Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်နှင့် တွေ့ဆုံရာတွင် လူ့အခွင့်အရေး ကိစ္စများ ထုတ်ဖော် ပြောဆိုမှု မပြုခဲ့သည့် အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အုပ်စု တစ်စုက ဝေဖန် ပြောဆိုလိုက်သည်။

တရုတ် အစိုးရ ဆန့်ကျင်ရေး သမား နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် Liu Xiaobo အား ဖမ်းဆီး အကျဉ်းချ ထားမှုအပေါ် စိုးရိမ် ပူပန်မှု လူသိရှင်ကြား ထုတ်ဖော် ပြောဆိုပေးရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းကို တိုက်တွန်း ပြောဆိုထားသည်။ အဆိုပါ ကိစ္စအပေါ် မစ္စတာ ဘန်ကီမွန်း ရေငုံ နှုတ်ပိတ် လုပ်ခဲ့မှုသည် များစွာ တုန်လှုပ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ကြောင်း၊ မစ္စတာ ဘန်ကီမွန်းသည် တရုတ် လူ့အခွင့်အရေး လှုံ့ဆော်သူများသို့ ကြောက်မက်စရာ ကောင်းသော အချက်ပြမှု တစ်ရပ် ပြသလိုက်ခြင်း ဖြစ်ကြောင်း Human Rights Watch က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကုလသမဂ္ဂမှ ပြောရေးဆိုခွင့် ရှိသူက မစ္စတာ ဘန်ကီမွန်းနှင့် တရုတ် ခေါင်းဆောင် ဟူဂျင်တောင်းတို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေး ကိစ္စကို ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ပါကြောင်း အတည်ပြု ပြောကြားသည်။ တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် မစ္စတာ ဘန်ကီမွန်းတို့ ပုဂ္ဂိုလ်ရေး သီးသန့် ဆွေးနွေးမှုတွင်လည်း အဆိုပါ အရေးကိစ္စကို ထည့်သွင်းခြင်း မရှိကြောင်း၊ အကြောင်းမှာ အခြား အရေးကြီး ဆွေးနွေးစရာ အရေးကိစ္စများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆူဒန်နှင့် ဆိုမာလီယာ ကဲ့သို့သော အာဖရိက နိုင်ငံများတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် ကြီးမားသော အခန်းကဏ္ဍမှ ဝင်ရောက်ပေးရန် မစ္စတာ ဘန်ကီမွန်းက တရုတ် သမ္မတကို ပြောဆိုခဲ့သည်ဟု ဆိုသည်။

တရုတ် အစိုးရ ဆန့်ကျင်ရေး သမား Liu Xiaobo နိုဗယ်လ် ငြိမ်းချမ်ရေးဆု ရရှိသည့် ကိစ္စကို များစွာ သတိထား၍ တုံ့ပြန်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်အား လူ့အခွင့်အရေး လှုံ့ဆော်သူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။

ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် မစ္စတာ ဘန်ကီမွန်းက မစ္စတာ Liu Xiaobo အား သွယ်ဝိုက်သော နည်းဖြင့်သာ ဝမ်းမြောက်ကြောင်း ချီးမွမ်း ပြောဆိုခဲ့သည်။ သို့သော် Liu Xiaobo အကျဉ်းထောင်မှ လွတ်မြောက်ရေး အတွက် တရုတ် အစိုးရကို တိုက်တွန်း ပြောဆိုမှု မပြုပေ။

မစ္စတာ ဘန်ကီမွန်းက မိမိအနေဖြင့် ပြည့်ဝသော သံတမန် နည်းလမ်းကိုသာ ကျင့်သုံး လိုကြောင်း တုံ့ပြန် ပြောဆိုပြီး ၎င်း၏ နှိမ့်ချတတ်သော ပင်ကိုယ် စတိုင်ကို ကာကွယ်ခဲ့သည်။ လေ့လာ အကဲခတ်သူများ အဆိုအရ မစ္စတာ ဘန်ကီမွန်းသည် ကုလ အထွေထွေ အတွင်း ရေးမှူးချုပ် ရာထူး ဒုတိယ သက်တမ်း ဆက်လက် တာဝန် ထမ်းဆောင်နိုင်ရန် တရုတ်နိုင်ငံ၏ အထောက်အပံ့ လိုအပ်သောကြောင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် Liu Xiaobao နှင့် ပတ်သက်၍ ယင်းသို့ သတိထား ပြုမူ ပြောဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးနိုင်သည့် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment