကတော့ သူဟာ သူ့ရဲ့ ပြည်သူတွေ အပေါ်မှာ ကရုဏာ၊ အကြင်နာ လုံးဝ ကင်းမဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ယူဆပါတယ်။

မေး     ။ သန်းရွှေကို ဘယ်လို သုံးသပ်မလဲ။

ဖြေ     ။ သူဟာ အစိုးရ အဖွဲ့ ထိပ်ဆုံး ရာထူးကို ယူထားသူ တစ်ယောက်၊ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားသူ တစ်ယောက်၊ ပြီးတော့ အာဏာကို နည်းလမ်း ပေါင်းစုံနဲ့ ချုပ်ကိုင်ထားသူ တစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့အပြင် သဘောထား ကွဲလွဲ ဆန့်ကျင်မှုတွေကို လုံးဝ သည်းမခံတဲ့ လူတယောက်၊ ဆန့်ကျင်သူတွေကို ကြိတ်ချေပစ်တဲ့ နေရာမှာ၊ ပြိုင်ဖက်တွေကို ဖယ်ရှားပစ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ စစ်သား ဘဝ သက်တမ်းမှာ ကြိုးစားခဲ့တာမျိုးလည်း မရှိပါဘူး။ သူဟာ ရိုးရိုးတန်းတန်း သာမန် အရာရှိ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ထူးချွန် ထက်မြက်တဲ့ စစ်သားတစ်ယောက် အဖြစ် လူသိများခဲ့ခြင်းလည်း မရှိပါ။ သူ့ရဲ့ ရည်မှန်းချက်တွေ၊ ဗီဇတွေကိုလည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီတော့ လူတွေက သူ့ကို အန္တရာယ်ကောင်လို့ မထင်ခဲ့ကြဘူးပေါ့။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ရာထူးတွေ တက်လာခဲ့ပါတယ်။ ပြီးတော့ တကယ့်ကို ထုံထုံထိုင်းထိုင်း ပုံစံမျိုးပါ။ ဒါပေမယ့်လည်း သူဟာ ထိပ်ဆုံး ရောက်တဲ့ အချိန်ကျမှ အာဏာကို နည်းပေါင်းစုံနဲ့ ချုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကို ပြသခဲ့ပါတယ်။

မေး     ။ Foreign Policy မဂ္ဂဇင်းက သန်းရွှေကို ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်လို့ သတ်မှတ်တာကို ခင်ဗျား သဘောတူပါသလား။

ဖြေ     ။ သဘောတူတာပေါ့ဗျာ။ ဒုတိယနဲ့ တတိယ နေရာ အတွက် သန်းရွှေနဲ့ မူဂါဘီတို့ အကြား ယှဉ်ပြိုင်မှုဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ကျွန်တော် အမှန်တကယ် ယူဆတယ်။ ကင်ဂျုံအီးကတော့ အဆိုးဆုံး ဖြစ်လို့ နံပါတ်တစ် နေရာ အတွက် သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် သန်းရွှေဟာ တချို့နေရာတွေမှာ မူဂါဘီထက် ပိုဆိုးတယ်လို့ ကျွန်တော် ယူဆတယ်။ ဘာကြောင့်လဲဆိုရင် အနည်းဆုံးတော့ မူဂါဘီဟာ ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ သမားတွေနဲ့ သဘော တူညီမှု အချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ချို့ယွင်းချက် များလွန်းတဲ့ သဘော တူညီချက် ဖြစ်ပြီး မူဂါဘီဟာ အာဏာရှင် အဖြစ် ရက်စက်မှုတွေကို ဆက်လက် ပြသခဲ့ပေမဲ့ အနည်းဆုံးတော့ ဇင်ဘာဘွေ အစိုးရထဲမှာ အတိုက်အခံ အုပ်စုတွေကို အထိုက်အလျှောက် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သန်းရွှေကတော့ အတိုက်အခံတွေကို အပြည့်အဝ သုတ်သင် ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကို ပြောရရင် သန်းရွှေဟာ ဒုတိယ နေရာ အတွက် မူဂါဘီကို အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ဒုတိယ နေရာ (သို့) တတိယ နေရာနဲ့ ထိုက်တန်သူ တစ်ဦးပါ။

