Transparency Myanmar

transparency.myanmar@gmail.com

မကြာသေးမီက ကျင်းပသော ကမ္ဘာကျော် အီဒင်ဘတ်ဂ် အနုပညာပွဲတော် (Edinburgh Festival) ကြီးသို့ တက်ရောက်လာသော နာမည်ကျော် လူရွှင်တော်များနှင့် ပရိသတ်များအား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ထိပ်တန်း လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် စာရေးဆရာ ဖြစ်သူ ဇာဂနာ (ဦးသူရ) လွတ်မြောက်ရေးအတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

အသက် ၄၉ နှစ် အရွယ်ရှိ (ဦး)ဇာဂနာသည် ယခုအခါ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရကို ဝေဖန် ပြောဆိုခဲ့ခြင်းကြောင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အီဒင်ဘတ်ဂ် အနုပညာ ပွဲတော်သို့ တက်ရောက်ခဲ့ကြသော အနုပညာရှင်များနှင့် ပရိသတ်များ အနေဖြင့် (ဦး)ဇာဂနာ အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် org.uk/zarganar အင်တာနက် စာမျက်နှာသို့ ဝင်ရောက်ပြီး စာများ Download ဆွဲယူကာ မြန်မာစစ်အစိုးရ အာဏာပိုင်များထံသို့ ပေးပို့ရန် AI အဖွဲ့က တိုက်တွန်း ပြောဆိုခဲ့သည်။

နာမည်ကျော် လူရွှင်တော်တစ်ဦး ဖြစ်သူ Josie Long က "(ဦး)ဇာဂနာနဲ့ ပတ်သက်တဲ့ မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စကတော့ သူဟာ မရှိ ဆင်းရဲသားတွေကို၊ ဒုက္ခရောက်သူတွေကို အကူအညီပေး၊ အလှူအတန်းပေးတဲ့ အလုပ်ကို လုပ်မိတဲ့အတွက် အစိုးရရဲ့ ဖမ်းဆီး အကျဉ်းချခံရတာပါပဲ" ဟု ပြောသည်။ ယခုအခါ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ဝင်များသည် (ဦး)ဇာဂနာ လွတ်မြောက်ရေးအတွက် အများပြည်သူ၏ ထောက်ပံ့မှု ရရှိအောင် ပိုမို လုပ်ဆောင်သွားမည်ဟု သိရသည်။ ထို့ပြင် အနုပညာ ပွဲတော်သို့ လာရောက်သူများ လက်ဖဝါးတွင် ဦး(ဇာဂနာ) သို့မဟုတ် မြန်မာ့နိုင်ငံရေး အကျဉ်းသားများဟု ရေးသားပြီး လက်မြှောက် ပြထားသည့် ဓာတ်ပုံများ ရိုက်ကူးရန်လည်း AI က စီစဉ်ထားသည်။ အဆိုပါ ဓာတ်ပုံများကို လာမည့် အောက်တိုဘာတွင် ကျင်းပမည့် အာရှ-ဥရောပ ဆွေးနွေးပွဲ (အာဆမ်-ASEM) သို့ ပေးပို့ရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

Edinburgh Evening News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment