Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th June 2010

မြောက်ကိုရီးယား အနေဖြင့် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှင်းပြရမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ Barack Obama က ပြောကြားခဲ့သည်။

Obama က ၎င်းအနေဖြင့် တောင်ကိုရီးယား သမ္မတ Lee Myung-Bak နှင့်အတူ ရပ်တည်မည် ဖြစ်ကြောင်း၊ ပြုံးယမ်း၏ မည်သည့်အရာကိုမျှ မစဉ်းစားဘဲ အဓိပ္ပါယ် မရှိသော လုပ်ရပ်များကို လုပ်တတ်သော အမူအကျင့်ကို ရှုတ်ချခဲ့သည်။

Obama ၏ အဆိုပါ မှတ်ချက်များသည် ကနေဒါနိုင်ငံ တိုရန်တိုတွင် ကျင်းပသော စက်မှုနိုင်ငံများ၏ G-8 အုပ်စု အစည်းအဝေး အပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကမူ သင်္ဘော နစ်မြုပ်မှုအား ၎င်းတိုက်ခိုက်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ကမူ မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု သုံးသပ်ထားသည်။

G-8 ထိပ်သီး အစည်းအဝေး အပြီး တောင်ကိုရီးယား ခေါင်းဆောင်နှင့် Obama တွေ့ဆုံအပြီးတွင် Obama က "ဒီလို အဓိပ္ပာယ် မရှိတဲ့ အပြုအမူအတွက် အကျိုးဆက်တွေ ရှိရပါမယ်" ဟု ပြောကြားခဲ့သည်။

G-8 ခေါင်းဆောင်များကလည်း မြောက်ကိုရီးယားနှင့် အီရန်ကို ၎င်းတို့၏ နျူကလီယာ လှုပ်ရှားမှုများ အတွက် ဝေဖန်ခဲ့ကြပြီး အစ္စရေး၏ ဂါဇာကမ်းမြောင် ဒေသကို ပိတ်ဆို့ထားမှုကိုလည်း ဆက်မလုပ်သင့်ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် G-8 ခေါင်းဆောင်များသည် ကုလသမဂ္ဂ၏ ရည်မှန်းချက် ဖြစ်သော ကမ္ဘာ့ဆင်းရဲ မွဲတေမှု လျော့ချရေးကို ရည်မှန်းချက်ပြည့်ရန် အတွက် ကမ္ဘာ့ငွေကြေး ကပ်ဆိုက်မှု ကိစ္စအားလည်း ညှိနှိုင်းခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

ကနေဒါနိုင်ငံတွင် စက်မှုနှင့် ဖွံ့ဖြိုးဆဲ ပါဝါများ၏ G-20 အစည်းအဝေးကိုလည်း ဆက်လက် ကျင်းပမည် ဖြစ်ရာ ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး ဆွေးနွေးကြမည် ဖြစ်သည်။

စနေနေ့က ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် G-20 ထိပ်သီး အစည်းအဝေး အတွက် ချီတက် ဆန္ဒပြကြရာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော်လည်း အစွန်အဖျား နေရာများတွင် ကြမ်းတမ်းမှုများ ဖြစ်ပွားရာ အဓိကရုဏ်းရဲများနှင့် ရင်ဆိုင်ခဲ့ကြပြီး ရဲကားနှစ်စီး မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သော G-8 ထိပ်သီးအစည်းအဝေး အပြီး ထုတ်ပြန်ကြေညာချက်တွင် "လူပေါင်း ၄၆ ဦး သေဆုံးရသော မတ်လ ၂၆ ရက်နေ့က တောင်ကိုရီးယား စစ်သင်္ဘော Cheonan နစ်မြုပ်မှုကို ဖြစ်စေသော တိုက်ခိုက်မှုအား ကျွန်ုပ်တို့ အနေဖြင့် လက်မခံဘဲ ရှုတ်ချကြောင်း ဖော်ပြအပ်သည်" ဟု ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် "DPRK (မြောက်ကိုရီးယား) အနေဖြင့် တောင်ကိုရီးယား အပေါ် ရန်လို ခြိမ်းခြောက်မှု သို့မဟုတ် တိုက်ခိုက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်" ဟု ဖော်ပြထားသည်။

Reuters သတင်းဌာနမှ ပြောကြားရာတွင် အဆိုပါ သတင်း ကြေညာချက်သည် အမေရိကန် အပါအဝင် အချို့နိုင်ငံများ မျှော်လင့်သကဲ့သို့ ပြင်းထန်သော စကားလုံးများ ပါဝင်ခြင်း မရှိဟု ဆိုသည်။ ရုရှားက ပြင်းထန်သော အသုံးအနှုန်းများ အတွက် ငြင်းဆန်ခဲ့သည်ဟု Reuters က ပြောသည်။

ကြေညာချက်တွင် မြောက်ကိုရီးယား၏ နျူကလီယာ စမ်းသပ်မှုများနှင့် ဒုံးကျည် လှုပ်ရှားမှုများသည် ဒေသတွင်း တင်းမာမှုများကို ပိုမိုဖြစ်စေသည့်ပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆက်လက် ခြိမ်းခြောက်နေသဖြင့် G-8 ခေါင်းဆောင်များ၏ စိုးရိမ်ရဆုံး အခြေအနေကို ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အီရန်အား ၎င်း၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

"အီရန်၏ ဆက်လက် ပြုလုပ်နေသော ယူရေနီယမ် သန့်စင်မှုများနှင့် နျူကလီယာ လှုပ်ရှားမှုများ အတွက် ပွင့်လင်း မြင်သာမှု မရှိခြင်းကြောင့် ကျွန်ုပ်တို့ များစွာ စိုးရိမ်ပါသည်" ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ယခုလ အစောပိုင်းက အီရန် အနေဖြင့် နျူကလီယာ သန့်စင်မှုများကို ရပ်ဆိုင်းခြင်း မပြုသောကြောင့် စတုတ္တအကြိမ်မြောက် အရေးယူမှုများ ပြုလုပ်ရန် အတည်ပြုခဲ့သည်။ အရေးယူမှုများတွင် ငွေကြေးဆိုင်ရာ ကန့်သတ်မှုများ ပိုမို တင်းကြပ်ရန်နှင့် လက်နက် ရောင်းဝယ်မှုများ တိုးချဲ့ ပိတ်ပင်ရန် ဖြစ်ပြီး အမေရိကန် ဖြစ်စေလိုသော နာလံ မထူနိုင်အောင် ပြုလုပ်သော အရေးယူမှုမျိုးတော့ မဟုတ်ပေ။

ဂါဇာနှင့် ပတ်သက်၍ အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်မှာ ပြီးခဲ့သည့်လက အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသော သင်္ဘောအုပ်စု အနက်မျ တစ်စီးကို အစ္စရေး ကွန်မင်ဒိုများ ဝင်ရောက် စီးနင်းမှုမှ လူများ သေဆုံးမှု၊ ဒဏ်ရာရမှုများကြောင့် G-8 ခေါင်းဆောင်များ အနေဖြင့် လွန်စွာ ဝမ်းနည်းမှု ဖြစ်ရကြောင်း ဖော်ပြထားသည်။ အဆိုပါ အဖြစ်အပျက်ကြောင့် သင်္ဘောပေါ်တွင် တူရကီလူမျိုး ၉ ဦး သေဆုံးခဲ့သည်။

အစ္စလာမ် အုပ်စု ဖြစ်သော Hamas က ထိန်းချုပ်ထားသော ပါလက်စတိုင်း နယ်မြေအား အစ္စရေးက ပိတ်ဆို့ထားမှုနှင့် ပတ်သက်၍ ကြေညာချက်တွင် "ဂါဇာဒေသတွင် လူသားချင်း စာနာသော အကူအညီများ၊ ရောင်းဝယ်ခြင်းဆိုင်ရာ ပစ္စည်းများ၊ လူများ လွတ်လပ်စွာ သွားလာစီးဆင်းနိုင်ရေး အတွက် သက်ဆိုင်သူများ အတူတကွ လုပ်ကိုင်ကြရန် ကျွနိုပ်တို့ တိုက်တွန်းသည်။ ယခုလက်ရှိ အခြေအနေမှာ ဆက်လက် ရှိမနေသင့်ဘဲ ပြောင်းလဲပစ်ရမည်" ဟု ဖော်ပြထားသည်။

G-8 ခေါင်းဆောင်များသည် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ၂၀၁၅ တွင် ကုလသမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို ပျက်စီးသွားစေကြောင်း၊ ထို့ကြောင့် အကူအညီ ပေးရေး ကတိကဝတ် အသစ်များ ထပ်မံ ချမှတ်ရန် လိုအပ်ကြောင်း ပြောခဲ့ကြသည်။

အကူအညီ အထောက်အပံ့များ ပေးရေးသည် G-8 ၏ အရေးကြီးဆုံးသော အချက်တစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံများသည် ၎င်းတို့ လုပ်ဆောင်ရန် ရှိသည်များကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

BBC ၏ သံတမန် ရေးရာ သတင်းထောက် Bridget Kendall က တိုရန်တိုတွင် ပြောကြားခဲ့ရာတွင် ယမန်နှစ်ကနှင့် မတူသော အချက်တစ်ခုမှာ G-8 သည် လွန်ခဲ့သော ငါးနှစ် Gleneagles ထိပ်သီး အစည်းအဝေးတွင် ၎င်းတို့ ချမှတ်ခဲ့သော အကူအညီ ပေးရေး ရည်မှန်းချက်များ ကိစ္စကို ထည့်သွင်း ဆွေးနွေးခြင်း မပြုကြောင်း၊ ထိုရည်မှန်းချက်များမှ အချို့မှာ ပြည့်မီခြင်း မရှိသေးကြောင်း၊ ယခု အစည်းအဝေးတွင် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးနှင့် ကလေးစိတ်ဓာတ် မြင့်မားရေးကိုသာ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

သောကြာနေ့က G-8 သည် ယခုမှ နောင်ငါးနှစ်အတွင်း မိခင်များ ကျန်းမာရေးနှင့် ကလေးသူငယ်များ အတွက် ဒေါ်လာ ၅ ဘီလီယံ (ပေါင်စတာလင် ၃.၃ ဘီလီယံ) လှူဒါန်းရန် သဘောတူခဲ့သည်။

BBC သတင်းထောက်က အကူအညီပေးရေး အေဂျင်စီများက ချက်ချင်း ဝမ်းနည်းကြောင်း တုန့်ပြန် စကားဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၅ ခုနှစ်က ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး အတွက် ရည်မှန်းခဲ့ကြသော်လည်း ၂၀၁၀ တွင် ရည်မှန်းချက် ဆင်းရဲမွဲတေမှုကို တွေ့ရသောကြောင့်ဟု ဆိုသည်။

စနေနေ့က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စ မဆွေးနွေးမီ သောကြာနေ့က ဘတ်ဂျက် မူဝါဒများ အတွက် အမြင်မတူမှုများကို ပေါင်းစပ်ပေးနိုင်ရန် ကြိုးစားခဲ့သည်။

ကမ္ဘာပေါ်တွင် စီးပွားရေး လိုငွေပြမှုကို လျှော့ချမည်လော၊ သို့မဟုတ် စီးပွားရေး တိုးတက်မှု အတွက် ငွေထပ်ထည့်မည်လောဟု ကွဲပြားနေချိန်တွင် တိုရန်တို၌ G-8 နှင့် G-20 အစည်းအဝေးများ ကျင်းပခြင်း ဖြစ်နေသည်။

ဥရောပနိုင်ငံများက ငွေကြေး မလုံလောက်မှုအား ကြေညာလာကြရာ ၎င်းသည် ကမ္ဘာ့စီးပွားရေး နာလံထူမှုအား နှောင့်နှေးစေမည်လားဟု သမ္မတ Obama က စိုးရိမ်လျက် ရှိနေသည်။

G-8 ခေါင်းဆောင်များသည် တရုတ် အပါအဝင် စီးပွားရေး အင်အားကြီးနိုင်ငံများ ပါဝင် ပူးပေါင်းထားသော G-20 တွင် ဆက်လက် ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

Obama က စီးပွားရေး တိုးတက် ကြီးထွားရေး မြှင့်တက်ရေး အတူတကွ လုပ်ကိုင်ရန် အတွက် ကမ္ဘာစီးပွားရေးသည် အားလုံးနှင့် ခွဲထုတ်၍ မရအောင် ဆက်စပ် ပတ်သက်လျက် ရှိကြောင်း တောင်းဆိုခဲ့သည်။

BBC စီးပွားရေး သတင်းထောက် Andrew Walker က ပြောကြားရာတွင် G-20 အတွက် လိပ်ခဲတည်းလည်း ဖြစ်နေသော ကြွေးမြီ ပြဿနာအတွက်၊ တစ်ခုခု သတ်မှတ်ရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, 23rd June 2010

(Maurice Fitzgerald, Ireland ၏ Interantional Herald Tribune သတင်းစာ အယ်ဒီတာထံ ပေးစာ)

အပြန်အလှန် စွပ်စွဲမှုများစွာ ထွက်ပေါ်လာရသည့် အကြောင်းရင်း တရားခံမှာ အမေရိကန်တို့၏ အိပ်မက်ဆိုး၊ ပင်လယ်ပြင်မှ ရေနံကွက်ကြီးပင် ဖြစ်သည်။ သို့ရာတွင် ရေနံထွက်ပေါက်ကို ပိတ်ဆို့ရေး ဟူသော အခြေခံ ပြဿနာကို ဖြေရှင်းခြင်း မရှိဘဲ တရားမျှတမှု အတွက် အဖြေရှာရာတွင်သာ ခွန်အားကို အလွန်အကျွံ သုံးစွဲနေကြသည်။

ရေနံတူးစင် ပိုင်ရှင် Transocean နှင့် ငှားရမ်း သုံးစွဲသူ BP တို့သည် အပြန်အလှန် အပြစ်တင်ရန် အသည်းအသန် ကြိုးစားကာ ပင်ပေါင်ရိုက်တမ်း ကစားနေကြပြီး မီဒီယာများကို အသုံးချနေကြသည်။ ရေနံတူးစင်ပေါ်တွင် လုပ်ကိုင်နေသူကသာ ဖိအားပိုကြီးမည်မှာ အလွန် ရှင်းလင်းသည်။ ပင်လယ် ကြမ်းပြင်မှ ရေနံများကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ယူရန် ဖြတ်လမ်း နည်းလမ်း များစွာကို သုံးစွဲခဲ့လိမ့်မည်။ သို့သော်လည်း ယခုအချိန်အထိ အဖြေထွက်ပုံ မရကြသေးပါ။

ပြည်သူနှင့် သဘာဝ ပတ်ဝန်းကျင်၏ အကျိုးကို မကြည့်ဘဲ အမြတ်ထုတ်ရန်သာ ကြိုးစားနေသော ကော်ပရေးရှင်းကြီးများ၏ အစွန်းရောက် လောဘများကြောင့် အထက်ပါဖြစ်ရပ် ဇာတ်လမ်းမှ ထွက်လာသော အပုပ်နံ့သည် ကောင်းကင်ဘုံအထိ ရောက်အောင် ပျံ့နှံ့နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 26th June 2010

မြန်မာနိုင်ငံတွင် စနေနေ့က ဒေါ်လာ ၈၇ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နိုင်ငံ၏ အစွန်အဖျား အရှေ့မြောက်ပိုင်းဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်လာသည့် လက္ခဏာများ ရှိနေသည်ဟု စစ်ဖက် အစိုးရက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တရားမဝင် မူးယစ်ဆေးဝါး အမျိုးအစားပေါင်းစုံ အလေးချိန် ၁၀ တန်ခန့်ကို နိုင်ငံတဝှမ်း ပြည်နယ် လေးခုတွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ မှစ၍ အင်ဖက်တာမင်း ဆေးပြား သိမ်းဆည်း ရရှိမှု အလွန်အမင်း များပြားလာခဲ့ပြီး လွန်ခဲ့သည့် နှစ်နှစ်က ဆေးပြား ၁.၁ သန်း ဖမ်းမိရာမှ ၂၀၀၉ တွင် ဆေးပြား ၂၃.၈ သန်းအထိ ဖမ်းဆီး ရရှိခဲ့သည်။ ၂၀၁၀ ပထမ ၄ လပတ် အတွင်း ဆေးပြား ၇.၆ သန်း ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့ ကိန်းဂဏန်းများအရ သိရှိရသည်။

"စိတ်ကို စွဲလမ်းစေတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပါရာဖန်နယ်လီယာနဲ့ ဓာတုဆေးဝါးတွေ အများစုကို ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဖမ်းဆီးရမိခဲ့ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက နေပြည်တော်တွင် ကျင်းပသော ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဆယ်စု နှစ်စုအတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲများ နီးလာသည်နှင့်အမျှ အန္တရာယ် ရှိသည့် ခံစားမှုများ မြင့်တက်လာခြင်းကြောင့် အချို့ လက်နက်ကိုင် အုပ်စုများက မူးယစ်ဆေးဝါး ရောင်းဝယ်ကာ ရန်ပုံငွေ ရှာဖွေကြခြင်း ဖြစ်သည်ဟု ယုံကြည်ရသည်။

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်မှ လက်နက်ကိုင် အဖွဲ့များသည် အရှေ့ဖက် နယ်ခြား တလျှောက်တွင် အစိုးရ တပ်ဖွဲ့များနှင့် ဆက်လက် တိုက်ခိုက်လျက် ရှိပြီး၊ ၎င်းတို့သည် လျစ်လျူရှုခံ၊ အဖိနှိပ်ခံ၊ သားကောင်များ ဖြစ်သည်ဟု အကြောင်းပြခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ယေဘုယျအားဖြင့် ကျဆင်းခဲ့သော်လည်း အာဖဂန် နစ္စတန်၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံးကိန်း ထုတ်လုပ်သူ အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

"ဘိန်းနဲ့ ဟီးရိုးအင်း ထုတ်လုပ်မှု နှစ်မျိုးစလုံးဟာ အရင် ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းခဲ့တာကို တွေ့ရပါတယ်" ဟု ဗိုလ်ချုပ်မောင်ဦးက ဆိုသည်။

နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုကို ဂြိုလ်တု ဆက်သွယ်ရေး အသုံးပြုကာ စောင့်ကြည့်ရန် အတွက် မိမိတို့ အစိုးရက တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New York Times, 23rd June 2010

(Kwan Jin Yao, Singapore ၏ International Herald Tribune သတင်းစာ အယ်ဒီတာထံ ပေးစာ)

The New York Times သတင်းစာ June 19 နေ့စွဲပါ အောင်လင်းထွဋ်၏ "The Burma-North Korea axis" ဆောင်းပါးကို ဖတ်၍ အရှေ့တောင်အာရှ အသင်းကြီး (ASEAN) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မပြုလိုသော သဘောထား၊ နိုင်ငံရေးအရ ချုပ်ကိုင်နေမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေမှုများ အပေါ်တွင် များစွာ တာဝန်ခံရမည် ဖြစ်သည်။ မြန်မာနိုင်ငံအား ASEAN အဝန်းအဝိုင်းတွင် လက်ခံလိုက်ခြင်းသည် စစ်အစိုးရကို တရားဝင် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားသည့် နည်းတူ၊ ASEAN က ၎င်း၏ သူတပါး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို လိုက်နာနေမှုအားလည်း ပြန်လည် စဉ်းစားရန် လိုအပ်နေပြီ ဖြစ်သည်။

Obama အစိုးရ၏ လက်တွေ့ကျသော ဆက်ဆံရေး မဟာဗျူဟာကို ဆက်လက် ကျင့်သုံးခြင်းသည် မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော ဗိုလ်ချုပ်များ၏ ရည်မှန်းချက်များကို ပိုမို ဖြစ်မြောက်ရေး လောင်စာ စွမ်းအင် ပေးသလိုသာ ဖြစ်နေပေမည်။ နိုင်ငံတကာနှင့် ဒေသတွင်း သံတမန်ရေးအရ ဖိအားပေးမှုများ ဖြေလျော့ပေးခြင်း မှန်သမျှသည်လည်း ၎င်းတို့ကို အားပေးသလိုသာ ဖြစ်ချေတော့မည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irish Times, 26th June 2010

ကြွယ်ဝသော ၈ နိုင်ငံ အုပ်စု G-8 သည် မြောက်ကိုရီးယားအား တောင်ကိုရီးယား သင်္ဘောကို တိုက်ခိုက် နစ်မြုပ်ခဲ့သည့် အတွက် ယနေ့ ပြစ်တင် ရှုတ်ချလိုက်ကြပြီး အီရန် ခေါင်းဆောင်များအားလည်း ဥပဒေ စည်းမျဉ်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားရန် တောင်းဆိုလိုက်သည်။

တိုရန်တို မြောက်ပိုင်း ဟန့်စ်ဗီလီးတွင် ကျင်းပသည့် ထိပ်သီးညီလာခံတွင် ထုတ်ပြန်မည့် ကြေညာချက် မူကြမ်းကို ရိုက်တာမှ တွေ့မြင်ခဲ့ရာ၊ "၂၀၁၁ နှစ်လယ်တွင် တပ်ဖွဲ့များ စတင် လျော့ချမည့် အမေရိကန် ပြည်ထောင်စု၏ အစီအစဉ်အတွက် အရေးကြီးသည့် လုံခြုံရေးဆိုင်ရာ ထိထိရောက်ရောက် တာဝန်ယူနိုင်မှုနှင့် ပတ်သက်ပြီး မဟာမိတ်များအား လက်ဆုပ်လက်ကိုင် တိုးတက်မှုများ ပြသနိုင်အောင် ဂျူလိုင်လ ကဘူး ညီလာခံတွင် အဆင်သင့် ဖြစ်နေရန်" အာဖဂန် နစ္စတန် အစိုးရကို တောင်းဆိုထားသည်။

လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံနေရသော နိုဘယ်ဆုရှင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် G-8 က မြန်မာ စစ်ဖက် အုပ်ချုပ်သူများကို တောင်းဆိုလိုက်သည်။

ထို့အပြင် မတ်လ အတွင်းက ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသည့် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား အပေါ် အရေးယူသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ထုတ်ပြန်နိုင်ရန် တွန်းအားပေးနေသည့် တော်ကိုရီးယား နိုင်ငံကို ထောက်ခံကြောင်း G-8 က ပြောကြားခဲ့သည်။

"၄၆ ဦး ကြေကွဲဖွယ် အသက် ဆုံးရှုံးခဲ့ရသည့် တောင်ကိုရီးယား ရေတပ် သင်္ဘော နစ်မြုပ်မှုကို ဖြစ်ပွားစေသော တိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချသည့် ယခုဖြစ်ရပ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စိန်ခေါ်မှု တစ်ခု ဖြစ်သည်" ဟု ကြေညာချက် မူကြမ်းတွင် ဖော်ပြထားသည်။

ယခု ဖြစ်ရပ်တွင် ပါဝင် ပတ်သက်မှု မရှိကြောင်း ပြုံးယမ်းက ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားက လုပ်ကြံ ဖန်တီးခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် နှစ်ခြမ်းကွဲ ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများကို မြင့်တက်စေခဲ့သည်။

မြောက်ကိုရီးယား၏ အဓိက ကျောထောက်နောက်ခံ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံက ဤကိစ္စတွင် မည်သူ တာဝန်ရှိသည် ဆိုသည်ကို ပြောကြားခြင်း မရှိပါ။

အီရန် အရေးနှင့် ပတ်သက်၍ ယခင်နှစ် ညီလာခံမှ တောင်းဆိုချက်များကို G-8 က ထပ်မံ တောင်းဆိုခဲ့ပြီး ၂၀၀၉ ရွေးကောက်ပွဲ အလွန် ဆန္ဒပြမှုများကို အစိုးရ တပ်ဖွဲ့များ ချေဖျက်ချိန်မှ စတင်ခဲ့သော အတိုက်အခံ ထောက်ခံသူများအပေါ် ဖြိုခွဲမှုများကို ရပ်တန့်ကာ ဥပဒေ စည်းမျဉ်းများကို လေးစားကြရန် အီရန် ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။ အီရန် နိုင်ငံလည်း အပါအဝင် ဖြစ်သည့် ကမ္ဘာ့နိုင်ငံများက သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို အီရန် အစိုးရက လေးစားလိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း ကြေညာချက် မူကြမ်းတွင် ဖေါ်ပြထားသည်။

အနုမြူဗုံး ထုတ်လုပ်လိမ့်မည်ဟု အနောက်နိုင်ငံများက စိုးရိမ်နေကြသော အီရန်၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ တီဟီရန် အပေါ် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်ရန် အမေရိကန် ဦးဆောင်သော အဓိက G-8 နိုင်ငံများက ယခုလအတွင်း တွန်းအား ပေးခဲ့ကြသည်။ အီရန်ကမူ ၎င်း၏ နျူကလီယာ အစီအစဉ်သည် စွမ်းအင် အတွက် ငြိမ်းချမ်းစွာ သုံးစွဲရန်သာ ဖြစ်သည်ဟု ကာကွယ် ပြောကြားခဲ့သည်။

ထို့အပြင် G-8 ခေါင်းဆောင်များ၏ ကြေညာချက် မူကြမ်းတွင် "လာမည့်လ ကဘူးညီလာခံသည် အာဖဂန် နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း အတွက် ၉ နှစ်တာ အာဖဂန် စစ်ပွဲကာလအတွင်း အရေးကြီးဆုံး အချိန်၌ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို တိုးတက်စေရန် ကတိပေးထားမှု အပေါ် ကောင်းမွန်စွာ လုပ်ဆောင်နေကြောင်း ပြသရန် အရေးကြီးသည့် အခွင့်အလမ်း ဖြစ်သည်" ဟု ဖော်ပြသည်။

ဟာမစ်ကာဇိုင်း အနေဖြင့် အမေရိကန် ဦးဆောင်သော နိုင်ငံစုံ တပ်ဖွဲ့များ အပြီးသတ် ရုတ်သိမ်းနိုင်ရန် မရှိမဖြစ် အဆင့်များဖြစ်သော ၅ နှစ်အတွင်း လုံခြုံရေးအရ ပိုမို တာဝန်ယူနိုင်မှုနှင့် တရားစီရင်ရေးစနစ် ပြန်လည် အားဖြည့် တည်ဆောက်မှုတွင် လက်ဆုပ်လက်ကိုင် တိုးတက်မှုများ ပြသကာ အသေးစိတ် အစီအစဉ်များကို တင်ပြနိုင်လိမ့်မည်ဟု G-8 အဖွဲ့က မျှော်လင့်နေသည်။

အိမ်ဖြူတော်ကို ဒေါသထွက်စေသည့် မှတ်ချက်များ ပေးခဲ့သော အာဖဂန် နစ္စတန်ဆိုင်ရာ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး စတန်လေမက် ခရစ္စတယ်ကို ထုတ်ပယ်ရန် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ယခင် အပတ်က ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော အာဖဂန် စစ်ပွဲ အပေါ် သံသယသစ်များ ကြီးထွားလာချိန်တွင် G-8 အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

G-8 က ဆက်လက်၍ ပါလက်စတိုင်း ထောက်ခံသူ ကိုးဦး သေဆုံးခဲ့ရသော၊ အစ္စရေး ကွန်မန်ဒိုများ၏ ဂါဇာ ကယ်ဆယ်ရေး သင်္ဘော စီးနင်းမှုတွင် အသက်ဆုံးရှုံးရသူများ အတွက် အထူးပင် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အဆို ဖြစ်ရပ်ကို စုံစမ်း စစ်ဆေးရန် လွတ်လပ်သော လူထု ကော်မရှင် ဖွဲ့စည်းမည့် အစ္စရေး အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သည်။

ဟားမားစ်များ ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားသည့် အစီအစဉ်များအား ဖြေလျော့ပေးမည့် အစ္စရေး၏ ဆုံးဖြတ်ချက်ကို G-8 က ကြိုဆိုခဲ့ပြီး "လက်ရှိ စီမံ ခန့်ခွဲမှုတွေကို ဆက်ထိန်းထားလို့ မရပါဘူး။ ဒါကြောင့် ပြောင်းလဲ ပစ်ရပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.