မေး     ။ တကယ်လို့ သန်းရွှေ အနားယူမယ်ဆိုရင် အစိုးရ တစ်ဖွဲ့လုံး သူနဲ့အတူ အနားယူမှာလား။

ဖြေ     ။ မဖြစ်နိုင်ပါဘူး။ သန်းရွှေ တကယ်လို့ ဆင်းသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ယူဆမယ်ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တခြား စစ်ဗိုလ်ချုပ်တွေကလည်း အလွန် ရက်စက် ကြမ်းကြုတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်လို့ စိတ်ပြင်းပြ နေတယ်ဆိုတာ အရမ်း သိသာပါတယ်။ ဒါကြောင့် ရက်စက်တဲ့ အာဏာရှင် သန်းရွှေလိုပဲ ရက်စက်တဲ့ အစိုးရ အဖွဲ့ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူဟာ အစိုးရ အဖွဲ့မှာ နံပါတ်တစ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သူက အစိုးရ အဖွဲ့ကိုလည်း အမှန်တကယ် ထိန်းချုပ်ထားနိုင်ပါတယ်။ သူအနားယူမယ်လို့ ပြောတာဟာ ဘာဖြစ်မလဲ။ ဒီတော့ ဘယ်တုန်းကမှ စုစုစည်းစည်း အစိုးရ အဖွဲ့တစ်ခု မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ သန်းရွှေ တစ်ယောက်ထဲရဲ့ အာဏာရှင် အုပ်ချုပ်မှုပါ။ ဒါပေမယ့် သူမရှိတော့တဲ့ အချိန်မှာ နောက်ထပ် အာဏာရှင် တစ်ယောက် မပေါ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မရှိဘူးဆိုရင် အာဏာရှင် နောက်တစ်ယောက် အလွယ်တကူ ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးဟာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ အလားအလာကို ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး။

မေး     ။ သူ့နေရာကို ဘယ်သူ ရမလဲ။

ဖြေ     ။ အင်း။ ဒီကိစ္စက လုံးလုံးလျားလျား မသဲကွဲသေးဘူးဗျ။ အစိုးရအဖွဲ့ နံပါတ်သုံး ဗိုလ်ချုပ်ကြီး ရွှေမန်းကို ဆက်ခံသူ အဖြစ် ရွေးချယ်ထားတယ်လို့ လူအများစုက ပြောနေကြပေမယ့် သူဟာ အသုံးတည့်ခဲ့သလောက် မျက်နှာသာ ပေးမခံရဘူးလို့လဲ တချို့ သတင်းတွေက ဆိုပါတယ်။ တကယ်လို့များ သန်းရွှေ မနက်ဖြန် မရှိတော့ဘူးဆိုရင် လက်ရှိ နံပါတ်နှစ် မောင်အေးက နံပါတ်တစ် ဖြစ်မယ်ဆိုတာ ရှင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် တကယ်လို့ သန်းရွှေက သူ့ရည်ရွယ်တဲ့ အတိုင်း ဆက်ခံရေး ကိစ္စကို လျှို့ဝှက် စီစဉ်နိုင်ခဲ့မယ် ဆိုရင်တော့ ဆက်ခံသူ တစ်ယောက် ရွေးချယ်ပြီး အနားယူတာမျိုး ဖြစ်နိုင်ပါတယ်။ သူနဲ့အတူ မောင်အေးပါ အနားယူဖို့ သန်းရွှေက ဆုံးဖြတ်ထားတာပါ။ ဒီတော့ သန်းရွှေသာ စီစဉ်ထားတဲ့ လမ်းအတိုင်း သွားနိုင်ခဲ့ရင် မောင်အေးဟာ ဆက်ခံသူ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန် ရောက်ရင် လူအများစု ထင်ကြသလို ရွှေမန်း ဖြစ်မလား။ ဒါမှမဟုတ် တခြားတစ်ယောက် ဖြစ်မလား ဆိုတာကတော့ လုံးဝ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဖြစ်နိုင်တဲ့ ဇာတ်ကွက် တစ်ခုလို့တော့ ပြောလို့ ရပါတယ်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment