Transparency Myanmar

transparency.myanmar@gmail.com

10th October 2010

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ မတိုင်မီ အာဏာပိုင်များက အကျဉ်းသား ၁၁,၀၀၀ ကျော်ကို လွှတ်ပေးမည် ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း ရှိ/မရှိကိုမူ အသေအချာ မသိရဟု တနင်္ဂနွေနေ့ သတင်းများက ဆိုသည်။

ရွေးကောက်ပွဲများ မကျင်းပမီ အကျဉ်းသား ၃၀၀၀ ကျော်၏ ပြစ်ဒဏ်များကို လျှော့ပေါ့ပေးရန် အကျဉ်း ဦးစီးဌာနက စီစဉ်နေပြီး အခြားအကျဉ်းသား ၈၀၀၀ မှာ ပြစ်ဒဏ် ပြီးဆုံး လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း မြန်မာတိုင်းမ် ဂျာနယ်က ဖော်ပြထားသည်။

"ထောင်က လွတ်လာတဲ့ သူတွေ နိုဝင်ဘာ ၇ ရက်နေ့မှာ မဲပေးနိုင်ပါတယ်။ ဒါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်ပါ" ဟု အမည် မဖော်လိုသော ဌာနဆိုင်ရာ တာဝန်ရှိသူက အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော အပတ်စဉ် စာစောင်သို့ ပြောကြားသည်။

လွှတ်ပေးမည့် အကျဉ်းသားများ၏ အမည်စာရင်းကို အကျဉ်း ဦးစီးဌာနက ထုတ်ပြန်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှ  နိုင်ငံရေးအကျဉ်းသား ၃၂၀၀ ခန့် လွတ်မြောက်ဖွယ် ရှိ/မရှိကို အတိအကျ မသိရပါ။

လတ်တလော မြန်မာ အကျဉ်းထောင် ၄၃ ခုနှင့် အလုပ်ကြမ်း အကျဉ်းစခန်း ၁၀၀ တွင် ပြစ်ဒဏ် ကျခံနေရသူ ၅၀,၀၀၀ ကျော် ရှိနေသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အထွေထွေ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည် ဖြစ်သော်လည်း အဓိက အတိုက်အခံ NLD  ပါတီ ရွေးကောက်ပွဲ ဝင်ရောက် မယှဉ်ပြိုင် နိုင်စေရန် အတွက် ရွေးကောက်ပွဲ ဥပဒေများက ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလောတွင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၁၈ လ ကျခံနေရပြီး နိုဝင်ဘာ ၁၃ ရက်တွင် သူမ၏ ပြစ်ဒဏ် သက်တမ်း ပြီးဆုံးမည် ဖြစ်သည်။

သူမ၏ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးဘဲ သူမကို အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်မှာ ယခု အချိန် တိုင်အောင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment