Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ၊ မဲဟောင်ဆန် ပြည်နယ်ရှိ သံလွင် အမျိုးသား ဥယျာဉ် (Salween National Park) တွင် တရားမဝင် သစ်ခုတ်ပြီး မြန်မာနိုင်ငံသို့ တင်ပို့ခြင်း မရှိသကဲ့သို့ အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ မြန်မာ့ကျွန်းသစ် အဖြစ် ပြန်လည် တင်သွင်းခြင်းလည်း မရှိကြောင်း ထိုင်းဆီးနိတ် ဆပ်ကော်မတီက ပြောကြားလိုက်သည်။

အစောပိုင်း ကာလများက ထွက်ပေါ်လာသော သတင်း ပေးပို့ချက်များတွင် မြန်မာနိုင်ငံမှ သစ်များကို ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းမှုများ ရှိကြောင်း၊ အဆိုပါ သစ်များမှာ ထိုင်းနိုင်ငံတွင် ခုတ်လုပ်ခဲ့သည့် ထိုင်းမူရင်း သစ်များသာ ဖြစ်ကြောင်း ဖော်ပြ ပါရှိခဲ့သည်။ အဆိုပါ သတင်း ပေးပို့ချက်များ အားလုံးမှာ မှန်ကန်မှု မရှိကြောင်း မဲဟောင်ဆန်ပြည်နယ် ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ချင်းမိုင် ပြည်နယ် အတွင်း ဘတ်ငွေသန်း ၂၀၀ တန်ဖိုး ရှိမည်ဟု ခန့်မှန်းရသော ကျွန်းသစ်လုံး ၃၀၀၀ ဖမ်းဆီး ရမိမှုကိုလည်း မစ္စတာ Boonsong Kowawisarat က သုံးသပ် ဝေဖန်သည်။ ထိုင်း အထူးစုံစမ်း စစ်ဆေးရေး ဌာန၊ အကောက်ခွန် ဌာနနှင့် သစ်တောဌာနတို့ ပူးတွဲ ပြုလုပ်သော စစ်ဆင်ရေးတွင် အဆိုပါ သစ်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ ပူးတွဲ အဖွဲ့က Suksawat Group ကုမ္ပဏီပိုင် သစ်ခွဲစက်ရုံအား စီးနင်း ရှာဖွေခဲ့ရာ ထိုသစ်လုံးများ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ သစ်များကို မဲဟောင်ဆန် ပြည်နယ်မှ တစ်ဆင့် တရားမဝင် မှောင်ခို တင်သွင်းလျက် ရှိပြီး တရားမဝင် ကျွန်းသစ်များ ပိုင်ဆိုင်ထားကြောင်း ထိုင်းတရားရေး ဝန်ကြီး Pirapan Salirathavibhaga က အစီရင်ခံချက် တစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် ယင်းပူးတွဲ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း ကာလများတွင် ထိုင်းအာဏာပိုင်များက အဆိုပါ သစ်များသည် သံလွင် အမျိုးသား ဥယျာဉ်တွင် ခုတ်လှဲခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့ကြသည်။

ယင်းအမှုကို စုံစမ်း ဖော်ထုတ်သည့် ဆီးနိတ် ဆပ်ကော်မတီကို ဦးဆောင်သူ မစ္စတာ Boonsong Kowawisarat က စုံစမ်း ဖော်ထုတ် ရရှိသော ချက်လက်မှတ် များအရ အစောပိုင်းတွင် ထင်မှတ်ထားသလို သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များ မြန်မာနိုင်ငံသို့ ရောက်ရှိ သွားခြင်းမျိုး မဟုတ်တော့ကြောင်း ပြောကြားသည်။

သံလွင် အမျိုးသား ဥယျာဉ်မှ သစ်များကို တရားမဝင် ခုတ်ယူကာ မြန်မာနိုင်ငံသို့ သယ်ဆောင်သွားပြီး ထိုသစ်များကို မြန်မာ့ ကျွန်းသစ်များ အသွင်ဖြင့် မဲဟောင်ဆန် ပြည်နယ်၊ မောင်ခရိုင်ရှိ ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် မှောင်ခို ပြန်လည် တင်သွင်းလျက် ရှိသည်ဟု အစောပိုင်း ကာလများတွင် သတင်း ထွက်ပေါ်ခဲ့သည်။ ဘန်နမ်ဖန်းဒင် နယ်စပ် ဖြတ်ကျော် စခန်းသည် မယ်စရန် ခရိုင်ရှိ အမျိုးသား ဥယျာဉ်နှင့် ၂၄၅ ကီလိုမီတာ ကွာဝေးသည်။

အဆိုပါ အစီရင်ခံချက်များနှင့် သတင်းများမှာ နားလည်မှု လွဲမှားခြင်း သက်သက်သာ ဖြစ်ကြောင်း ဆီနိတ်တာ Boonsong Kowawisarat က ပြောကြားသည်။ မဲဟောင်ဆန် ပြည်နယ်မှ အကောက်ခွန် အာဏာပိုင်များက ဘန်နမ်ဖန်းဒင် နယ်စပ်ဂိတ်မှ သစ်အချောထည်များ ထိုင်းနိုင်ငံသို့ တင်သွင်းကြောင်း ပြောဆိုသည်။

အထူး ရာဇဝတ်ကြီးများကို စုံစမ်း ထုတ်ဖော်လျက် ရှိသည့် ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက မြောက်ပိုင်း ဒေသတွင် သစ်နှင့် ပတ်သက်သော တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုများကို နောက်ယောင်ခံ လိုက်လျက် ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် Anton ကုမ္ပဏီက ခွဲပြီးသား သစ်များကို မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု သံသယဖြစ်ဖွယ် စုံစမ်း တွေ့ရှိရကြောင်း စုံစမ်းရေးဌာနက ဆိုသည်။

အဆိုပါ Anton ကုမ္ပဏီပိုင်ရှင်အား ခွဲသစ်များ တရားမဝင် တင်သွင်းမှုဖြင့် အရေးယူခဲ့ကြောင်း DSI က ပြောကြားသည်။

Bangkok Post သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment