Transparency Myanmar

transparency.myanmar@gmail.com

AFP, 20th October 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့် အပတ်တွင် စတင်မည့် အာရှ လေးနိုင်ငံ ခရီးစဉ်တွင် မြန်မာ ရွေးကောက်ပွဲနှင့် လူ့အခွင့်အရေး ကိစ္စက အဓိက အကြောင်းအရာ ဖြစ်ဖွယ် ရှိသည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် တရုတ်သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး သိရှိရသည်။

ဘန်ကီမွန်းသည် ဗီယက်နမ် ထိပ်သီး ညီလာခံ မတိုင်မီ ထိုင်းနှင့် ကမ္ဘောဒီးယားသို့ သွားရောက်မည် ဖြစ်ပြီး ဘေဂျင်းတွင် တရုတ် သမ္မတ ဟူကျင်တောင်နှင့်လည်း ဆွေးနွေးမည်ဟု ကုလ ပြောရေးဆိုခွင့် ရှိသူ Farhan Haq က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုလသမဂ္ဂ အကြီးအကဲသည် အောက်တိုဘာ ၂၆ ရက်တွင် ဘန်ကောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဂျာဂျီမား အပါအ၀င် ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ကာ ထိုနေ့တွင်ပင် ကမ္ဘောဒီးယားသို့ ထွက်ခွာမည်ဟု ဆိုသည်။

ဘန်သည် ဖနွမ်းပင် ဘုရင် နိုဂျိဒွန်သီဟာနု၊ ၀န်ကြီးချုပ် ဟွန်ဆန်တို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ခမာနီတို့ လက်အောက်တွင် ဖြစ်ပွားသော အစုအပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြား ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးနေသည့် ကုလသမဂ္ဂ နောက်ခံ ခုံရုံး Extraordinary Chambers in the courts of Cambodia (ECCC) သို့လည်း သွားရောက် လည်ပတ်မည်ဟု သိရသည်။

ကုလ အကြီးအကဲသည် အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ရန်အတွက် ဗီယက်နမ်သို့ အောက်တိုဘာ ၂၈ တွင် ထွက်ခွာမည် ဖြစ်ပြီး သမ္မတ ငုယင်မင်ထရက်၊ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်း တို့နှင့် တွေ့ဆုံမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထို့အပြင် ၀ိုင်းဝန်း ဝေဖန်ခြင်း ခံနေရသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များကို လွှတ်ပေးအောင် မြန်မာ အစိုးရအား ပိုမို ဖိအားပေးရန် ကုလသမဂ္ဂ အကြီးအကဲက အာဆီယံ အဖွဲ့ကို တိုက်တွန်းမည် ဖြစ်သည်။

ဘန်ကီမွန်းသည် အောက်တိုဘာ ၃၀ တွင် အဓိက တရုတ် ခရီးစဉ်ကို စတင်မည် ဖြစ်ကာ ရှန်ဟိုင်းတွင် တစ်ထောက် နားမည် ဖြစ်သည်။

ယင်းသည် နမ်ဂျင်းသို့ ခေတ္တ မ၀င်မီ ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး ထို့နောက်တွင် ဘေဂျင်းသို့ ထွက်ခွာကာ တရုတ်သမ္မတ အပါအ၀င် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သိရသည်။

အကျဉ်းကျခံ အတိုက်အခံ နိုင်ငံရေးသမား လူကျားပေါင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်း အပေါ် စိတ်ဆိုးမှုကို တရုတ် အစိုးရက ဆက်လက် ဖော်ပြနေသဖြင့် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဘန်"က တရုတ် နိုင်ငံကို ဝေဖန်ခြင်း မရှိသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများနှင့် ယဉ်ကျေးမှု တိုးတက်စေရန် အတွက် နိုင်ငံတကာ၏ တခဲနက် သဘောတူညီမှု ကြီးထွားလာခြင်းကို နိုဘယ်ဆုက အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခု အကြိမ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၀၇ တွင် တာဝန်ယူပြီး နောက်ပိုင်း ဘန်ကီမွန်း၏ ၄ ကြိမ်မြောက် တရုတ် ခရီးစဉ် ဖြစ်ဖွယ် ရှိသည်။ ယင်းသည် ယခင်က ၂၀၀၉ ဇူလိုင်တွင် တစ်ကြိမ်၊ ၂၀၀၈ တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment