Transparency Myanmar

transparency.myanmar@gmail.com

လတ်တလော ကာလများ အတွင်း တောင်ကိုရီးယား နိုင်ငံအပေါ် မြောက်ကိုရီးယားက ရန်စမှုများ ပြုလုပ်နေခြင်းသည် ကျန်းမာရေး ညံ့ဖျင်းနေသည့် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူက ၎င်းအတွက် စစ်ရေးရာထူး အရှိန်အဝါများ ရရှိရန် ကြိုးပမ်းမှုနှင့် ဆက်နွယ်ကောင်း ဆက်နွယ်နိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား နိုင်ငံသို့ ဇူလိုင်လအတွင်း သွားရောက်ခဲ့သူ မစ္စတာ ရောဘတ်ဂိတ်စ်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု အဖြစ်ရဆုံး ကိစ္စမှာ ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသော ကင်ဂျုံအီလ်က ၎င်း၏အငယ်ဆုံး သားဖြစ်သူအား အာဏာ လွှဲပြောင်းပေးရန် စီစဉ်နေသည့် အနေအထားမျိုးတွင် ရှိရာ အိမ်နီးချင်း နိုင်ငံများအပေါ် ရန်စမှုများ ပိုမို ထွက်ပေါ်လာမည် ဟူသော အချက်ပင် ဖြစ်ကြောင်း ပြောဆိုသည်။

တောင် နှင့် မြောက်ကိုရီးယား ဟူ၍ နှစ်ခြမ်းကွဲလျက် ရှိသော ကိုရီးယား ကျွန်းဆွယ်တွင် ပြီးခဲ့သည့် မတ်လ တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း တင်းမာမှုများ၊ ရန်လိုမှုများ ပြင်းထန်စွာ ထွက်ပေါ်လျက် ရှိသည်။

"ကျွန်တော့်မှာ မတင်မကျ ဖြစ်နေတဲ့ အတွေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကင်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အငယ်ဆုံးသားက စစ်ဘက်ရေးရာမှာ ရာထူး အရှိန်အဝါတွေ ရအောင် လုပ်လာနိုင်တဲ့ ကိစ္စပါပဲ" ဟု ဆန်ဖရန် စစ္စကိုမြို့၊ အမေရိကန် မရိန်းတပ်ဖွဲ့၏ Memorial Club တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားသည်။

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနောက်ပိုင်း မြောက်ကိုရီးယား၏ ခန့်မှန်း တွက်ဆ၍ မရနိုင်သော အပြုအမူများ ပိုမို ထွက်ပေါ်လာသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် ပင်တဂွန် စစ်ဌာနချုပ်တို့ စိုးရိမ် ပူပန်မှုများ တိုးပွားလျက် ရှိသည်။

ကမ္ဘာပေါ်တွင် အထီးကျန် အဖြစ်ဆုံး နိုင်ငံတစ်ခု၏ ခေါင်းဆောင် ရာထူးအား သားဖြစ်သူကို လွှဲပြောင်းသည့် ကိစ္စအပေါ် ကင်ဂျုံအီလ်က အသေးစိတ် အစီအစဉ် ရေးဆွဲထားဖွယ် ရှိသည်။ အမေရိကန် ပြည်ထောင်စု၏ ရန်စမှုကို တုံ့ပြန်ရာတွင် နျူကလီယာဖြင့် ဟန့်တားမှုများ ပြုလုပ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိကြောင်း မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့သည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment