Transparency Myanmar

transparency.myanmar@gmail.com

မန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်မက်ပဋိပက္ခများအန္တရာယ်မှ တိမ်းရှောင် ထွက်ပြေးလာသော ဒုက္ခသည်များအပေါ် 'လူသားပင်ပေါင်ဘောလုံး' များသဖွယ် ပြုမူဆက်ဆံ နေမှုများကို ထိုင်းနိုင်ငံအနေဖြင့် ရပ်တန့်သင့်ပြီဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးတစ်ခုက သတိပေးပြောဆိုလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့သော မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ အများစုမှာ မြန်မာနိုင်ငံဘက်သို့ ရက်ပိုင်းအတွင်း ပြန်လည်ဝင်ရောက် သွားကြသော်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ် နေသောကြောင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသဘက်သို့ ပြန်လည်ထွက်ပြေးကြရပြန်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(HWR) ကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြီးစီးသွားသော ဒီမိုကရေစီ ရွေးကောက်ပွဲသည် အရပ်သားများအပေါ်အကြမ်းဖက်သည့် စစ်အစိုးရ၏ဗျူဟာများကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ စစ်အစိုးရအကြမ်းဖက်ခြင်းခံရသော အရပ်သားများအနေဖြင့် ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ရန်လိုအပ်ကြောင်း HRW မှ အာရှဒေသဆိုင်ရာဒါရိုက်တာ Elaine Pearson ကပြောကြားသည်။

"မြန်မာနိုင်ငံတွင်း စစ်မက်ပဋိပက္ခကနေထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူတွေဟာ လူသားပင်ပေါင်ဘောလုံးတွေလို ဆက်ဆံခံနေရတယ်။ စစ်မက်ပဋိပက္ခဖြစ်တဲ့အခါ ထိုင်းနိုင်ငံ ဘက်မှာ ခိုလှုံခွင့်ရတယ်။ ပဋိပက္ခပြီးဆုံးပြီလို့ကြားတာနဲ့ မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံကြရတယ်" ဟု Elaine Pearson ကပြောကြားသည်။

"မြန်မာနိုင်ငံမှာပဋိပက္ခတွေ အမှန်တကယ်မပြီးဆုံးသေးသရွေ့ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည် တွေကို မြန်မာပြည်ကိုပြန်မပို့သင့်ပါဘူး။ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို နယ်စပ်ဒေသကနေ ဝေးကွာပြီး လုံခြုံစိတ်ချရတဲ့ နေထိုင်ခွင့်ပေးသင့်ပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့တွေကပေးတဲ့ အကူအညီအထောက်အပံ့တွေ ရအောင်လုပ်ပေးသင့်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ဒီကေဘီအေအဖွဲ့က ကရင်ပြည်နယ်ရှိ မြဝတီမြို့ကို သိမ်းပိုက်ပြီးခဲ့ရာ မြန်မာစစ်တပ်နှင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် မြဝတီရှိ အရပ်သားထောင်ပေါင်းမြောက်မြားစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ အချို့သော စစ်စခန်းများတွင်လည်း အလားတူ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်က အဆိုပါဒေသများတွင် အခိုင်အမာ နေရာယူထားပြီးဖြစ်သည်။ သို့အတွက်ကြောင့် ဒေသခံအတော်များများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။
AFP
သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment