Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တစ်ဦးကို မဖြစ်မနေ ခန့်အပ်ရတော့မည် ဖြစ်ကြောင်း အမေရိကန် ဆီနိတ်တာ ဂျင်ဝက်ဘ်က ပြောကြားလိုက်သည်။ အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံသည် နျူကလီယာ အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်ပြီး မြောက်ကိုရီးယား နိုင်ငံနှင့် စစ်လက်နက် ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်များအရ မြန်မာနိုင်ငံအတွက် အမေရိကန် အထူး သံတမန် မဖြစ်မနေ ခန့်အပ်ရမည်ဟု မစ္စတာ ဂျင်ဝက်ဘ်က ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ ရေးသား ပေးပို့သော စာတွင် မစ္စတာ ဂျင်ဝက်ဘ်က "မြန်မာ စစ်အစိုးရနှင့် ပတ်သက်သော စွပ်စွဲချက်များအပေါ် ဖြစ်ရပ်မှန်ကို အခြေခံပြီး ဦးတည်ချက် ရှိစွာ အချိန်မီ စစ်ဆေးသင့်သည်" ဟု ရေးသားသည်။

အထူး သံတမန် ခန့်အပ်မှုသည် Tom Lantos Block Burmese JADE အက်ဥပဒေအရ လိုအပ်ချက် တစ်ရပ် ဖြစ်ကြောင်း၊ သို့သော် အဆိုပါ အထူး သံတမန် ရာထူးမှာ ယခုအချိန် အထိ လစ်လပ်လျက်ပင် ရှိကြောင်း မစ္စတာ ဂျင်ဝက်ဘ်က ဆိုသည်။ အမေရိကန် အထူး သံတမန်သည် ဘက်ပေါင်းစုံ ပိတ်ဆို့ အရေးယူမှုများ၊ မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများ၊ ဒီမိုကရေစီရေး ထုတ်ဖော် ပြောဆိုမှုများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများတွင် ရှိသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို အထောက်အပံ့ ပေးမှုများ ပြုလုပ်လာနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် မစ္စတာ ဂျင်ဝက်ဘ်က ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Eric John ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး သံတမန် ရာထူးအတွက် အထူး သင့်တော်သူ အဖြစ် မှတ်ချက်ပေးသည်။ သံအမတ်ကြီး မစ္စတာ Eric John သည် မြောက်ကိုရီးယား နျူကလီယာ အရေးကိစ္စ ကဲ့သို့သော အကဲဆတ်သည့် ပြဿနာများကို ဖြေရှင်းရာ၌ အတွေ့အကြုံများစွာ ရှိသူ ဖြစ်သလို အရှေ့အာရှ အရေးကိစ္စများနှင့် ပတ်သက်၍လည်း အသိဉာဏ် ဗဟုသုတ ကြွယ်ဝသူ ဖြစ်ရာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံတမန် ရာထူးအတွက် လွန်စွာ သင့်လျော်သည်ဟု မစ္စတာ ဂျင်ဝက်က ၎င်း၏စာတွင် ထည့်သွင်း ရေးသားသည်။

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယားနှင့် မြန်မာကို စစ်မှန်သော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် သတ်မှတ်ထားရာ အဆိုပါ နှစ်နိုင်ငံနှင့် နွေးထွေးသော ဆက်ဆံမှု တစ်ရပ်ကို ထူထောင်လိုသည့် သဘောမျိုး တွေ့ရသည်။ သို့သော် အမေရိကန် အစိုးရသည် မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုလိုခြင်း မရှိသည်ကို တွေ့ရသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ထံ ပေးပို့သော စာတွင် မစ္စတာ ဂျင်ဝက်ဘ်က မြောက်ကိုရီးယားမှ မြန်မာသို့ ယခုနှစ်အတွင်း လက်နက် တင်ပို့မှုများနှင့် ပတ်သက်၍ ထုတ်ဖော် ရေးသားသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသေးစိတ် ရှင်းလင်းဖော်ပြမှု မပြုသေးကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က မစ္စ ဟီလာရီ ကလင်တန်သည် ဆီနိတ်တာ ဂျင်ဝက်ဘ်၏ ပေးစာကို ဖတ်ရှုရခြင်း မရှိသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံ ဟူသည် အမေရိကန် ပြည်ထောင်စုအတွက် သိသာ ထင်ရှားသော နိုင်ငံတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဦးမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

မည်သို့ပင်ဆိုစေ ပြောရေးဆိုခွင့် ရှိသူ Philip Crowley က မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်မှုသည် အမေရိကန် ပြည်ထောင်စု အတွက် အလားအလာ ရှိသော ရွေးချယ်မှု ဖြစ်၊ မဖြစ် ဟူသော အချက်ကို ထုတ်ဖော် ပြောဆိုရန် ငြင်းပယ်ခဲ့ပြီး မြန်မာနိုင်ငံကို အနီးကပ် စောင့်ကြည့် လေ့လာနေသည်ကိုသာ ပြောဆိုသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စိုးရိမ် ပူပန်နေသည့် အချက်မှာ အမေရိကန်သည် အရှေ့တောင် အာရှတွင် သြဇာလွှမ်းမိုးမှု နည်းပါးနေခြင်းပင် ဖြစ်သည်။ အမေရိကန် သြဇာ နည်းပါးမှုကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနှင့် မြောက်ကိုရီးယား အပါအဝင် အခြားသော အာရှနိုင်ငံများအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အလွယ်တကူ လွှမ်းမိုးနိုင်သည်။

တရုတ်က မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ အမြောက်အမြား ဝယ်ယူသောကြောင့် မြန်မာ အနေဖြင့် နျူကလီယာ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သကဲ့သို့ ပြုံးယမ်းနှင့်လည်း လက်နက် ကုန်သွယ်မှုကို လျှို့ဝှက်စွာ အကောင်အထည် ဖော်နိုင်သည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Assam Tribune, By Surajit Khaund, 8th June 2010

နာဂ အုပ်စုများ၏ စီးပွားရေး ပိတ်ဆို့ရန် တောင်းဆိုမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာကို ကျော်လွှားနိုင်ရန် အတွက် မဏိပူရ အစိုးရသည် မြန်မာနိုင်ငံမှ ဆန် မက်ထရစ် တန်ချိန် ၁၀၀၀ တင်သွင်းမည် ဖြစ်သည်။

မဏိပူရ စက်မှု ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း (MIDC) အား ဆန်တင်သွင်းရန် ပြည်နယ် အစိုးရက တောင်းဆိုခဲ့သည်။ MIDC သည် အသေးစား စက်မှုလုပ်ငန်းများနှင့် နယ်စပ် ကုန်သွယ်ရေး တိုးတက်ရေး အတွက် လုပ်ဆောင်နေသော အဖွဲ့ ဖြစ်သည်။

"ကျွန်တော်တို့ အိန္ဒိယ အစားအသောက် ကော်ပိုရေးရှင်း (FCI) ကို အဆိုပြုချက် တင်ပြထားပြီး၊ သူ့ရဲ့ မီးစိမ်းပြမှုကို စောင့်နေတာပါ" ဟု ယုံကြည်ရသော သတင်းရင်းမြစ်က ယနေ့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် နှစ်က မိုးခေါင်မှုသည် ပြည်နယ်၏ ဆန်စပါး ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် နေ့စဉ် စားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပြည်နယ် အစိုးရက မြန်မာနိုင်ငံမှ ဆန်တင်သွင်းရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။

မဏိပူရ အစိုးရ၏ ခွဲထွက်ရေး ခေါင်းဆောင် T Muivah အား ၎င်း၏ မွေးရပ်မြေသို့ လည်ပတ် ခွင့်မပြုရန် ဆုံးဖြတ်ချက်အား ကန့်ကွက် ဆန္ဒပြသော အနေဖြင့် နာဂ တိုင်းရင်းသား အဖွဲ့များက အချိန် အကန့်အသတ် မရှိသော စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် တွန်းအား ပေးခဲ့ရာ၊ အစိုးရအား ရပ်ဆိုင်းသွားစေခဲ့သည်။

ရရှိနိုင်သော စာရင်းဇယားများအရ မဏိပူရသည် တစ်နှစ်လျှင် ဆန် မက်ထရစ်တန် ၅.၁၈ သိန်း ထွက်ရှိပြီး၊ လိုအပ်ချက်မှာ မက်ထရစ်တန် ၆.၂၁ သိန်း ရှိသည်။ ပြီးခဲ့သည့်နှစ်က မက်ထရစ် တန် ၂.၅၀ သိန်းသာ ထုတ်လုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ဆန် တင်သွင်းရေး လုပ်ငန်းကို အရှိန်မြှင့်သည့် အနေဖြင့် မကြာသေးမီက မဏိပူရတွင် ပြုလုပ်သော အစည်းအဝေးတွင် North East Federation of International Trade (NEFIT) နှင့် တမူးနှင့်ကလေးမှ မြန်မာနိုင်ငံ နယ်စပ် ကုန်သည်ကြီးများ အသင်းတို့သည် ဆန် ရောင်းဝယ်ရေး နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခဲ့သည်။

NEFIT ၏ ဒုတိယ ဥက္ကဌ M Chandra Kishore Singh က မြန်မာ အစိုးရသည် ၎င်းတို့ အရှေ့မြောက်ဒေသနှင့် ကုန်သွယ်ရေး တိုးချဲ့ရန် ဆန္ဒပြင်းပြလျက် ရှိကြောင်း ပြောခဲ့သည်။

ထို့အပြင် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မဏိပူရ အစိုးရအား နှစ်စဉ် မြန်မာနိုင်ငံမှ ဆန် မက်ထရစ် တန် ၅၀,၀၀၀ တင်သွင်းရန် ခွင့်ပြုထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှတိုက်၏ ဆန်အိုးကြီး ဖြစ်ပြီး၊ ၎င်း၏ Ayemin၊ ဆန်ရှည်နှင့် Pasan ဆန်အမျိုးအစား သုံးမျိုးမှာ မဏိပူရတွင် နာမည်ကြီးသည်။

Singh က သတင်းပေးရာတွင် အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် အရှေ့မြောက်ဒေသ ကုန်သည်များ၏ ပါဝင်မှု အားနည်းမှုကြောင့် ယခုမှ စတင်ခါစ အခြေအနေတွင်ပင် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ အရှေ့မြောက်က ကုန်သည်တွေ အတွက် ဈေးကွက်ကြီး တစ်ခု ဖြစ်နေပေမယ့်လည်း ကျွန်တော်တို့ဟာ အဲဒီ့ အခွင့်အရေးကို အရ မယူနိုင်သေးပါဘူး။ ဒါ့ကြောင့် ကုန်သည်တွေ ကြားမှာ အသိများလာအောင်၊ ဒေသတွင်းမှာ ကုန်သည်တွေနဲ့ တွေ့ဆုံနိုင်အောင် စည်းရုံးသွားရပါဦးမယ်" ဟု Singh က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 10th June 2010

အကယ်၍ စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတခြင်း မရှိပါက မြန်မာ ဒုက္ခသည်များ အိမ်ပြန်ရေးကို မျှော်လင့်နိုင်မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ဝါရင့်အရာရှိ တစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံရေး အတိုက်အခံများအပေါ် မြန်မာ အစိုးရ၏ ဖိနှိပ်မှုနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပေါ် ချုပ်ချယ် တင်းကြပ်မှုတို့ကြောင့် လာမည့် မြန်မာ့ရွေးကောက်ပွဲများသည် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ဟု သတ်မှတ်ထားရဆဲ ဖြစ်ကြောင်း Eric Schwartz က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု အနည်းငယ်သာ ရှိမည် ဖြစ်၍ မတရား ဖိနှိပ်မှုကို ကြောက်ရွံ့နေသော နိုင်ငံပြင်ပမှ ကာကွယ်ပေးမှုကို လိုအပ်နေသော မြန်မာ ပြည်သူများ၏ လိုအပ်ချက်သည်လည်း ပြောင်းလဲလိမ့်မည် မဟုတ်ဟု ၎င်းက ပြောဆိုခဲ့သည်။

အထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အဓိက အတိုက်အခံ ပါတီကြီးက ရွေးကောက်ပွဲများကို သပိတ်မှောက်လိုက်ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိ၊ ဒီမိုကရေစီ ပြည့်ဝမှု မရှိဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အဆိုပါ ပါတီ အနိုင်ရခဲ့သော်လည်း စစ်ဖက် အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။ အနှစ် ၂၀ ကြာပြီးနောက် ယခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပဦးမည်ဟု မြန်မာ အစိုးရက စီစဉ်နေသည်ဟု ဆိုသော်လည်း ကျင်းပမည့်ရက်ကို မထုတ်ပြန်သေးပါ။

အမေရိကန် နိုင်ငံခြားရေးဌာန၏ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ ဗျူရိုဌာနမှူး Schwartz က မြန်မာနှင့် လာအိုမှ အလုပ်အကိုင် ရှာဖွေသူများနှင့် ပတ်သက်သော ကိစ္စများကို လေ့လာရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ ဒုက္ခသည် ၁၄၀,၀၀၀ ခန့်သည် ထိုင်းမြန်မာ နယ်ခြားတလျှောက်ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်နေသည်။ ၎င်းတို့အား လုံခြုံစွာ ဆက်လက် ခိုလှုံရန် ခွင့်ပြုခြင်းသည် အရေးကြီးကြောင်း သိရှိထားပုံ ရသည့် ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်ဟု Schwartz က ဆိုသည်။

Schwartz သည် ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသည့် မုန်းတိုင်းရင်းသားများနှင့် ဆွေးနွေးရန် အတွက် လာအိုသို့ မထွက်ခွာမှီ သောကြာနေ့တွင် နယ်စပ် မြန်မာ ဒုက္ခသည် စခန်းတစ်ခုသို့ သွားရောက် ကြည့်ရှုမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ နောက်ထပ် ပြန်ပို့ခြင်းကို ခံရန် အတွက် လာအိုမှ ထိုင်းသို့ စွန့်ခွာ ထွက်ပြေးကြသော မုန်း တိုင်းရင်းသား ထောင်ပေါင်း များစွာ၏ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ဆွေးနွေးမည်ဟု Schwartz က ပြောကြားခဲ့သည်။ လာအို ကွန်မြူနစ် အစိုးရ၏ မတရား ဖိနှိပ်မှုကို ခံနေရသည်ဟု "မုန်း" များက စောဒက တက်နေသော်လည်း ထိုင်းနိုင်ငံကမူ "မုန်း" တို့သည် စီးပွားရေးအရ ရွှေ့ပြောင်းလာခြင်းသာ ဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့သည်။

လာအိုသို့ ပြန်ပါက နှိပ်စက်ခြင်း ခံရမည်ဟု ခိုင်မာစွာ သိရှိထားမှုကြောင့် "စိုးရိမ်ဖွယ် လူသား" များအဖြစ် ကုလသမဂ္ဂက သတ်မှတ်ကာ၊ တတိယ နိုင်ငံများသို့ အခြေချ နေထိုင်ခွင့် ရရှိထားသူ ၁၅၀ ကျော် အပါအဝင် မုန်းလူမျိုး ၄၅၀၀ ခန့်ကို ပြီးခဲ့သော ဒီဇင်ဘာတွင် ထိုင်းတို့က အတင်း ပြန်ပို့ခဲ့သည်။

Schwartz က အဆိုပါ အခြေချ နေထိုင်ခွင့် ကမ်းလှမ်းချက် ကိစ္စအပေါ် မျှော်လင့်ထားမှုကို "ကျွန်တော်တို့ ရှေ့ဆက် လုပ်ဆောင်နိုင်တဲ့ ကိစ္စ တစ်ခုပါ" ဟု ပြောကြားလိုက်သည်။

ထိုင်းမှ ပြန်ရောက်လာသူများ၏ အခြေအနေကို အမေရိကန်က ဆက်လက် စိတ်ဝင်စား နေကြောင်း၊ အများစုမှာ ဒုက္ခသည် စခန်းများတွင် ရှိနေဆဲ ဖြစ်ကြောင်း၊ အိမ်ပြန်လာသူများ အတွက် လူသားချင်းစာနာသော အကူအညီများ ထောက်ပံ့ရန် လာအို အစိုးရကို ဝါရှင်တန်က ကူညီနိုင်မည့် နည်းလမ်းများလည်း များစွာရှိနေကြောင်း စသဖြင့် Schwartz က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.un.org, 9th June 2010

မြန်မာနိုင်ငံတွင်းမှ အနေအထားနှင့် ပတ်သက်၍ စင်္ကာပူ အာဏာပိုင်များနှင့် ဆွေးနွေးရန် အတွက် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိ တစ်ဦး စင်္ကာပူသို့ ယနေ့ ရောက်ရှိခဲ့သည်။

ကုလသမဂ္ဂ သံတမန် ဗီဂျေနမ်ဘီယားသည် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ဟူသော တာဝန်ဖြင့် အာရှနိုင်ငံများသို့ လာရောက်ခြင်း ဖြစ်သည်။

၎င်းသည် နယူးဒေလီတွင် အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသော နိုင်ငံခြားရေး အတွင်းဝန် နီရူးပါမာရာအို၊ အမျိုးသား လုံခြုံရေး အကြံပေး ရုစ်ဗ်ရှန်ကာမီနန် စသူတို့နှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီးနောက် စင်္ကာပူသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မစ္စတာနမ်ဘီယားသည် တရုတ် အာဏာပိုင်များနှင့် ဆက်လက် ဆွေးနွေးရန် အတွက် သောကြာနေ့တွင် ဘီဂျင်းသို့ ထွက်ခွာမည် ဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက "ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသား အားလုံး လွတ်လပ်စွာ ပါဝင်နိုင်မည့် လွတ်လပ်မျှတသော၊ ပွင့်လင်း မြင်သာသော၊ လက်ခံ ယုံကြည်ထိုက်သော ရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင် ကျင်းပရန်" တောင်းဆိုခဲ့သည်။

လာမည့် ရွေးကောက်ပွဲများသည် ပြီးခဲ့သော ဆယ်စု နှစ်စု အတွင်း ပထမဆုံး အကြိမ်ဖြစ်၍ အစိုးရ ရေးဆွဲသော ဒီမိုကရေစီ ရှေ့ရှု အချိန်ဇယား (ဒီမိုကရေစီ လမ်းညွှန်မြေပုံ) အရ ကျင်းပမည် ဖြစ်သည်။

အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လုပ်ငန်းစဉ် အတွက် လိုအပ်ချက်များ ဖြစ်သော၊ ကုလသမဂ္ဂ၏ မျှော်လင့်မှုများနှင့် ကိုက်ညီခြင်း မရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် စိုးရိမ်ပူပန်မှုကိုလည်း မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော် ပြောကြားခဲ့သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေသစ်အရ ပြစ်ဒဏ်ကျခံနေသူ မည်သူကိုမဆို နိုင်ငံရေးပါတီများ၏ အဖွဲ့ဝင် အဖြစ် ခွင့်မပြုဟု တားမြစ်ထားကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Brunei Times, By Nehginpao Kipqey, 9th June 2010

မြန်မာ စစ်ဖက် အစိုးရ၏ နျူကလီယာ ပါဝါနိုင်ငံ ဖြစ်လာရေး ဆန္ဒသည် မြန်မာ ပြည်သူများ၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတို့၏ တိုးတက် ဖွံ့ဖြိုးရေးကို သတိပေးလိုက် သကဲ့သို့ နျူကလီယာ ကင်းစင်သော ကမ္ဘာကြီးကို မြင်တွေ့လိုသော နိုင်ငံများကိုလည်း တပ်လှန့်လိုက်သည်။

AL Jazeera သတင်း ကွန်ယက်က ဇွန်လ ၄ ရက်တွင် ထုတ်လွှင့်သွားသော အထောက်အထားများက မြန်မာ အစိုးရသည် မြောက်ကိုရီးယား၏ အကူအညီနှင့် နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် မည်သို့မည်ပုံ စီစဉ်နေသည် ဆိုသော အချက်ကို ညွှန်ပြနေသည်။

ဘယ်လာရုစ်၊ ကျူးဘား၊ အီရန်၊ ဇင်ဘာဆွေ စသော တစ်ပါတီစနစ် (သို့) အာဏာရှင်စနစ် နိုင်ငံများနှင့်အတူ မြန်မာ၊ မြောက်ကိုရီးယား နှစ်နိုင်ငံလုံးကို အထီးကျန် အာဏာရှင် နိုင်ငံများ အဖြစ် ၂၀၀၅ ခုနှစ်တွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က သတ်မှတ်ခဲ့ဖူးသည်။

AL Jazeera သတင်း ထုတ်ပြန်ချက်တွင် ဥမင် လှိုဏ်ခေါင်းများ၊ သံသယဖြစ်ဖွယ် နျူကလီယာ အဆောက်အဦး၊ အသုံးအဆောင်များ၏ စကေးကိုက် ပုံစံများနှင့် ဓာတ်ပုံများ  အပါအဝင် အထောက်အထား မြောက်မြားစွာ ပါဝင်သည်။ မြန်မာ စစ်တပ်မှ ထွက်ပြေး ခိုလှုံလာသော ဗိုလ်မှူးဟောင်းထံမှ ရရှိသော အထောက်အထားများသည် မြန်မာ အစိုးရက နျူကလီယာ အစီအစဉ်ကို ကြိုးစား လုပ်ဆောင်နေသည် ဟူသော သံသယများကို ပိုမို ခိုင်မာစေသည်။

လျှို့ဝှက် စီမံချက်များကို စစ်ဖက် အရာရှိ တစ်ဦးက ယခုလို အချိန်မျိုးတွင် ထုတ်ဖော်လိုက်ခြင်းကို မြန်မာ စစ်ဗိုလ်ချုပ်များက ဖြစ်စေချင်လိမ့်မည် မဟုတ်ပါ။ မြန်မာ အစိုးရသည် အထက်ပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ရုံ သာမကပဲ တည်ထောင်နေဆဲ အရှေ့တောင်အာရှ နျူကလီယာ ကင်းလွတ်နယ်မြေ SEANWFZ ကိုလည်း အားပေး ထောက်ခံလိုက်သေးသည်။

၂၀၀၉ နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ အမေရိကန် ပူးတွဲကြေညာချက်တွင် နျူကလီယာ ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာရေး အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အားပေးမြှင့်တင်နေသော အမေရိကန် သမ္မတ၏ ကြိုးပမ်းမှုများကို ကြိုဆိုခဲ့သည်။

ထိုစဉ်က အာဆီယံနှင့် အမေရိကန် ခေါင်းဆောင်များက နျူကလီယာ လက်နက်နှင့် အခြား အဖျက် စွမ်းအားကြီး လက်နက်များ မရှိသော ကမ္ဘာကြီးကို တည်ဆောက်ရေး အတွက် အတူ လုပ်ဆောင်ကြရန်နှင့် နျူကလီယာ လက်နက် ပြန့်ပွားမှု တားဆီးရေးကို ဦးတည်၍ ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံ နျူကလီယာ လက်နက် တည်ဆောက်ရန် မည်သို့ အစပြုခဲ့သည် ဆိုသော ကိစ္စမှာ စိတ်ဝင်စားစရာ ကောင်းသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ အရေးယူမှုများကို အာခံရန် စီစဉ်ခဲ့ပြီး သူ့ကိုယ်သူ နျူကလီယာ ပါဝါနိုင်ငံ အဖြစ် သတ်မှတ်ထားသည်။ ဆိုးလ်နှင့် ဝါရှင်တန် ထံမှ တစုံတရာ တိုက်ခိုက်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန် ပြုံးယမ်းက ၎င်း၏ စစ်ဖက်ဆိုင်ရာ ကြွက်သားများကို အကြောလျှော့နေသည်။

ကုလသမဂ္ဂက အရေးယူခဲ့သော်လည်း နိုင်ငံတကာ၏ ခိုင်ခိုင်မာမာ ညှိနှိုင်း တုန့်ပြန်မှု မရှိခြင်းကြောင့် မြောက်ကိုရီးယားက ပို၍ အတင့်ရဲလာသည်။ နိုင်ငံတကာ၏ ပြစ်တင် ရှုတ်ချမှုများ ကြားမှပင် မြောက်ကိုရီးယားသည် ၎င်းအရင်းနှီးဆုံး ကွန်မြူနစ် မဟာမိတ်၊ ကုလ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် တရုတ်နိုင်ငံထံမှ အကူအညီများ ရရှိနေဆဲ ဖြစ်သည်။ ယင်းသို့ နျူကလီယာ လက်နက် ပြန့်ပွားမှု တားဆီးရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထိရောက်မှု မရှိပုံများက မြန်မာ စစ်ဖက် အစိုးရကို ရဲဆေးတင်ပေးသလို ဖြစ်ခဲ့သည်။ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဗီတို အာဏာ သုံးစွဲခွင့် ရှိသော ရုရှားနှင့် တရုတ် နှစ်နိုင်ငံကြောင့် ၎င်းတို့၏ နျူကလီယာ ရည်မှန်းချက်ကို ပိတ်ဆို့နိုင်မည် မဟုတ်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်နေသည်။

အကယ်၍ မြန်မာနိုင်ငံသာ နျူကလီယာ လက်နက် နိုင်ငံဖြစ်လာပါက စစ်ခေါင်းဆောင်များ ပို၍ မောက်မာ၊ ခေါင်းမာအောင် လုပ်ပေးသလို ဖြစ်ပေလိမ့်မည်။ ပြည်ပ ရန်သူ မရှိလျှင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုများကို နှိမ်နင်းရာတွင် မြန်မာ အစိုးရက ၎င်း၏ နျူကလီယာ ပါဝါကို အသုံးပြုရန် တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ပါ။

မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ထောင်နိုင်ရေးမှာလည်း အလားအလာ ရှိသေးသည့် တိုင်အောင် မျှော်လင့်ချက် နည်းပါးသွားမည် ဖြစ်သည်။ ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ အခွင့်အရေးများ အပေါ် ကိုယ်ကျိုးရှာမှုများနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ ရပ်တည်ချက် သဘောထားမှာလည်း စစ်ဖက် အစိုးရ အပေါ်တွင် သက်ရောက်မှု အင်အားနည်းသွားမည် ဖြစ်သည်။

ဤမျှမကသေးပါ။ အရှေ့တောင်အာရှဒေသအား လုံခြုံမှု မရှိအောင်၊ တည်ငြိမ်မှု မရှိအောင်၊ ဒေသတွင်း နျူကလီယာ လက်နက်ပြိုင်ပွဲ ဖြစ်ပေါ်လာအောင် နျူကလီယာ မြန်မာနိုင်ငံက ဖန်တီးလိမ့်ဦးမည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာ ပြည်သူများ အလွန်အမင်း စိတ်ဝင်စားနေသော ကိစ္စတွင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က အစီရင်ခံစာကို စုံစမ်း စစ်ဆေးနေခြင်းနှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တာဝန်သိသိ ဆောင်ရွက်ခြင်း တို့သည် အလွန်ပင် အရေးကြီးသည်။

အာဆီယံ အနေဖြင့်လည်း ၎င်းတို့ အဖွဲ့ဝင်နိုင်ငံ၏ လုပ်ရပ်က ဒေသတွင်း လူထု၏ ငြိမ်းချမ်းစွာ နေထိုင်မှုကို အနှောင့်အယှက် ဖြစ်လာနိုင်သည့် အချိန်မျိုးတွင် အဖွဲ့အစည်း၏ အပြန်အလှန် မစွက်ဖက်ရေး မူဝါဒကို စွန့်လွှတ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံ နျူကလီယာ လက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးရန် အတွက် အမေရိကန် ပြည်ထောင်စု အနေဖြင့် စွမ်းအား ရှိသလောက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူတကွ လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း နိုင်ငံတကာ ပြဿနာ အဖြစ် ရောက်ရှိလာသည့် အချိန်မျိုးတွင် အမေရိကန် အနေဖြင့် ဝင်ရောက် ဆောင်ရွက်ရန် အကန့်အသတ် ရှိနေသည်ကို မြောက်ကိုရီးယား ဥပမာတွင် တွေ့မြင်နိုင်သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းစွာ အသုံးပြုရန် မဟုတ်သေးသ၍ အဖျက် စွမ်းအားကြီး လက်နက်များ ပိုင်ဆိုင်ရန် ကြိုးစားနေသော မြန်မာနိုင်ငံကို တားဆီးရန် တရုတ်၊ အိန္ဒိယ၊ ရုရှား စသော နျူကလီယာ ပါဝါနိုင်ငံများက အခြား ကမ္ဘာ့ပါဝါ နိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်နေသည်။ အထူးသဖြင့် တပါတီ အာဏာရှင် အစိုးရများ (သို့) စစ်အာဏာရှင် အစိုးရများ လက်တွင်းသို့ နျူကလီယာ လက်နက်များ ပြန့်ပွား ရောက်ရှိခြင်းကို လူသားမျိုးနွယ် အပေါ် ခြိမ်းခြောက်မှုဟု သတ်မှတ် ယူဆရမည်။

သမ္မတ ဘွတ်ရှ် လက်ထက် ၂၀၀၈ ခုနှစ်တွင် အမေရိကန် ကွန်ဂရက် လွှတ်တော်က လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခဲ့သည့် အတိုင်း ယခု အိုဘားမား အစိုးရ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ခန့်အပ်ရေးမှာ အရေးကြီးသည့် အချက် ဖြစ်သည့် အိမ်ဖြူတော် အနေဖြင့်လည်း မြောက်ကိုရီးယား ပုံစံအတိုင်း အမေရိကန်၊ အီးယူ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံတို့ ပါဝင်မည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ရန် စဉ်းစား သုံးသပ်သင့်သည်။

နျူကလီယာ လက်နက် ထုတ်လုပ်ရန် မြန်မာနိုင်ငံ ကြိုးစားနေခြင်းသည် SEANWFZ နှင့် နျူကလီယာ ကင်းစင်သော ကမ္ဘာကို ထူထောင်ရန် အာဆီယံ နိုင်ငံများ စုပေါင်း အတည်ပြုထားသော ကတိကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထို့အပြင် မြောက်ကိုရီးယား အပေါ် နျူကလီယာ ဆက်စပ် ပစ္စည်းများ ကုန်သွယ်မှုကို ပိတ်ပင်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ (၂၀၀၉) ကို ချိုးဖောက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နျူကလီယာ လက်နက် ပိုင်ဆိုင်ခဲ့လျှင် လွန်ခဲ့သည့် ဆယ်စုနှစ် များစွာကပင် စစ်ဖက် အစိုးရ လက်ထဲတွင် လူမျိုးရေးအရ၊ စိတ်ဓာတ်ရေးရာအရ မတရား ဖိနှိပ်ခံနေရသည့် တိုင်းရင်းသား လူမျိုးစုများ အပေါ်တွင် ကြီးမားသော အန္တရာယ် ကျရောက်လာမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th June 2010

တောင်ကိုရီးယား စစ်သင်္ဘောအား နစ်မြှုပ်ပစ်ခဲ့ခြင်း အတွက် ဖြေရှင်းပေးရန် တောင်းဆိုထားမှုအား ကန့်ကွက်ခြင်းနှင့် ထိုကိစ္စအား ဆွေးနွေးခြင်း မပြုရန် မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ စာပေးပို့ခဲ့သည်။

အဆိုပါ စာတွင် ထိုအဖြစ်အပျက် အတွက် ပြုံးယမ်းမှ ကိုယ်တိုင် စုံစမ်း စစ်ဆေးရေး အတွက် အားပေးရန် တောင်းဆိုထားသည်။

ဆိုးလ်က ပြောကြားရာတွင် ၎င်းသည် နယ်စပ်တွင် မြောက်ကိုရီးယားသို့ ဝါဒဖြန့်ရန် အသံချဲ့စက်များ တပ်ဆင်ပြီး ဖြစ်ကြောင်း ဆိုသည်။

တောင်ကိုရီးယား၏ Cheonan စစ်သင်္ဘောသည် မတ်လ ၂၆ ရက်နေ့က နစ်မြုပ်ခဲ့ပြီး၊ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရာ နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများက မြောက်ကိုရီးယား တော်ပီဒိုကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

ပြီးခဲ့သည့် အပတ်က ဆိုးလ်သည် အဆိုပါ ကိစ္စအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ စာအား ၎င်း၏ ကုလသမဂ္ဂ ကိုယ်စားလှယ် Sin Son-ho မှ တဆင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ Claude Heller သို့ ပေးအပ်ခဲ့ပြီး၊ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စာတွင် ထိုအဖြစ်အပျက် အတွက် မြောက်ကိုရီးယားသည် မည်သို့မျှ ပတ်သက်ခြင်း မရှိကြောင်း၊ ဥာဏ်ကြီးရှင် အမေရိကန်က အကွက်ဆင်ထားသော ဇာတ်လမ်းသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အငြင်းပွားနေမှုအား ဖြေရှင်းပေးနိုင်မည့် အဓိက အချက်မှာ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့မှ တွေ့ရှိချက်များကို ပြုံးယမ်းမှ စစ်ဆေးသူများအား သိပံ္ပနည်းကျကျ၊ အချက်အလက်ကျကျ မှန်မမှန် စစ်ဆေး ခွင့်ပြုရန် ဖြစ်ကြောင်း အဆိုပါ စာတွင် ဖော်ပြထားသည်။

အဆိုပါ စာတွင် ၎င်းတို့အား ကိုယ်တိုင် စစ်ဆေးရန် ခွင့်မပြုဘဲ လုံခြုံရေး ကောင်စီတွင် ဆွေးနွေးရန် တင်လာပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်မယူကြောင်း သတိပေးထားသည်။

ယခုလုပ်ရပ်သည် DPRK (မြောက်ကိုရီးယား)၏ အချုပ်အချာ အာဏာနှင့် လုံခြုံရေးကို ထိပါးလာသည့် အတွက် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် ပတ်သက်သော အကျိုးဆက်များကို မည်သူမျှ မစဉ်းစားရဲသည့် ကိစ္စရပ်များ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

မြောက်ကိုရီးယားက ၎င်း၏ စုံစမ်း စစ်ဆေးသူများ စေလွှတ်ရန် တောင်းဆိုမှုအား တောင်ကိုရီးယားက ပယ်ချခဲ့သည်။

တောင်ကိုရီးယား အနေဖြင့် ၎င်း၏ ကွန်မြူနစ် အိမ်နီးချင်းအပေါ်၊ ပိုမို အားနည်းစေရန် အရေးယူ ပိတ်ဆို့မှုများ ထပ်မံ တိုးချဲ့ပြုလုပ်ရန် လိုလားသလော ဆိုသည့်အချက်မှာမူ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ။

ယခုစစ် သင်္ဘော နစ်မြုပ်မှုသည် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို အကြီးအကျယ် တင်းမာစေသည်။ ဆိုးလ်သည် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ရပ်ဆိုင်းခဲ့ပြီး၊ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက အဆက်အဆံ အားလုံးကို ဖြတ်တောက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယား စစ်တပ်က ပြောကြားရာတွင် ၎င်းသည် နယ်စပ် ၁၁ နေရာတွင် မြောက်ကိုရီးယားသို့ ဝါဒဖြန့် သတင်းစကားများ လွှင့်ရန် အသံချဲ့စက်များ တပ်ဆင်ပြီးစီးကြောင်း ပြောခဲ့သည်ဟု Yonhap သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

အဆိုပါ အသံချဲ့စက်များကို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာသဖြင့် လွန်ခဲ့သော ခြောက်နှစ်က ဖြုတ်သိမ်းခဲ့သော်လည်း၊ ယခု Cheonan သင်္ဘောကိစ္စကြောင့် တင်းမာမှုများ မြင့်တက်လာမှုကြောင့် ပြန်လည် တပ်ဆင်ခဲ့ကြောင်း Seoul က ပြောသည်။

လွှင့်ထုတ်မည့်ရက်ကို ဆိုးလ်က ပြောကြားခြင်း မရှိသေးသော်လည်း လွှင့်ထုတ်ခဲ့ပါက အသံချဲ့စက်များကို ပစ်ခတ်မည်ဟု ပြုံးယမ်းက ပြောကြားခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားသို့ သင်္ဘောနှစ်စင်းဖြင့် ကလေးများ အတွက် စားနပ်ရိက္ခာများ ပေးပို့မည့် အစီအစဉ်ကို တောင်ကိုရီးယားက အတည်ပြုပေးခဲ့သည်။

မြောက်ကိုရီးယားသည် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာကို အကြီးအကျယ် ခံစားရလျက် ရှိပြီး၊ ၎င်း၏ ပြည်သူများကို ကျွေးမွေးရန် နိုင်ငံခြား တိုင်းပြည်များ၏ အကူအညီအပေါ် မှီခိုနေရသည်။

နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး Lee Jong-joo က ပြောကြားရာတွင် ဒေါ်လာ ၃၂၀,၀၀၀ (ပေါင်စတာလင် ၂၂၁,၀၀၀) တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများကို ပြုံးယမ်းအနီးနှင့် အရှေ့မြောက် ဒေသရှိ နေ့ကလေးထိန်း ဌာနများသို့ ပေးပို့မည်ဟု ဆိုသည်။

"တောင်ကိုရီးယား အနေနဲ့ အမူအရ နှစ်နိုင်ငံ စီးပွားရေး ကိစ္စတွေ ရပ်ဆိုင်းထားတယ်လို့ ဆိုပေမယ့် အရွယ် မရောက်သေးသူတွေနဲ့ ကလေးသူငယ်များ အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေကို ဆက်ပေးသွားမှာပါ" ဟု သူမက ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သူငယ်ချင်း -

မင်းတို့ တည်ထောင်ထားတယ် ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ ဒါပေမဲ့ ဝင်ဝင်ချင်းပဲ Home Page မှာ ရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ "နိုင်ငံရေး လုံးဝ မရေးရ" ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေး ရေးလိုက်တာပါ သူငယ်ချင်းရေ။

ဒီလိုရေးထားတာကို တွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ "နိုင်ငံရေး" ဆိုတဲ့ စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ ပြောချင်တဲ့ နိုင်ငံရေး ဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီ ထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာ မဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေး မရေးရ ဆိုတဲ့နေရာမှာ အစိုးရကို မဝေဖန်ရလို့ပဲ ရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကို ခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကို ဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။

လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီ ရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝ ရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကို မီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကို မီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကို မီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ ဒီမိုကရေစီ နိုင်ငံတွေ အများကြီးဆိုတာ သတိထား မိစေချင်တယ်ကွာ။ ငါတို့
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ့။ ဒီနေ့ အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီ နိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေကန်ထဲ ကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီ ဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လို ဖြစ်ချင်လား။ ဒါ ငါတို့ ရွေးရလိမ့်မယ် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်း လိုချင်တယ်၊ ငါလည်း ချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူး မဟုတ်လား။ ဒီတော့ ငါတို့တွေ လုပ်သင့်တာက အစိုးရ အပြောင်းအလဲကို ရည်ညွှန်းတာ မဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။
ဒီလို ပြောလို့ ငါတာဝန်မဲ့တာ မဟုတ်ဘူးနော်။ တာဝန် ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံ လုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေ ချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသား အဖွဲ့က ချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန် လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက် ကိုင်ထားတာ၊ တိုင်းရင်းသား အဖွဲ့အစည်း ဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တစ်နေ့နေ့များ ဒီမိုကရေစီ ရခဲ့ရင် အားလုံး ညီညီညွတ်ညွတ် ပြန်ပေါင်းထုပ် နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရ ပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။

ပြည်တွင်းက နာမည်ကြီး မဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ် တစ်ယောက် ပြောတာလေး သတိရတယ်။

လုပ်ချင်တာတွေ လုပ်ခွင့် မရသေးခင်မှာ လုပ်သင့်တာ လုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီ ရလာရင် အဆင်သင့် ဖြစ်နေအောင် ငါတို့ ဘာတွေ ပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီ နိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။ ငါတို့တွေ အဖွဲ့အစည်းတစ်ခု အနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်း လုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊ အကျင့်ပျက် လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တစ်ဖက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့ သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည် အတွက်မဆို လိုအပ်လှတဲ့ အခြေခံ အုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွား ပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်း လိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျ လိုက်ပြီး ဒဏ်ငွေ ကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်း တစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေ နားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေ ဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာ မဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလို စည်းကမ်း ဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စ လာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့် နေရာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစင် နားတွေမှာရော ကွမ်းတံတွေး ထွေးနေကြမယ် ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ် ညစ်ပတ်မှာ၊ ရောဂါပိုးမွှား ရှိလာမှာ၊ အမြင်မတော်မှာ စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရား ဆိုတာ အဲဒါပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်း ကောင်းတဲ့ နိုင်ငံ၊ ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့ နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာ မတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခု ပါပဲ။ နည်းနည်းလောက် သတိ ပြန်ပေးလိုက်တာနဲ့ ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေး ချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေ အနေနဲ့ ငွေကို ဘယ်လိုနည်းနဲ့မဆို ရဖို့ ကြိုးစား လာတဲ့အချိန်မှာ လာဘ်ပေး လာဘ်ယူ ဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရက်နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန် တောင်းစားရတယ် ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တစ်ဖက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ် မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ ယုံတယ် သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်း ပြောကြဟေ့ဆို "တစ်ချိန်က" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗဟာဒူးတို့က ဘယ်လို၊ ရှင်ဗွေဂန်းကို မီတုန်းနော်က ဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း "အရင်က ရန်ကုန် တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ..." ဆိုပြီး ပြန်တမ်းတ ကြရပြန်တော့ပဲ မဟုတ်လား။ သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့် ရောက်အောင်တော့ ငါတို့ဟာ အစိုးရ အကူအညီ မပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရ လုပ်ပေးလိမ့်မယ် ဆိုပြီး စောင့်နေတာထက် ငါတို့တွေ အနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့ အားပေးနိုင်မလဲဆိုတာ နည်းလမ်း ရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေက စပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့ လူတွေကလည်း ကျောင်းသားတွေက စလို့ အားကစား အခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြားအမြင် ဗဟုသုတ ရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေ လုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊
မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေ သီချင်းဟာ ဘာအတွက် ဆိုကြရတယ် ဆိုတာ သိအောင်၊ ယူနီဖောင်း ဘာလို့ ဝတ်ကြတယ် ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်တွေပဲ မဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါ အပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရ ဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလို နိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ် သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။

ငါတို့ အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ် ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံး နည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့ တောင့်တတဲ့ ဒီမိုကရေစီ ထွန်းကားလာတဲ့အခါ ငါတို့ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက် ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခု ရှိတယ်။
တိုင်းပြည်တစ်ခုက ပြည်သူတွေဟာ သူတို့နဲ့ တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေး မှန်မယ် ဆိုရင် ငါတို့စည်းကမ်း ပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းလာတဲ့အခါ ငါတို့ အစိုးရလည်း မင်းကောင်း မင်းမြတ်တွေ ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ် သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့ မြန်မာ့ နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရ ဆိုတော့ - သူငယ်ချင်း မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ မင်းနားလည်မယ်ဆို နိုင်ငံရေး လုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို
ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေး လုပ်ကြစို့လို့။

PS. လူတိုင်း နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ဒီလို နားလည်နိုင်ရင် ကျွန်တော်တို့ မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ဆောင်ကြရအောင်။

ကမ္ဘာစိုးမင်း

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.