Transparency Myanmar

transparency.myanmar@gmail.com

ယခင် သြစတြေးလျ ခေါင်းဆောင်ဟောင်း Kevin Rudd က အကယ်၍ တရုတ် နိုင်ငံတွင် အစစ အရာရာ လွဲချော်မှုများ ဖြစ်ပေါ်လာပါက အင်အားသုံး ဖြေရှင်းရန် အသင့်ပြင် ထားသင့်သည်ဟု အမေရိကန် ပြည်ထောင်စုကို ပြောဆိုခဲ့ကြောင်း WikiLeaks က ထုတ်ဖော်လိုက်သော သံတမန် ကြေးနန်း တစ်ရပ်အရ သိရသည်။

မစ္စတာ Kevin Rudd နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ စကား ပြောဆိုရာတွင် တရုတ်နိုင်ငံအား ထိုင်ဝမ်နှင့် တိဘက်အပေါ် ယုံမှား သံသယ ဖြစ်လွန်းနေသော နိုင်ငံတစ်ခု အဖြစ် ညွှန်းဆိုကြကြောင်း၊ အာရှ-ပစိဖိတ် ဒေသအဖွဲ့ တစ်ခု ဖွဲ့စည်းရန် Kevin Rudd က တွန်းအား ပေးခဲ့ခြင်းသည် အာရှ ဒေသတွင်း တရုတ် သြဇာ လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း WikiLeaks က ဆိုသည်။

မစ္စတာ Kevin Rudd နှင့် ဟီလာရီ ကလင်တန်တို့ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း နေ့လယ်စာ စားသုံးခိုက် စကား ပြောဆိုရာတွင် မစ္စတာ Kevin က မိမိကိုယ်မိမိ တရုတ်အပေါ် ခက်ထန် ကြမ်းတမ်းသော ပကတိ ဝါဒီတစ်ဦး အဖြစ် သတ်မှတ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

WikiLeaks ၏ အဆိုအရ မန်ဒရင်း ဘာသာ စကားလည်း ပြောဆိုတတ်သူ Kevin Rudd က တရုတ် နိုင်ငံတွင် ဘက်ပေါင်းစုံ ပါဝင်သော စေ့စပ် ညှိနှိုင်းမှုဖြင့် အပြန်အလှန် တက်ကြွသော ဆက်ဆံမှု တစ်ရပ် ပေါ်ထွန်းရေးကိစ္စကို ဟီလာရီ ကလင်တန်နှင့် အခြေအတင် ပြောဆိုခဲ့သည်။

ပေါင်းစည်းမှု အားကောင်းလာသော တရုတ်နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်း ထဲသို့ ဆွဲခေါ်ပြီး ကြီးမားသော အခန်းကဏ္ဍမှ နေ၍ တာဝန်ယူနိုင်သူ တစ်ဦး ဖြစ်လာစေရန် ပြုလုပ်သင့်ကြောင်း၊ ထို့အတူ အကယ်၍ အစစ ရာရာ လွဲချော်မှုများ ဖြစ်ပေါ်ကာ ပြဿနာများ ထွက်ပေါ်လာပါက တပ်ဖွဲ့များ ဖြန့်ကြက်ထားရန်လည်း ပြင်ဆင် ထားသင့်ကြောင်း Rudd က ပြောဆိုခဲ့သည်။

အဆိုပါ သံတမန် ကြေးနန်း ပေါက်ကြားမှုနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရက ထင်မြင် သုံးသပ်ချက် ပေးရန် ငြင်းပယ်ခဲ့သည်။ သံတမန် ကြေးနန်းများ အရ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အသိုက်အဝန်းတွင် ကြီးမားသော တာဝန်ရယူလာရန် အမေရိကန် ပြည်ထောင်စုက အလို ရှိနေသည်မှာ သေချာသည်။ ထို့အတူ တရုတ်အနေဖြင့် နိုင်ငံသားများ အတွက် လူမှု လုံခြုံရေး စနစ်ကောင်းများ တည်ဆောက် ပေးစေလိုသည်။

တရုတ်နိုင်ငံ စီးပွားရေး အင်အား ကောင်းမွန်မှုမှ ထွက်ပေါ်လာသော စိန်ခေါ်မှုများကိုလည်း ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောဆိုခဲ့သည်။ "ရှင့်ရဲ့ ဘဏ်လုပ်ငန်းရှင်ကြီး တရုတ်ကို
ဘယ်လိုနည်းနဲ့ ခပ်ပြတ်ပြတ် အပေးအယူ လုပ်မှာလဲ" ဟု ဟီလာရီ ကလင်တန်က မစ္စတာ Rudd ကို မေးခွန်း ထုတ်သည်။

မစ္စတာ Rudd ကလည်း တရုတ် ခေါင်းဆောင်များကို အကဲဖြတ် သုံးသပ်မှုများ ပြုလုပ်ခဲ့သေးသည်။ ယခင် တရုတ် သမ္မတများနှင့် လက်ရှိ သမ္မတ ဟူဂျင်တောင်ကို နှိုင်းယှဉ် သုံးသပ်သည်။ ဟူဂျင်းတောင်သည် ကျန်ဇီမင်း မဟုတ်ဟု မစ္စတာ Rudd က ဝေဖန် သုံးသပ်ပြီး
ဟူဂျင်းတောင်း နေရာတွင် Xi Jinping ဝင်ရောက်ဖွယ် ရှိသည်ဟု ထင်မြင် သုံးသပ်ချက် ပေးသည်။

ထိုင်ဝမ် အရေးကိစ္စ အပေါ် တရုတ် ခေါင်းဆောင်များက အလွန်အမင်း စိတ်လှုပ်ရှားကာ ကိုင်တွယ် နေသည်ဟုလည်း ၎င်းက သုံးသပ် ပြောဆိုသည်။ တိဘက် ကိစ္စအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခြင်းသည် အခြားသော တိုင်းရင်းသား လူနည်းစုများ အပေါ် တစ်စုံတရာ သိရှိစေ လိုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment