Transparency Myanmar

transparency.myanmar@gmail.com

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ပါကစ္စတန် နိုင်ငံ အလည်အပတ် ခရီးစဉ် အတွင်း နှစ်နိုင်ငံ အကြား ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီမှုများ ရရှိခဲ့ကြောင်း AFP သတင်းက ရေးသား ဖော်ပြသည်။ မစ္စတာ ဝမ်ကျားပေါင်၏ အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေး မြှင့်တင်ရန် အဓိက ဦးတည်ပြီး စာချုပ်များစွာလည်း ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

နှစ်နိုင်ငံမှ စီးပွားရေး ခေါင်းဆောင်ကြီးများသည် အစ္စလမ်မာဘတ်ဂ်မြို့ရှိ ကြယ်ငါးပွင့် အဆင့် Marriott Hotel တွင် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ သဘော တူညီချက် စာချုပ်များကို ထပ်ပေါင်းမည် ဆိုပါက နှစ်နိုင်ငံ အကြား ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီမှု စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းဌာနများက ရေးသားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် နှစ်ပေါင်း ငါးနှစ်အတွင်း ပါကစ္စတန် နိုင်ငံသို့ ပထမဆုံး သွားရောက်သော တရုတ် ဝန်ကြီးချုပ် ဖြစ်ပြီး ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရန် အဓိက အာရုံစိုက်ခဲ့သည်။ ပါကစ္စတန် နိုင်ငံက တရုတ်ကို အနီးကပ် မဟာမိတ် နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ကြောင်း၊ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုများ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လျော့ကျမှုများကြောင့် ထိခိုက် နေရသော ပါကစ္စတန် နိုင်ငံ စီးပွားရေးအတွက် မစ္စတာ ဝမ်ကျားပေါင် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော စာချုပ်များသည် အလွန်တရာ အရေးကြီးကြောင်း Xinhua သတင်းဌာနက ဆိုသည်။

ပါကစ္စတန် ပြန်ကြားရေး ဝန်ကြီး အူမာဇာမန်ခါရာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သဘော တူညီချက် စာချုပ်နှင့် နားလည်မှု စာချွန်လွှာပေါင်း ၁၃ ခုတိတိ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း ပြောဆိုသည်။ စွမ်းအင်ကဏ္ဍ၊ မီးရထားလမ်း ဖောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အစရှိသည့် အခန်း ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် နိုင်ငံတွင် အကောင် အထည် ဖော်မည့် စွမ်းအင် စီမံကိန်းများ အားလုံးကို တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့ပေးမည် ဖြစ်သည်ဟု မစ္စတာ ဝမ်ကျားပေါင်က ကတိပြု ပြောဆိုခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး အူမာဇာမန်ခါရာက ဆိုသည်။ "ယခု ကိစ္စသည် စွမ်းအင် အကျပ်အတည်း ဖြစ်နေသော ပါကစ္စတန် အတွက် လွန်စွာ အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်" ဟု မစ္စတာ အူမာဇာမန်ခါရာက ညွှန်းဆိုသည်။ ပါကစ္စတန်သည် နိုင်ငံအတွက် လိုအပ်သော လျှပ်စစ်စွမ်းအား ပမာဏ၏ ၈၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်သည်။

"တရုတ်နိုင်ငံက ပါကစ္စတန်မှာ လုပ်မယ့် စီမံကိန်းပေါင်း ၃၆ ခုကို ထောက်ပံ့ ပေးသွားမှာပါ။ အဲဒီ စီမံကိန်းတွေဟာ လာမယ့် ငါးနှစ်အတွင်း ပြီးဆုံးပါလိမ့်မယ်။ အခြေခံ သဘောအရ ဆိုရလျှင် ဒီစီမံကိန်းတွေဟာ ငါးနှစ်တာ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲများ အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိထားသည့်တိုင် နောက်ကွယ် ဆွေးနွေးမှုများတွင် တစ်ဂစ်ဂါဘိုက် အဆင့်ရှိ နျူကလီယာ စွမ်းအင် စက်ရုံ တည်ဆောက်မည့် အစီအစဉ်လည်း ပါဝင်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ စက်ရုံမှ ပါကစ္စတန် နိုင်ငံအတွက် ၂၀၂၅ ခုနှစ် မှစ၍ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၈၀၀၀ ထုတ်လုပ်ပေးရန် ပါကစ္စတန် နိုင်ငံက စီစဉ်ထားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ယဉ်ကျေးမှု စင်တာရှိ ပါကစ္စတန်-တရုတ် ချစ်ကြည်ရေး ကျောက်တိုင်ကို ဖွင့်လှစ်ပေးကြောင်း၊ ထို့ပြင် ၎င်းသည် ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် နာဝတ်ဇ်ရှရစ်၊ စစ်ဘက်မှ ထိပ်တန်း အရာရှိကြီးများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှု ပြီးဆုံးသောအခါ ပါကစ္စတန် သမ္မတ အဆစ်အလီဇာဒါဝီက နိုင်ငံတော် ဧည့်ခံပွဲဖြင့် တည့်ခင်း ဧည့်ခံသည်ဟု ဆိုသည်။ ထို့နောက် မစ္စတာဝမ်သည် ပါလီမန်၌ မိန့်ခွန်း ပြောကြားသည်။ "ဒီခရီးစဉ်ရဲ့ ရလဒ်ဟာ ကျွန်တော်တို့ မျှော်မှန်းထားတာ ထက်ကို ကျော်လွန်သွားပါတယ်။ ဒီနေ့ဟာ သမိုင်းဝင်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံ၊ ဘေဂျင်း အခြေစိုက် ပါကစ္စတန် သံအမတ်ကြီး Masood Khan က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ပြိုင်ဘက် အိန္ဒိယနိုင်ငံမှ ခြိမ်းခြောက်မှုများ၊ ရေလွှမ်မိုးမှုနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ လျော့နည်းမှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြင့် ရင်ဆိုင်နေရသော ပါကစ္စတန် နိုင်ငံသည် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် နိုင်ငံရေး အခြေအနေ အပေါ် များစွာ မှီခိုနေရသည်။ လာမည့် ငါးနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံမှ ၁၈ ဘီလီယံ အထိ မြင့်တက်လာမည်ဟု မျှော်လင့်ပါကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုသည်။

တရုတ်နိုင်ငံ သည်လည်း လက်ရှိ အနေအထားတွင် ပါကစ္စတန် နယ်စပ်၌ လှုပ်ရှား သွားလာနေသော အစ္စလာမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment