Transparency Myanmar

transparency.myanmar@gmail.com

From Associated Press, 6th December 2010

ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွင် စိတ်ချုပ်တည်းကြရန် တရုတ်ခေါင်းဆောင်က တိုက်တွန်းနေချိန်တွင် ဘီဂျင်း၏ မဟာမိတ် မြောက်ကိုရီးယားထံသို့ "၎င်း၏ ရန်စ ကျူးကျော်မှုများမှာ လက်ခံနိုင်ဖွယ် မရှိ" ဟု ဖော်ပြသည့် အကြောင်းကြားစာ ပေးပို့ရန် သမ္မတ အိုဘားမားက တနင်္ဂနွေနေ့တွင် တရုတ်ခေါင်းဆောင်နှင့် တယ်လီဖုန်း ပြောဆိုရာတွင် တိုက်တွန်းလိုက်သည်။

ထိုသို့ ပြောဆိုမှုတွင် တရုတ် သမ္မတ ဟူကျင်းတောင်က ကျွန်းဆွယ် လတ်တလော တင်းမာမှု အပေါ် တရုတ်က အကြီးအကျယ် စိုးရိမ်ပူပန်နေကြောင်းနှင့် ပတ်သက်သူ အားလုံး တည်တည်ငြိမ်ငြိမ် ဆင်ခြင်တုံ တရားဖြင့် တုန့်ပြန်ကြရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်ဟု အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်သည်။

ကိုရီးယား ကျွန်းဆွယ်မှ ထိလွယ် ခိုက်လွယ် လုံခြုံမှု အနေအထားကို အကယ်၍ မှန်မှန်ကန်ကန် ကိုင်တွယ်ခြင်း မရှိပါက တင်းမာမှုများ ဆက်လက် မြင့်မားသွားနိုင်သည့် အပြင် ပတ်သက်သော နိုင်ငံ အားလုံး၏ ဘုံအကျိုး စီးပွားဘောင်ထဲတွင် မရှိတော့ဘဲ ထိန်းချုပ် မရအောင် လွတ်ထွက်သွားသည်အထိ ဖြစ်လာနိုင်သည်ဟု ဟူကျင်းတောင်၏ ပြောဆိုမှုကို ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

ဝါရှင်တန်တွင်မူ အိမ်ဖြူတော်က "ခေါင်းဆောင်များသည် အာရှတိုက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ၎င်းတို့၏ အကျိုးတူ ကိစ္စရပ်များ၊ ကိုရီးယားကျွန်းဆွယ် နျူကလီယာလက်နက် ကင်းစင်အောင် ပြုလုပ်ရေး၏ အရေးကြီးပုံ တို့ကို ပြောဆိုခဲ့ကြသည်" ဟု ထုတ်ပြန်သည်။

လူ ဦး သေဆုံးခဲ့ရသည့် တောင်ကိုရီးယားကျွန်းကို အမြောက် ပစ်ခတ်မှု အပါအဝင် ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကို မြောက်ကိုရီးယားက ဆက်လက် ဆုပ်ကိုင်ထားခြင်းကို သမ္မတ အိုဘားမားက ပြစ်တင် ရှုတ်ချလိုက်သည်ဟုလည်း သိရှိရသည်။

"မြောက်ကိုရီးယားကို သူ့ရဲ့ ကျူးကျော်ရန်စမှုတွေဟာ လက်သင့်ခံနိုင်ဖွယ် မရှိဘူးဆိုတဲ့ ရှင်းလင်းတဲ့ အကြောင်းကြားစာ ပေးပို့ဖို့ အတွက် အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို အိုဘားမားက တိုက်တွန်းခဲ့ပါတယ်" ဟု အိမ်ဖြူတော်က ပြောကြားသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အရေးကြီးဆုံး မဟာမိတ်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၃ ရက် တောင်ကိုရီးယားပိုင်ကျွန်း ပစ်ခတ်မှု အပြီးတွင် ပြုံယမ်း အပေါ် ၎င်း၏သြဇာ အသုံးပြု ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဖိအားပေးခဲ့ကြသည်။

ဘီဂျင်းကမူ ပြုံယမ်းအစိုးရ စိတ်ဆိုးခြင်း၊ မတည်ငြိမ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အတင်းအကျပ် အရေးယူမှုကို ပြုလုပ်ရန် မလိုလားပဲ မြောက်ကိုရီးယားက နျူကလီယာ ဖျက်သိမ်းရေး နိုင်ငံ ဆွေးနွေးများ ပြန်လည် စတင်ရေးကိုသာ ဦးစားပေး ပြောဆိုလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment