Transparency Myanmar

transparency.myanmar@gmail.com

BBC News, 21st December 2010

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ၈ လကျော် ချမှတ်ထားခဲ့သော အရေးပေါ် အခြေအနေကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ အထူး တားမြစ်ချက်များကို ယခုနှစ် အစောပိုင်း ဘန်ကောက်တွင် ဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အတော အတွင်း စတင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သံသယ ရှိသူများကို တရားစွဲခြင်း မပြုဘဲ ရက်ပေါင်း ၃၀ ထိန်းသိမ်း ထားပိုင်ခွင့် အပါအဝင် ထိရောက်သော အာဏာစက်ကို လုံခြုံရေး တပ်ဖွဲ့များထံ အစိုးရက ပေးအပ်ထားခဲ့သည်။

ဧပြီနှင့် မေလ အတွင်းက ဆန္ဒပြပွဲများနှင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားသော ရုန်းရင်း ဆန်ခတ်မှု များတွင် လူ ၉၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။

တိုင်းပြည်၏ လေးပုံတစ်ပုံ မကသော ဒေသများတွင် အရေးပေါ် ဥပဒေ အဆင့် တစ်ခုကို ထုတ်ပြန်ထားခဲ့သော်လည်း လုံခြုံရေး အနေအထား တိုးတက်မှု ရှိလာသည် နှင့်အမျှ တဖြည်းဖြည်း ရုတ်သိမ်းပေးခဲ့သည်။

ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေ

ဘန်ကောက်နှင့် အနီးတဝိုက် ပြည်နယ်များတွင် အရေးပေါ် ဥပဒေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရုတ်သိမ်းသင့်ပြီ ဖြစ်ကြောင်း အစိုးရက အကြံပြု ထားသည်မှာ သီတင်းပတ် အတော် ကြာခဲ့ပြီ ဖြစ်သည်။

ယခုအခါ အင်အားကြီး ထိုင်းတပ်မတော်က အချိန်ကျပြီ ဖြစ်ကြောင်း သဘော တူလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း အရာရာသည် လုံးဝ ပုံမှန် အနေအထားသို့ ပြန်ရောက်ဦးမည် မဟုတ်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးက ပြောကြားသည်။

သံသယ ရှိသူများကို တရားစွဲဆိုခြင်း မပြုပဲ ရက်သတ္တ တစ်ပတ်မှ ရက်ပေါင်း ၃၀ ခန့် ထိန်းသိမ်း ထားပိုင်ခွင့်ကို လုံခြုံရေး တပ်ဖွဲ့များထံ ဆက်လက် ပေးအပ်ထားသည့် ပြည်တွင်း လုံခြုံရေး အက်ဥပဒေဖြင့် အရေးပေါ် အမိန့်ကို အစားထိုး လိုက်သည့် လက္ခဏာ ရှိသည်ဟုလည်း သိရှိရသည်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက နောက်တစ်ကြိမ် အတွက် ယုံကြည် စိတ်ချမှု ရှိလာသည့် အတွက် အစိုးရ၏ လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုအခါ ဘန်ကောက်တွင် ပုံမှန် ဆန္ဒပြပွဲများ ရှိနေပြီး ထောင်ပေါင်း များစွာသော ပြည်သူများကို စည်းရုံး ဆွဲဆောင်လျက် ရှိသည်။

ယခု ဆန္ဒပြပွဲများသည် ယာဉ်သွား ယာဉ်လာ များကို အနှောင့်အယှက် ဖြစ်စေသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်သောကြောင့် အစိုးရက အရေးပေါ် ဥပဒေကို အသာအယာ ရုတ်သိမ်းပေးခြင်း ဖြစ်နိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment