Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 7th August 2010

      ဗီယက်နမ်နှင့် နျူကလီယာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုတွင် ဟနွိုင်းအစိုးရထံမှ နျူကလီယာ သန့်စင်ခြင်း မပြုရန် ကတိပေးမှုကို ရနိုင်မည် မဟုတ်ကြောင်းကို အိုဘားမား အစိုးရက အမေရိကန် လွှတ်တော် အမတ်များကို အသိပေးခဲ့သည်ဟု ကွန်ဂရက် အကြံပေးများက ပြောကြားသည်။

      အရပ်ဖက် နျူကလီယာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအတွက် အရေးကြီးသော စံနှုန်းအဖြစ် နိုင်ငံခြားရေးဌာနက မြှင့်တင်နေသော ယူရေနီယံ မသန့်စင်ရေး  ကတိကို ရရှိရန် အမေရိကန် ပြည်ထောင်စုက ကြိုးစားနေခြင်းဖြစ်သည်။

      အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ထံမှ ကတိရရှိခဲ့သော ယမန်နှစ်က သဘောတူစာချုပ်တွင် အထက်ပါ စည်းကမ်းက နမူနာပုံစံ ဖြစ်လာခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုထံမှ နျူကလီယာ ကိရိယာများ၊ ဓါတ်ပေါင်းဖိုများ ရရှိရန်အတွက် အပြန်အလှန်အားဖြင့် ဓါတ်ပေါင်းဖိုလောင်စာ အဖြစ် အသုံးပြုရန် ယူရေနီယံ သန့်စင်မှု မပြုလုပ်ပါဟု ကတိပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းလုပ်ငန်းသည် နျူကလီယာ လက်နက်တွင် အသုံးပြုမည့် ပစ္စည်းများကို ထုတ်လုပ်နိုင်မည် ဖြစ်၍ တားဆီးထားခြင်း ဖြစ်သည်။

      အထူးသဖြင့် နျူကလီယာလက်နက် တိတ်တိတ်ပုန်း ထုတ်ရန် ကြိုးစားနေသည်ဟု အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက စွပ်စွဲထားကြသော  အီရန်နိုင်ငံအား နျူကလီယား မပြန့်ပွားရေးနှင့် ပတ်သက်၍ ပြင်းထန်စွာ အသိပေးရန် အိုဘားမား အစိုးရင ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ အီရန်က ၎င်း၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ဖြစ်သည်ဟု ပြောကြားသော်လည်း ယူရေနီယံ သန့်စင်ခြင်း မပြုရန် နိုင်ငံတကာ၏ ဖိအားပေးမှုကိုမူ ခုခံငြင်းဆန်လျက်ရှိသည်။

      ဗီယက်နမ်နှင့် ဆွေးနွေးရာတွင် အမေရိကန် ပြည်ထောင်စုက အသုံးပြုနေသော ယူအေအီးပုံစံသည် အလားတူ အခြားနိုင်ငံများကိုလည်း ယူရေနီယံ သန့်စင်ခြင်း မပြုလုပ်မည့်အလားတူ ကတိကဝတ်များ ရရှိရန်အတွက် တွန်းအားပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း များစွာသောနိုင်ငံတို့က အချုပ်အချာ ထိပါးမှုအဖြစ် ယူဆကာ တွန့်ဆုတ်လျက်ရှိကြသည်။ နျူကလီယာ မပြန့်ပွားရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် အရပ်ဖက်ဆုံးအတွက် ယူရေနီယံသန့်စင်ခြင်းကို ၎င်းတို့ မြေပေါ်တွင် လုံခြုံမှု အစီအစဉ်များအောက်၌ လုပ်ဆောင်ခွင့်ရှိသည်။

      ဆွေးနွေးမှုများနှင့် အကျွမ်းတဝင်ရှိသူ ကွန်ဂရက် အကြံပေး ၂ ဦးက ပြောကြားရာတွင် ယူအေအီူ ပုံစံ ယူရေနီယံ မသန့်စင်ရေး သဘောတူညီမှု ရရှိရန် အတွက် ဗီယက်နမ်ကို ဆွဲဆောင်၍ မရနိုင်ကြောင်း အိုဘားမားအစိုးရက သုံးသပ်ထားသည်ဟု ဆိုသည်။ စေ့စပ်ဆွေးနွေးမှုများ၏ အကဲဆတ်သော သဘာဝကြောင့် ကွန်ဂရက် အကြံပေးများက အမည်ဖော်ပြရန် ငြင်းဆိုသည်။ ဗီယက်နမ်နှင့် ဆွေးနွေးမှုများမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီ ဟုလည်း နောက်တစ်ဦးက ပြောကြားခဲ့သည်။ ဗီယက်နမ်နှင့် ဆွေးနွေးမှုသတင်းကို Wall Street ဂျာနယ်က ဦးစွာဖော်ပြခဲ့ခြင်းဖြစ်သည်။

      နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူ P.J Crowley က ဗီယက်နမ်နှင့် ဆွေးနွေးမှု အသေးစိတ် အချက်များကို ပြောကြားခြင်း မရှိပါ။ ၎င်းက ယူအေအီး နျူကလီယာ သဘောတူညီချက်စာချုပ်ကို "ရွှေအဆင့်စံနှုန်း'' ဟု တင်စားခေါ်ဝေါ်လိုက်ပြီး "ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင်ရှိသည့် ယူရေနီယံ သန့်စင်ခွင့်ကို စွန့်လွှတ်ရန် ယူအေအီးက ဆုံးဖြတ်ခဲ့သည်" ဟု အသိအမှတ်ပြုပြောဆိုခဲ့သည်။

      အခြားနိုင်ငံတွေကလည်း ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်တာကို ကျွန်တော်တို့ တွေ့မြင်လိုပါတယ် ဟု Crowley ကပြောကြားသည်။

      အကယ်၍များ ဟနွိုင်းအား ၎င်း၏ မြေပေါ်တွင် နျူကလီယာ သန့်စင်မှုကို ခွင့်ပြုမည့် အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက သဘောတူရန် ရှိပါသလား ဟုမေးမြန်းခဲ့ရာ Crowley က "တကယ်လို့ နိုင်ငံတစ်ခုဟာ နျူကလီယာ စွမ်းအင်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့မယ်၊ သူ့မြေပေါ်မှာ ယူရေနီယံ သန့်စင်မှုကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ဒီနိုင်ငံနဲ့ အမျှော်အမြင်ရှိရှိ အတူလုပ်ကိုင်သွားမှာဖြစ်ပြီး သူ့ရဲ့အစီအစဉ်ဟာ နိုင်ငံတကာ လုံခြုံမှု အစီအစဉ်များနဲ့ ကိုက်ညီမှုရှိအောင်၊ ကုလ နျူကလီယာစောင့်ကြည့်အဖွဲ့ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိအောင် အသေအချာပြုလုပ်သွားမှာ ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

      ဗီယက်နမ် အနုမြူစွမ်းအင် ဌာန ညွှန်ကြားရေးမှူး ဗွန်ဟူတန်က "အင်မတန် အကဲဆတ်တဲ့ ယူရေနီယံ သန့်စင်မှုကို ပြုလုပ်ဖို့ ဗီယက်နမ်က အစီအစဉ်မရှိပါဘူး'' ဟုပြောကြားသည်။

      နျူကလီယာ ဓါတ်အားပေးစက်ရုံ တည်ဆောက်မှုကို ကူညီရန် အမေရိကန် ကုမ္ပဏီများအား လမ်းဖွင့်ပေးမည့် အချက်ပါဝင်သော သဘောတူညီချက်ကို အမေရိကန်နှင့် ဗီယက်နမ်တို့ မတ်လ လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းတို့ ၂ နိုင်ငံသည် ယခုအခါ ဗီယက်နမ် နျူကလီယာလျှပ်စစ် ဓါတ်အားကဏ္ဍသို့ အမေရိကန် ကုမ္ပဏီများကို ဝင်ရောက်ခွင့်ပြုရန် ကျယ်ကျယ်ပြန့်ပြန့် စေ့စပ်ဆွေးနွေးလျက်ရှိသည်။

      ဗီယက်နမ် တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်းတို့သည် ရုရှား၊ တရုတ်၊ ပြင်သစ်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ အာဂျင်တီးနားတို့နှင့်လည်း နျူကလီယာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု ပြောကြားထားသည်။

      နျူကလီယာ မပြန့်ပွားရေး မူဝါဒဆိုင်ရာ ပညာရေး စင်တာမှ အမှုဆောင် ဒါရိုက်တာ၊ ပင်တာဂွန် အရာရှိဟောင်း ဟင်နရီ ဆိုကော့စကီးက အိမ်ဖြူတော်အား "နောက်တစ်လှမ်းဆုတ်ပါ၊ အဲဒီမှာ ရှိတဲ့ မိတ်ဆွေတွေကို လွှမ်းမိုးနိုင်ဖို့အတွက် နျူကလီယာ ပူးပေါင်းဆောင်ရွက်ရေးကို ပဲ့ကိုင်နည်းလမ်း အဖြစ် နားလည်အောင်ပြုလုပ်ပါ'' ဟုတိုက်တွန်းလိုက်သည်။

      ဒီဆွေးနွေးပွဲကြောင့် နာမည်ပျက်တာပဲ အဖတ်တင်ပါလိမ့်မယ်။ သူတို့အရှိန်လျှော့ဖို့လိုနေပြီ၊  တကယ်လို့ လုပ်မယ်ဆိုရင်လည်း စံသတ်မှတ်ချက်တွေကို မလျှော့ပါနဲ့၊ ဒုက္ခကလွဲလို့ ဘာမှမရနိုင်ပါဘူး'' ဟု၎င်းက သုံးသပ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment