Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၃ ကျော်ကာလမျှပိတ်ပင်ထားသော ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော် ဂိတ်စခန်းကို မြန်မာအာဏာပိုင်များက မမျှော်လင့်ဘဲ ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့မြန်မာနိုင်ငံဘက်မှ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ကုန်သည်များ အနေဖြင့် ထိုင်းနိုင်ငံ ဆတ်ခလာဘူရီပြည်နယ်နှင့် မြန်မာနိုင်ငံအကြား တရားဝင် ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိကြပြီဖြစ်သည်။

မြန်မာအာဏာပိုင်များက အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မမျှော်လင့်ဘဲ ဖွင့်ပေးလိုက်သည့် အတွက် ကုန်သည်များလည်း အံ့အားသင့်လျက်ရှိကြသည်။

အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက အဆိုပါ ဘုရားသုံးဆူဂိတ်သည် ခဲ၊ ပရိဘောဂ အစရှိသော အဓိကကျသည့် ကုန်ပစ္စည်းများ ဖြတ်သန်းတင်ပို့ရာ နေရာတစ်ခုဖြစ်ပြီး ယခုလို ဂိတ်ပြန်ဖွင့်လိုက်သည့် အတွက် တရားဝင်ကုန်ကူးခွင့်ရရှိပြီဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ထိုင်းနိုင်ငံမှ ဘုရားသုံးဆူဘက်သို့ ဝင်ရောက်လာသူတစ်ဦးလျှင် အမေရိကန် ၁ ဒေါ်လာ နှင့် မော်တော်ကားတစ်စီးလျှင် အမေရိကန် ၁ ဒဿမ ၃၀ ဒေါ်လာစီ မြန်မာ အာဏာပိုင်များက အခွန်ကောက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့်သူများကို အခွန်ကောက်ခံခြင်း မရှိကြောင်း အဆိုပါကုန်သည်က ဆက်လက်ပြောဆိုသည်။

အဆိုပါ နယ်စပ်ဂိတ်ကို မမျှော်လင့်ဘဲဖွင့်ခဲ့သောကြောင့် ဒေသခံများက အံ့အားတသင့် ပြောဆိုဝေဖန်မှုများ ရှိသော်လည်း ယင်းသို့နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပေးခြင်းသည်
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya တို့ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးရက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းနှင့် မစ္စတာ Kasit Piromya တို့တွေ့ဆုံဆွေးနွေးရာတွင် တာချီလိတ် နယ်စပ်ဂိတ်နှင့် မြဝတီ-မဲဆောက် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရေးကိုလည်း အဓိကအာရုံစိုက် စေ့စပ်ညှိနှိုင်းခဲ့ဖွယ်ရှိကြောင်း ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာအာဏာပိုင်များက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးမှ တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံခန့်ရရှိနေသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသတွင် တရားမဝင်နယ်စပ်ဂိတ်နှင့် တရားဝင် နယ်စပ်ဂိတ်စုစုပေါင်း ၂၀ ရှိသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment