Transparency Myanmar

transparency.myanmar@gmail.com

From Inner City Press, 6th December 2010

      ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာလ အတွက် လုပ်ငန်း အစီအစဉ်အရ မြန်မာနိုင်ငံ ကိစ္စကို စတင် ဆွေးနွေးသည့် အနေဖြင့် တနင်္လာနေ့တွင် သီးခြား တံခါးပိတ် အစည်းအဝေး ၂ ခုကို ပြုလုပ်ခဲ့ပြီးနောက်တွင် အောက်ခြေမှတ်စုမျှသာ ထွက်ပေါ်ခဲ့သည်။

      မနက် ၁၁ နာရီတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ၎င်း၏ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာတို့က မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများ အုပ်စုအား ရှင်းလင်း တင်ပြရာတွင် ဥရောပ သမဂ္ဂလည်း ထပ်တိုး မိတ်ဆွေ အဖြစ် တက်ရောက်ခဲ့သည်။

      ထို့နောက် မွန်းလွဲ ၃ နာရီတွင် ဗီဂျေးနမ်ဘီယာ၏ အလားတူ သီးခြား ရှင်းလင်း တင်ပြမှုကို ၎င်း၏ တိုင်ပင် ဆွေးနွေးခန်းတွင် လုံခြုံရေး ကောင်စီ အတွက် ပြုလုပ်ခဲ့သည်။ သို့သော် မည်သည့် ရလဒ်ကိုမှ မျှော်လင့်၍ မရပါ။

      Inner City Press က ယခင်အပတ်က သတင်း ဖော်ပြခဲ့သည့် အတိုင်း ကုလသမဂ္ဂ တာဝန်ရှိသူများထံ တင်ပြသော ဗီဂျေးနမ်ဘီယာ၏ ဌာနတွင်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် အား ဝေဖန်ထားခြင်း ဖြစ်ပြီး၊ သူမအား အလှမ်းကွာလွန်းသူ၊ သဘောထား တင်းမာလွန်းသူ အဖြစ် သတ်မှတ်ထားသည်ဟု ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောကြားသည်။ နမ်ဘီယာက အာဏာရှင် အစိုးရအား ပိုမို လိုလားထောက်ခံသည့် သဘောကို ညွှန်းဆိုခဲ့သည်ဟု သိရှိရသည်။

      အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထပ်ကာထပ်ကာ ရှင်းလင်း တင်ပြခဲ့သည့် အကျိုး အကြောင်းမှာ မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင်များနှင့် လုံခြုံရေးကောင်စီတို့မှာ မတူသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိတ်ဆွေနိုင်ငံများ အုပ်စု၏ အစည်းအဝးသို့ ဥရောပသမဂ္ဂ ဖိတ်ကြားခံရပြီး တက်ရောက်ခဲ့ခြင်းသည် တန်ဖိုးကျခြင်းပင် ဖြစ်သည်။ အဆိုပါ ယုတ္တိဗေဒ သဘောအရဆိုလျှင် မိတ်ဆွေများအုပ်စု အဖွဲ့ဝင်မဟုတ်သည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ ကိုလည်း ဖိတ်ကြားနိုင်သည့် သဘော သက်ရောက်သွားနိုင်သည်။

      ဒီဇင်ဘာ ၃ ရက်နေ့တွင် Inner City Press က ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်ဆာကီကို "မြန်မာနိုင်ငံက နမ်ဘီယာအား ၂ ရက်မျှသာ ဗီဇာ ပေးခဲ့သည် ဆိုသည်ကို အတည်ပြုမလား၊ ငြင်းဆိုမလား" ဟု မေးမြန်းခဲ့သည်။

      နက်ဆာကီက "ဒီကိစ္စကို သူက သုံးသပ် စစ်ဆေးနေတုန်းပါ။ အတွင်းရေးမှူးချုပ်ကတော့ တဖက်သတ် မပြောဖို့ ဆုံးဖြတ်နိုင်ပါတယ်" ဟု ပြောကြားသည်။ ယခုကိစ္စသည် ပွင့်လင်းမြင်သာ ပါသည်ဟု ပြောကြားထားသော ကုလ အုပ်ချုပ်မှုအဖွဲ့၏ ကိစ္စရပ်တစ်ခု အဖြစ် ပေါ်ထွက်လာနေသည်။ "နမ်ဘီယာက မီဒီယာများနှင့် စကားပြောရန် အစီအစဉ် ရှိပါသလား" ဟု Inner City Press က မေးမြန်းခဲ့ရာ နက်ဆာကီက "နမ်ဘီယာ ပြောမှာပါ" ဟု ဖြေကြားသည်။ Inner City Press က နမ်ဘီယာကို မေးမြန်းရန် စောင့်ဆိုင်းနေသည်။ စောင့်မျှော်ကြည့်ရှုပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment