Transparency Myanmar

transparency.myanmar@gmail.com

၂၀၁၀ ပြည့်နှစ်အတွက်  ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိသွားသော တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo ၏ ဇနီးဖြစ်သူ Liu Xia မှာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံထားရကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

မစ္စ Liu Xia သည် ၎င်း၏ ခင်ပွန်းဖြစ်သူအား နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်းစကား ပြောရန် သွားရောက် တွေ့ဆုံပြီးနောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်ကြောင်း Freedom Now အဖွဲ့မှ ဥပဒေ အကြံပေး Beth Schwanke က ပြောကြားသည်။ Freedom Now အဖွဲ့၏ အဆိုအရ မစ္စတာ Liu Xiaobo သည် ၎င်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသည့် သတင်း ကြားရသောအခါ မျက်ရည်ကျ ငိုကြွေးခဲ့ကြောင်း၊ ထို့နောက် ယင်းဆုသည် ၁၉၈၉ ခုနှစ် တန်ယန်မင် ရင်ပြင် ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ အာဇာနည် သူရဲကောင်းများ အတွက်ဖြစ်သည်ဟု ညွှန်းဆိုခဲ့ကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် Inormation Center for Human Rights and Democracy အဖွဲ့က "မစ္စတာ Liu တို့ ဇနီးမောင်နှံသည် အောက်တိုဘာလ ၁၀ ရက် နေ့ခင်းပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း" မစ္စ Liu ၏ မိခင်ဖြစ်သူ ပြောဆိုချက်ကို ကိုးကား၍ သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသော မစ္စတာ Liu (၅၄ နှစ်) သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပထမဆုံး ရရှိသူ တရုတ်နိုင်ငံသား တစ်ဦး ဖြစ်သည်။ ၎င်းသည် 'ချာတာ ၂၀၀၈' အမည်ရ လူ့အခွင့်အရေး ကြေညာစာတမ်း တစ်စောင် ရေးသားခဲ့ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ကြေညာ စာတမ်းတွင် တရုတ် ကွန်မြူနစ် တိုင်းပြည်၌ လူ့အခွင့်အရေး ပေါ်ထွန်းရေးအတွက် လူပေါင်း ထောင်ကျော်က လက်မှတ် ရေးထိုးခဲ့ကြသည်။

မစ္စတာ Liu Xiaobo နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသည့် သတင်း ကြားသိလျှင် ကြားသိချင်း မိမိအား ရဲတပ်ဖွဲ့ဝင်များက ခင်ပွန်းဖြစ်သူနှင့် သွားရောက် တွေ့ဆုံရန် စီစဉ် ပေးခဲ့ကြကြောင်း မစ္စ Liu က AFP သတင်းသို့ ပြောကြားသည်။ ထိုအချိန် မှစ၍ မစ္စ Liu ၏ မိုဘိုင်းလ်ဖုန်းမှာ ပိတ်ပင်ထားပြီး သူမ မည်သည့်နေရာတွင် ရောက်ရှိနေသည် ဟူသည်ကိုလည်း မသိရတော့ပေ။

မစ္စတာ Liu Xiaobo ၏ ရှေ့နေများကလည်း ဘေဂျင်းမြို့တော်တွင် နေထိုင်သည့် ဇနီးဖြစ်သူ မစ္စ Liu အား မည်သို့မျှ ဆက်သွယ်၍ မရကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ မစ္စ Liu ကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ အဲတော့ သူမ ဘယ်မှာ ရှိနေတယ် ဆိုတာလဲ မသိဘူး ဖြစ်နေတယ်" ဟု ရှေ့နေ Ding Xikui က ပြောကြားသည်။ "မစ္စ Liu ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်မိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မစ္စတာ Liu သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Jinzhou အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေရသည်။ ယခုအခါ အဆိုပါ အကျဉ်းထောင်သို့ သွားသည့် လမ်းများကို တရုတ် ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားပြီး အာဏာပိုင်များ သို့မဟုတ် အဆိုပါ ဒေသတွင် နေထိုင်သူများသာ ဝင်ထွက် သွားလာခွင့် ရှိသည်ဟု ဆိုသည်။

Radia Australia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment