Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံသည် နျူကလီယာ လက်နက် တပ်ဆင်နိုင်ရေး အတွက် ယူရေနီယံ သန့်စင်မည့် အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်နေဖွယ် ရှိကြောင်း နိုင်ငံတကာ သိပ္ပံနှင့် လုံခြုံရေး အင်စတီကျု (ISIS) က ပြောကြားသည်။

မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်နိုင်ရေး အတွက် ဓာတ်ခွဲခန်း စမ်းသပ်မှုများပင် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပြီး ပဏာမ အဆင့် လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်သည် ဟု ISIS ၏ အစီရင်ခံစာက ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် မြောက်ကိုရီးယား နိုင်ငံမှ နျူကလီယာနှင့် ဆက်နွယ်သော ပစ္စည်းများ အခြား နိုင်ငံများက ဝယ်ယူမှုများ ကိုလည်း ဖော်ပြထားသည်။

ယခု လုပ်ဆောင်နေသည့် အစီအစဉ်သည် မြောက်ကိုရီးယား နိုင်ငံတွင်း နျူကလီယာ လက်နက်များ တိုးမြှင့် ပိုင်ဆိုင်နိုင်ရေးနှင့် အခြားသော နျူကလီယာ အစီအစဉ် လုပ်ဆောင်လိုသော နိုင်ငံများအတွက် အထောက်အပံ့ ပြုနိုင်ရေးကို အဓိက ဦးတည်ထားကြောင်း အစီရင်ခံစာ ရေးသားသူ David Albright နှင့် Paul Brannan က ပြောကြားသည်။

"အဲဒီတော့ ဦးစားပေး လုပ်ရမှာက မြောက်ကိုရီးယားရဲ့ အစီအစဉ် ရပ်တန့်သွားအောင် ဒါမှမဟုတ် နှေးကွေးသွားအောင် စေ့စပ် ညှိနှိုင်းမှုနဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပူးပေါင်း လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်" ဟု David Albright က ပြောသည်။ မြောက်ကိုရီးယားရှိ ယုံဗြွန် နျူကလီယာ ဓာတ်ပေါင်းဖို ပြန်လည် လည်ပတ်နေသည့် အနေအထားများကို ဂြိုလ်တု မှတစ်ဆင့် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ကြောင်း ISIS က ယခု လဆန်းပိုင်းတွင် ဖော်ပြခဲ့သေးသည်။ အဆိုပါ ယုံဗြွန်သည် ကွန်မြူနစ် အစိုးရက ပလူတိုနီယံ အဓိက ထုတ်လုပ်သော စက်ရုံတစ်ခု ဖြစ်သည်။

တောင်ကိုရီးယား သမ္မတ၏ ဒုတိယ အမျိုးသား လုံခြုံရေး အကြံပေး ကင်တေးဟိုက မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်သည် လွန်စွာ အန္တရာယ် ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယခု ရက်သတ္တပတ် အတွင်း သတိပေး ပြောကြားသည်။

မြောက်ကိုရီးယားသည် ယူရေနီယံ သန့်စင်နိုင်ရေး အတွက် လိုအပ်သော ပစ္စည်းများကို တရုတ်ပြည်တွင် ဝယ်ယူလျက် ရှိသည် သို့မဟုတ် တရုတ်ပြည်ကို ကြားခံ ကုန်ပစ္စည်း တင်ပို့ပေးသည့် နိုင်ငံ တစ်ခုအဖြစ် အသုံးပြုလျက် ရှိသည်ဟု ISIS ၏ အစီရင်ခံစာက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment