Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားပေး အားမြှောက် ပြုသည့် အတိုက်အခံ အင်အားစုများ အနေဖြင့် ဖမ်းဆီး အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများက အဆိုပါ ရွေးကောက်ပွဲကို သပိတ် မှောက်ရန် စည်းရုံး ပြောဆိုလျက် ရှိသည်ဟု သတင်းများအရ သိရသည်။ မြန်မာ အာဏာပိုင် များကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စည်းရုံး လှုံ့ဆော်သူများ အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သတိပေး ပြောဆိုထားသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရေးသားသည်။

နိုင်ငံတကာမှ လေ့လာ သုံးသပ်သူများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ သံသယ ဖြစ်မိသည်ဟု ဆိုသော်လည်း အဆိုပါ ရွေးကောက်ပွဲသည် အရပ်ဘက် အစိုးရ တစ်ရပ် ပေါ်ထွန်းနိုင်ရေး အတွက် အပြုသဘော ဆောင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု စစ်အစိုးရ အာဏာပိုင်များက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့သော် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှုကို ရယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သာ အနိုင် ရရှိလိမ့်မည်ဟု အများက ထင်ကြေးပေး ပြောဆိုလျက် ရှိသည်။ အကြောင်းမှာ ကြံ့ဖွံ့မှာ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၀၀၀ ကျော်ခန့် ရှိသောကြောင့် ဖြစ်သည်။ အတိုက်အခံ အုပ်စုများ ဘက်မှ ကိုယ်စားလှယ် ဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် နှင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ် ပူပန်မှုများကို လျှော့ချ ပေးလိုက်ရာ ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာ အာဏာပိုင်များကမူ ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီး တစ်ပတ်ခန့် အကြာ) တွင် လွတ်မြောက်မည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မြန်မာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်မည့် အကြောင်း အရင်းများကို ရှာဖွေ လာဖွယ် ရှိကြောင်း အတိုက်အခံ အင်အားစုများက သုံးသပ်သည်။

UPI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment