Transparency Myanmar

transparency.myanmar@gmail.com

ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသော ဗီယက်နမ်နိုင်ငံ စစ်တပ်ကို ခေတ်မီသော တပ်မတော်အဖြစ် အရည်အသွေး မြှင့်တင်ပေးရန် အကူအညီ ပေးသွားမည်ဟု ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက သဘော တူညီလိုက်ပြီ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် အလည်အပတ် ရောက်ရှိခိုက် ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင် အာရှနိုင်ငံ (အာဆီယံ) အဖွဲ့ဝင် တစ်ဦး ဖြစ်သော ဗီယက်နမ်သည် နိုင်ငံ ကာကွယ်ရေး စစ်တပ်ကို ခေတ်မီအောင် တဖြည်းဖြည်းချင်း လုပ်ဆောင်လျက် ရှိရာ လတ်တလော အနေအထားတွင် ပြင်သစ်နိုင်ငံမှ ရေဒါစနစ်များ၊ ရဟတ်ယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဝယ်ယူထားကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး Herve Morin က ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံ စစ်တပ် ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရာမှာ ပြင်သစ်နိုင်ငံ အနေနဲ့ တက်တက်ကြွကြွ ပါဝင်ပေးဖို့ အခိုင်အမာ တောင်းဆိုခဲ့တာပါ" ဟု မစ္စတာ Herve Morin ၏ ပြောကြားချက်ကို ကိုးကားပြီး VietnamNet သတင်းစာက ရေးသား ဖော်ပြသည်။

"ဗီယက်နမ်နဲ့ တောင်းဆိုမှုတွေ အားလုံးကို ဖြည့်ဆည်းပေးဖို့ ပြင်သစ်နိုင်ငံက ဆန္ဒ အပြည့်အဝ ရှိပါတယ်" ဟုလည်း ပါရှိသည်။

ဇူလိုင်လ ၂၆ ရက် ဗီယက်နမ် နိုင်ငံသို့ မစ္စတာ Herve Morin ရောက်ရှိလာမှုသည် ၁၉၅၄ ခုနှစ် Dien Bien Phu တွင် ဗီယက်နမ်တို့က ပြင်သစ်တပ်များ လက်နက်ချ ဆုတ်ခွာသွားအောင် ခုခံ တိုက်ခိုက်မှု ပြုလုပ် ပြနိုင်ခဲ့ချိန် နောက်ပိုင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီး တစ်ဦး၏ ပထမဆုံး ခရီးစဉ် ဖြစ်သွားခဲ့သည်။

ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ရေတပ်၊ ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်း ဆောင်ရွက်ရေး ကိုလည်း ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ မကြာမီ ကာလအတွင်း ဗီယက်နမ် စစ်ဘက် အရာရှိများအား ပြင်သစ်က သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း မစ္စတာ Herve Morin က ဆိုသည်။

ဗီယက်နမ် နိုင်ငံသည် ယခုလို ပြင်သစ်နိုင်ငံမှ စစ်ရေး အကူအညီများ တောင်းဆိုပြီး စစ်လက်နက် ပစ္စည်းများ ဝယ်ယူမှု မပြုလုပ်မီ အချိန်က ယခင် ကွန်မြူနစ် မဟာမိတ် ဖြစ်ခဲ့သော ရုရှားနိုင်ငံမှ စစ်လက်နက်များ အဓိက ဝယ်ယူခဲ့သည်။ ရုရှားသည် ဗီယက်နမ် စစ်တပ် လက်နက် တပ်ဆင်ရေးအတွက် အဓိက ထောက်ပံ့ပေးသော နိုင်ငံ ဖြစ်ခဲ့သည်။

ဗီယက်နမ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘော ခြောက်စင်း နှင့် Su-30MK2 အမျိုးအစား ဂျက် တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူရန် အော်ဒါ လုပ်ခဲ့သည်။ ထို့အတူ ဗီယက်နမ်သည် လတ်တလော နှစ်များအတွင်း ယခင်တစ်ချိန်က ရန်သူတော် ဖြစ်ခဲ့ဖူးသော အမေရိကန် ပြည်ထောင်စုနှင့်လည်း စစ်ရေး အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ယင်းသို့ ပူးပေါင်း ဆောင်ရွက်ရာ၌ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ အပြန်အလှန် လည်ပတ်မှု၊ အမေရိကန် ရေတပ် သင်္ဘောများ လာရောက်ပြီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် လက်ခံကြိုဆိုမှု အစရှိသည်တို့ ပါဝင်သည်။

ဗီယက်နမ် စစ်ပွဲသည် မြောက်ပိုင်း ကွန်မြူနစ် တပ်ဖွဲ့များက တောင်ပိုင်း ဒေသရှိ အမေရိကန် ကျောထောက်နောက်ခံ ပေးမှုကို ရယူထားသော မြို့တော်အား သိမ်းပိုက်ပြီး တိုင်းပြည် ညီညွတ်ရေး ရယူလိုက်ချိန် ၁၉၇၅ ခုနှစ်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။  

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment