Transparency Myanmar

transparency.myanmar@gmail.com

ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော Benigno Noynoy Aquino သည် အာဆီယံနိုင်ငံ ခေါင်းဆောင်များတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ထိထိရောက်ရောက် ပြောဆိုပေးသူ တစ်ဦးအဖြစ် ရပ်တည်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံရေး လှုပ်ရှားသူများပါဝင်သော အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်သည်။

"Noynoy အနေနဲ့ မိမိရဲ့မိခင်ဖြစ်သူ ရပ်တည်ပြောဆိုခဲ့တဲ့ ပုံစံအတိုင်း မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်သူ သမ္မတတစ်ဦးလိုနေသွားဖို့ ကျွန်တော်တို့က တိုက်တွန်း လိုက်ပါတယ်" ဟု Free Burma Coalition အဖွဲ့မှ ဖိလစ်ပိုင်လူမျိုး ပြောခွင့်ရပုဂ္ဂိုလ် Aguinaldo Bans ကပြောကြားသည်။

ဖိလစ်ပိုင်သမ္မတသစ်ဖြစ်မည့် Noynoy Aquino သည် မြန်မာစစ်အစိုးရကို နိုင်ငံရေး ဖိအားပေးရာတွင် အာဆီယံကို ကောင်းစွာ ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။ "မြန်မာစစ်အစိုးရလိုမျိုး အာဏာရှင်စနစ် ကျင့်သုံးတဲ့ အစိုးရစနစ်မျိုးကို ဖိလစ်ပိုင်တွေက ရွံရှာမုန်းတီးတယ် ဆိုတဲ့ အချက်ကို သူ့အနေနဲ့ ထုတ်ဖော်ပြသရမှာပါ" ။

ယခင်သမ္မတဟောင်း Corazon Aquino (Noynoy ၏မိခင်) သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးဖြစ်ခဲ့သည်။ ယခုအခါ Free Burma Coalition အဖွဲ့မှ အဖွဲ့ဝင်များသည် Davao နှင့် Makati မြို့များတွင် မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ရှုတ်ချသည့် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကိုကြည့်ပါက မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို မည်သို့မျှ အကျိုးအမြတ် မဖြစ်ထွန်းနိုင်ဟူသော အချက်ကိုတွေ့မြင်ရကြောင်း FBC ကဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်ဘက်ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ပေါ်ထွန်းဖို့ လိုအပ်တယ်။ အခု ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က မျိုးဆက်သစ်တွေ နေရာရဖို့ (သို့) ရွေးချယ်ခံရဖို့ လုပ်နေတာပါ။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရွေးကောက် တင်မြှောက်လို့ကတော့ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး" ဟု Aguinaldo Bans ကပြောကြားသည်။

Philippine Daily Inquirer မှသတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

"မှန်ကန်မှုမရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲက တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာဖွယ် ရှိသည်"

ဇွန်လ ၂ ရက်၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အနေဖြင့် မြန်မာပြည်တွင်းမှ လူ့အခွင့်အရေး ကိစ္စများကို ထုတ်ဖော် ပြောဆိုသင့်ကြောင်း Human Rights Watch (HRW) က မစ္စတာ ဝမ်ကျားပေါင်ထံသို့ မေလ ၃၁ ရက်နေ့တွင် စာတစ်စောင် ပေးပို့လိုက်သည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသတွင်း ရေရှည်လုံခြုံမှုအပေါ် ဂယက် ရိုက်ခတ်မှု ရှိကြောင်း၊ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလအတွင်း တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှု ရှိသော ပလေယာ တစ်ဦးအဖြစ် ရပ်တည်သင့်ကြောင်း HRW အဖွဲ့က ဆိုသည်။

တရုတ် ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အဆောတလျင် ထောက်ခံမှု ပေးသည့် ပုံစံမျိုး မပြုလုပ်သင့်ကြောင်း၊ မြန်မာ စစ်အစိုးရကို စစ်မှန်ပြီး တရားမျှတမှု ရှိကာ သက်ဆိုင်သူ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးလာအောင် ဖိအားပေး ပြောဆိုသင့်ကြောင်း HRW အဖွဲ့က တိုက်တွန်းသည်။

"စစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသူဖြစ်ရာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမည် မဟုတ်ပေ" ဟု HRW မှ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က စာထဲတွင် ထည့်သွင်း ရေးသားသည်။

"သို့သော် ဘေဂျင်း အစိုးရ၏ မူဝါဒများသည် မြန်မာ စစ်အစိုးရကို ယနေ့အချိန်အထိ အားပေး အားမြှောက် ပြုလုပ်နေသည့် သဘောမျိုး ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာပြည်တွင်း အသွင်ကူးပြောင်းမှု ဖြစ်ပေါ်အောင် တွန်းအားပေးခြင်းထက် စစ်အုပ်ချုပ်ရေး ဆက်လက် ရှင်သန်အောင် အားပေးနေသလိုလည်း ဖြစ်သည်" ဟု ဆိုသည်။

တရုတ် အစိုးရသည် ၎င်း၏ မူဝါဒဖြစ်သော အချုပ်အခြာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မပြုရေး အတိုင်း မြန်မာပြည်တွင်းရေးကို စွက်ဖက်မှု မပြုဘဲ စစ်အစိုးရကို အလျင်းသင့်သလို အားပေးအားမြှောက် ပြုလုပ်နေသည်ဟု HRW က ဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်း အခွင့်အရေး ချိုးဖောက်မှုများသည် ပြည်တွင်း ဖိအားပေးမှုများကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် နယ်စပ်ဒေသများသို့ ပျံ့နှံ့ ကူးစက်လာနိုင်ကြောင်း၊ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်ခြင်း၊ မတည်မငြိမ်မှုများ၊ ရုန်ရင်းဆန်ခတ်မှုများ ဖြစ်ပွားခြင်း အစရှိသော အရေးကိစ္စများ ဖြစ်ပေါ်ကာ တရုတ်နိုင်ငံသို့လည်း ရိုက်ခတ်မှု ရှိနိုင်ကြောင်း HRW က ထောက်ပြ ပြောဆိုသည်။

သို့အတွက်ကြောင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်း တစ်ဦးဖြစ်ရေး ဟူသည့် မူဝါဒအတိုင်း မြန်မာ စစ်အစိုးရ၏ အခွင့်အရေး ချိုးဖောက်မှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသင့်ကြောင်း HRW က ပေးပို့သော စာတွင် ထည့်သွင်း ရေးသားထားသည်။

အဆိုပါ စာတွင် အရေးကိစ္စ လေးခုကို မီးမောင်း ထိုးပြထားသည်။ ယင်းတို့မှာ -- ၂၀၁၀ ရွေးကောက်ပွဲ၊ နယ်စပ်ဒေသများ လုံခြုံရေး ကင်းမဲ့နေမှု၊ ဒေသတွင်း စေ့စပ်ညှိနှိုင်းရေးနှင့် ဒစ်ပလိုမေစီ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆက်ဆံရေး အစရှိသည်တို့ ဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံအတွက် အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သလို အရေးကြီးသော ကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်သည်။ စစ်လက်နက်များ ထောက်ပံ့သူလည်း ဖြစ်ကာ နိုင်ငံတကာ အခင်းအကျင်းတွင် သံတမန်နည်းအရ ကာကွယ် ပြောဆိုပေးနေသူလည်း ဖြစ်သည်။

တရုတ်အနေဖြင့် ပို၍ လက်တွေ့ကျသော နည်းလမ်းမျိုး သုံးကာ မြန်မာနိုင်ငံတွင်း စစ်မှန်သော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးသင့်ကြောင်း၊ ထို့အတူ မြန်မာ့အရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လက်တွဲ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းသည်။

"တရုတ်အနေဖြင့် သတိထားရမည့် အချက်မှာ စစ်အစိုးရကို ထောက်ပံ့ပေးမှုများ ဆက်လက် ပြုလုပ်နေခြင်းသည် စစ်အစိုးရအနေဖြင့် နိုင်ငံတွင်း ဖိနှိပ်မှုများ ကျူးလွန်လာအောင် လုပ်ဆောင် ပေးနေသကဲ့သို့ ရှိသည် ဟူသောအချက်ပင် ဖြစ်သည်။ ဤနည်းလမ်းသည် ဒေသတွင်း မတည်မငြိမ်မှုများကိုလည်း ပိုမို ဖြစ်ပေါ်စေသည်" ဟု ဆိုသည်။

HRW ဝက်ဘ်ဆိုက်မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(www.padaukmyay.blogspot.com မှ ကူးယူဖော်ပြသည်။)

(မေ ၂၆ ရက်နေ့ထုတ် The Los Angeles Times သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Matthew Frankel ရဲ့ Myanmar boycott is misguided ဆောင်းပါး ဖြစ်ပါတယ်။ Matthew Frankel ဟာ ၀ါရှင်တန် အခြေစိုက် the Brookings Institution က သုတေသန ပညာရှင် ဖြစ်ပါတယ်။ )

အပေါ်ယံ ကြည့်လိုက်ရင်တော့ အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ သတ္တိပြောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖျက်သိမ်းခံရတဲ့ ဘ၀ ရောက်စေတာ တောင်မှ ထောက်ခံဖို့ ကောင်းတဲ့ အလုပ် ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံး လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေမှာ အကျဉ်းသား တွေကို နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မပေးတာကြောင့် အတိုက်အခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို စွန့်ပစ်မယ့်အစား ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အတိုက်အခံတွေက လက်ရှိအစိုးရကို တရားဝင်အောင် လုပ်ပေး တာထက် ပါတီ ဖျက်လိုက်တာက ပိုကောင်းတယ်လို့ ရှုမြင်ခဲ့ကြတာပါ။

အာဏာရှင် အစိုးရကို ရင်ဆိုင်နေရတဲ့ အတိုက်အခံ ပါတီတစ်ခု အတွက် ရွေးကောက်ပွဲ ၀င်တာရော၊ သပိတ် မှောက်တာရော နည်းလမ်း နှစ်ခုလုံးဟာ အောင်မြင်ဖို့ အခွင့်အရေး သိပ်မရှိလှပါဘူး။ ဒါပေမယ့် လတ်တလော သမိုင်း ဖြစ်စဉ်တွေ အရကတော့ ရွေးကောက်ပွဲကို သပိတ် မှောက်တာဟာ မှားတဲ့ လမ်းကြောင်းကို ရွေးတာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ဒါမှမဟုတ် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်တဲ့ ဖြစ်စဉ် ၁၇၇ ခုကို ကျွန်တော် လေ့လာ ကြည့်တော့ ဒီနည်းလမ်းဟာ လိုချင်တဲ့ အစိုးရ အပြောင်းအလဲကို မဖြစ်စေရုံသာမက အကြိမ် အတော် များများမှာ လက်ရှိအစိုးရကို ပိုပြီး အခြေခိုင်အောင် လုပ်ပေးလိုက် သလိုတောင် ဖြစ်သွားတာ တွေ့ရပါတယ်။

နောက်ဆိုးကျိုး တစ်ခုကတော့ သပိတ် မှောက်ခြင်းဟာ သပိတ်မှောက်တဲ့ ပါတီကို ဘေးရောက် သွားအောင် လုပ်သလိုဖြစ် သွားတာဖြစ်ပြီး ဒီအဖြစ်ဟာ မြန်မာနိုင်ငံမှာ ပိုပြီး မှန်နေပါတယ်။ အခုဆို အင်န်အယ်လ်ဒီဟာ လွှတ်တော်ထဲမှာ ပါဝင်ခွင့် မရှိတော့ရုံသာမက တရားဝင် ရပ်တည်လို့လည်း မရတော့ပါဘူး။ အင်န်အယ်လ်ဒီက ခွဲထွက်တဲ့ ပါတီတစ်ခု ရွေးကောက်ပွဲ ၀င်မယ် ဆိုပေမယ့် ကင်မရွန်း၊ ဂမ္ဘီယာ၊ ဗင္နီဇြဲလား၊ ဇမ္ဘီယာ နိုင်ငံတွေရဲ့ အတွေ့အကြုံအရ မူလ ပါတီလောက် အရေးမပါ နိုင်တော့ပါဘူး။ နောက်ပြီး ဒေါ်စုကြည်က အဲဒီပါတီကို လူသိရှင်ကြား ဝေဖန်ရှုံ့ ချထားပြီး သပိတ်မှောက်မှုကို ပိုပြီး ခိုင်မာအောင် လုပ်ထား ပါသေးတယ်။

မြန်မာ အတိုက်အခံ ပါတီဟာ ခံစားမှု ပြင်းထန်၊ ဒေါသူပုန် ထနေတဲ့ တစ်ခြား အတိုက်အခံ ပါတီတွေလိုပဲ သူတို့ ဆုံးဖြတ်ချက်က လက်ရှိ အစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးမှုတွေ ပိုပြီး ပြင်းထန်လာ စေလိမ့်မယ်လို့ အလောင်းအစား လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ တည်ထောင် သူလည်းဖြစ်၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်လည်း ဖြစ်တဲ့ ဦးဝင်းတင်က ပြီးခဲ့တဲ့မတ်လမှာ ၀ါရှင်တန်ပို့စ် သတင်းစာက နေပြီး နိုင်ငံတကာ မိသားစုအနေနဲ့ ရွေးကောက်ပွဲ သပိတ် မှောက်တာကို လက်ခံဖို့နဲ့ ရွေးကောက်ပွဲကို လက်မခံ ပယ်ချဖို့ စိတ်အား ထက်သန်စွာနဲ့ ဆောင်းပါးရေး တောင်းဆိုခဲ့တယ်။ ဒီမဟာဗျူဟာရဲ့ ပြဿနာက ပြင်ပ အင်အားစု တွေဟာ အထူးသဖြင့် မြန်မာနိုင်ငံလို သိပ်အရေးမပါတဲ့ နိုင်ငံနဲ့ ပတ်သက်ရင် ဒီလိုကိစ္စမှာ ၀င်လုပ် ပေးနိုင်တာ သိပ်မရှိတာပဲ ဖြစ်တယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်း အောဘရိုက်က ၁၉၉၀စု အကုန်မှာ လုပ်တဲ့ အတိုက်အခံတွေ သပိတ်မှောက်ပြီး အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ အပြီး ၁၈ လ အကြာမှာ မာလီနိုင်ငံကို အာဖရိကတိုက်ရဲ့ ဒီမိုကရေစီ ခိုင်မာတဲ့ နိုင်ငံအဖြစ် ချီးမွမ်းခန်း ဖွင့်ခဲ့တယ်။ ၂၀၀၃ ခုနှစ် အဇာဘိုင်ဂျန် ရွေးကောက်ပွဲကို အတိုက်အခံတွေက သပိတ်မှောက်တဲ့ အပြင် ရွေးကောက်ပွဲ အပြီးမှာလည်း ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီးမှ အမေရိကန်က ခပ်မြန်မြန်ပဲ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုခဲ့တာ တွေ့ရပါတယ်။

နောက်တစ်ခါ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာအပေါ် နောက်ထပ် ဘာဖိအားတွေ ထပ်ပေးနိုင်မှာလဲ ဆိုတာလည်း မသေချာလှဘူး။ မြန်မာဟာ အပယ်ခံနိုင်ငံ ဘ၀နဲ့ ဒဏ်ခတ် အရေးယူမှုကို ခံနေရတာ အတော် ကြာနေပါပြီ။ အခု အမေရိကန် ဆီးနိတ်က ဒေါ်စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပေါ် စစ်ဗိုလ်ချုပ်တွေက ဘာလိုမှ တုန့်ပြန်မှာ မဟုတ်ပါဘူး။ နောက်ပြီး စစ်တပ်က အခု ရွေးကောက်ပွဲကို ဒီမိုကရေစီ အတွက် ပထမ ခြေလှမ်းအဖြစ် ပုံဖော်နေတော့ နိုင်ငံတကာ အနေနဲ့ ဒီရွေးကောက်ပွဲကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ဖို့လည်း မဖြစ်နိုင်ဘူး။

ရွေးကောက်ပွဲ သပိတ်မှောက်မှုကြောင့် အကျိုးဖြစ်ထွန်းတဲ့ ရလဒ်တွေကိုရခဲ့တဲ ရှားရှား ပါးပါး ဖြစ်ရပ်တွေကို ပြန်ကြည့် တော့လည်း ဒီလိုဖြစ်ရတာဟာ ပြည်ပကြောင့် မဟုတ်ဘဲ ပြည်တွင်း အကြောင်းကြောင့် ဖြစ်တဲ့အပြင် ဒီမိုကရေစီ ကျင့်သုံးနေပြီး ဖြစ်တဲ့ နိုင်ငံတွေမှာသာ ရလဒ်ကောင်း ရတာ ဖြစ်တယ်၊ အာဏာရှင် အုပ်ချုပ်ဆဲ နိုင်ငံမှာ အောင်မြင်တာ မဟုတ်ဘူး ဆိုတာလည်း တွေ့ရပြန်တယ်။ အထင်ရှားဆုံး ဥပမာ ကတော့ ပီရူးမှာဖြစ်ပြီး သမ္မတ ဖူဂျီမူရီကို ဆန့်ကျင်တဲ့ အင်အားစုတွေက ရွေးကောက်ပွဲ သပိတ်မှောက်တာ အပြင် အင်အား ကောင်းတဲ့ ဆန္ဒပြမှုတွေ၊ သပိတ် မှောက်မှုတွေကို လုပ်ပြီး သမ္မတကို ဖယ်ရှားနိုင်ခဲ့တယ်။ အဲဒီ အဖြစ်အပျက်မှာ နိုင်ငံတကာ ဖိအားက မဆိုစလောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး နည်းလမ်း ကတော့ အတိုက်အခံတွေ အနေနဲ့ ဒေါ်စုကြည်မပါလဲ ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ဖြစ်ပြီး အသစ် ဖွဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကို ထောက်ခံမှုတွေ ပေးသင့်တယ်။ ရွေးကောက်ပွဲစနစ်က စစ်အစိုးရဘက်ကို မျက်နှာသာ ပေးနေတယ် ဆိုတာတောင် ၁၉၉၀ ရွေးကောက်ပွဲတုံးက အမတ်နေရာ ၃၉၂ နေရာနိုင်ခဲ့တဲ့ ပါတီဟာ အခု အကြိမ်မှာလည်း နေရာ အတော် များများ နိုင်နိုင်ပါသေးတယ်။

ဒီနေရာမှာ ဇင်ဘာဘွေ နိုင်ငံရဲ့ နမူနာကို လေ့လာဖို့ လိုတယ်။ ၁၉၉၅ ရွေးကောက်ပွဲ တုံးက အတိုက်အခံတွေက မူဂါဘီရဲ့ တရားမျှတမှု မရှိတဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်တော့ အာဏာရ ပါတီက နေရာ အားလုံး နီးပါး နိုင်သွားခဲ့တယ်။ ဒီသင်ခန်းစာကို ယူပြီး ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲ ၀င်ပြိုင်တော့ အတိုက်အခံတွေက အာဏာရ ပါတီထက် ငါးနေရာပဲ လျော့ပြီး ၅၇ နေရာ အနိုင်ရခဲ့တယ်။

ဒီတော့ အတိုက်အခံ ပါတီဝင် ပြိုင်လို့ ပိုပြီး ပွင့်လင်းတဲ့ ဒီမိုကရေစီ ကျတဲ့ မြန်မာနိုင်ငံ ဖြစ်လာမယ်လို့တော့ တထစ်ချမပြော လိုပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ၀င်မပြိုင်ရင် ဖြစ်မယ့် အကျိုးထက်တော့ ပိုကောင်းမှာ သေချာပါတယ်လို့ပဲ ဆိုချင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, by Aye Nai, 31st May 2010

      တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးခုက ပြောကြားရာတွင် ၎င်းတို့သည် အစစ်အမှန် ဖြစ်ပေါ်ရေးနှင့် တိုင်းရင်းသား အားလုံး သာတူညီမျှ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိရေး အတွက် အတူတကွ လက်တွဲ လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      အဆိုပါ မဟာမိတ်များသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား နယ်စပ်ဒေသများတွင် မြောက်ဖျား ချင်း အမျိုးသား တပ်ဦး (Chin National Front) မှသည် အရှေ့ဘက် ထိုင်းနယ်စပ် ကရင် KNU အထိ နေရာ ယူထားသည်။ အဆိုပါ မဟာမိတ်အဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့လည်း ပါဝင်သည်။

      KIO ၏ နိုင်ငံခြားရေးရာ ညှိနှိုင်းရေးမှူး James Landau က DVB သို့ ပြောကြားရာတွင် ယခု သဘောတူညီချက်မှာ အစပင် ရှိသေးကြောင်း နောက်ထပ် တိုင်းရင်းသား တပ်များကို စည်းရုံးရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဖြည့်စွက် ပြောကြားရာတွင် မိမိတို့၏ ရည်မှန်းချက်မှာ အစိုးရကို တိုက်ခိုက်ရန် မဟုတ်ကြောင်း၊ မိမိတို့ လိုချင်သည့် အချက်များ ရရှိအောင် အစိုးရအား စည်းရုံးနိုင်ရေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      မဟာမိတ်ဖွဲ့ရေး အကြံဥာဏ်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင် ရရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာ လွှဲမပေးခြင်းကြောင့်၊ အမျိုးသား ညီလာခံ ကျင်းပစဉ်က စတင် ဆွေးနွေးစဉ် ရရှိခဲ့ခြင်း ဖြစ်သည်။

      မဟာမိတ် ဖွဲ့စည်းရေးမှာ အကောင်အထည် ပေါ်မလာခဲ့ဘဲ ယခု စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို ၎င်းတို့ လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် တိုင်းရင်းသားများကြား ညီညွတ်ရန် လိုအပ်သောကြောင့် ယခု ထွက်ပေါ်လာရခြင်း ဖြစ်သည်။

      ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် (၁၈) ဖွဲ့အနက် အများစု အသွင်ပြောင်းရန် ငြင်းဆိုခဲ့ခြင်းကြောင့် စစ်ရေးအရ အရေးယူခံရမည်ဟု ခြိမ်းခြောက်ခံနေရသည်။ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့ အပေါ် ထောက်ခံမှုများအား စုစည်းလျက် ရှိသည်။

      ၁၉၉၇ ခုနှစ် ကလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ထောက်ခံရန် အဖွဲ့ တစ်ချို့ ပူးပေါင်း သဘောတူညီချက် ရရှိခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.