Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိကြောင်း အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို မြှင့်တင်လိုပါတယ်" ဟု သမ္မတ Jose Ramos-Horta က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အရှေ့တီမော နိုင်ငံသို့ ရောက်ရှိနေစဉ် ပြောဆိုသည်။ ဦးဉာဏ်ဝင်း၏ ခရီးစဉ်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် မကျေနပ်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

"မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး မြှင့်တင်မယ့် ကိစ္စကို တီမောလက်စ်ပေါ်လစီနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ တီမောလက်စ် ပေါ်လစီက အိမ်နီးချင်း နိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ဦးတည်ထားတာ ဖြစ်ပါတယ်" ဟု မစ္စတာ Romos-Horta က မြန်မာ (Myanmar) ဟူသော နိုင်ငံ၏ တရားဝင် အမည်နာမကို အသုံးပြု၍ ပြောဆိုသည်။

"ဒါ့အပြင် မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့ အတွက်လည်း အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Zacarias Da Costa က စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာမီ လာရောက် လည်ပတ်မှာပါ။ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ စီးပွားရေး ဆက်ဆံမှု တစ်ရပ် ထူထောင်ဖို့ပါပဲ" ဟု ၎င်းကပြောသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး ပွင့်လင်းမှုရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ရန် အရှေ့တီမော နိုင်ငံက တိုက်တွန်း ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု မစ္စတာ Romos-Horta က ပြောကြားသည်။

"အရှေ့တီမောရဲ့ ရပ်တည်ချက် သဘောထားကတော့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားလိုပါပဲ၊ တကယ်လို့ ဒိုင်ယာလော့ခ်တစ်ရပ် ထွက်ပေါ်လာမယ်ဆိုရင် အဲဒီ ဒိုင်ယာလော့ခ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး သာမန် နိုင်ငံသားတစ်ယောက် ဖြစ်လာနိုင်ဖို့ ရည်ရွယ်ချက် ထားရှိသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ အရှေ့တီမော ခရီးစဉ်သည် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူ လူ့အခွင့်အရေး သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သည်။ သမ္မတ Ramos-Horta အပါအဝင် အခြားသော စီနီယာ အရာရှိကြီးများနှင့် တွေ့ဆုံရန် သြဂုတ်လ ၂၀ ရက်နေ့က Dili လေဆိပ်သို့ ဦးဉာဏ်ဝင်း ရောက်ရှိလာချိန်တွင် ဆန္ဒပြအုပ်စု ရာပေါင်းများစွာ လေဆိပ်တွင် စုရုံးလျက် ရှိကြောင်း ဆန္ဒပြမှုကို ဦးဆောင် ပြုလုပ်ခဲ့သူများက ပြောကြားသည်။

လေဆိပ်တွင် အရှေ့တီမော ရဲများက ဆန္ဒပြသူများ ယူဆောင်လာသည့် နဖူးစည်းများ၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချထားသည့် စာတန်းများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ဝင်ရောက် သိမ်းဆည်းရာ ရုန်းရင်းဆန်ခတ်မှုများ၊ လုံးထွေး သတ်ပုတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီကိုလာပြီး ဆန္ဒပြတာဟာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး စတာတွေကို ခဲရာခဲဆစ် လုပ်ကိုင်နေကြတဲ့ မိတ်ဆွေ ရောင်းရင်းတွေကို အကူအညီ၊ အထောက်အပံ့ ပေးဖို့ပါပဲ" ဟု ဆန္ဒပြမှုကို ပူပေါင်း ဆောင်ရွက်ပေးခဲ့သူ Carolino Marques က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလက်ငင်း လွှတ်ပေးပြီး စစ်အစိုးရ အမြန်ဆုံး ဆင်းပေးရပါမယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို စစ်အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားမှုအပေါ် အတိုက်အခံ နိုင်ငံရေးသမားများနှင့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုကြသည်။ ထို့ပြင် အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရာသာ ဦးတည်ထားသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ ပြည်သူများအပေါ် စစ်အစိုးရ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ စုံစမ်းဖော်ထုတ်နိုင်မည့် နိုင်ငံတကာခုံရုံး တစ်ရပ် ဖွဲ့စည်းမှုကို ကျောထောက်နောက်ခံ ပြုပေးသွားမည်ဟု အမေရိကန် အစိုးရက သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ဖော် ကြေညာလိုက်ကြောင်း BBC သတင်းက ဆိုသည်။

ယင်းနိုင်ငံတကာ ခုံရုံးဖွဲ့စည်းမှုအပေါ် ကျောထောက်နောက်ခံ ပေးခြင်းသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသည့် ယခင် အမေရိကန် မူဝါဒနှင့် တစ်ထပ်တည်းပင် ဖြစ်သည် ဟု စီနီယာ အရာရှိကြီး တစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံနှင့် သံတမန်နည်းအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ၂၀၀၉ ခုနှစ်တွင် မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ ယခုနှစ် မတ်လတွ် ကုလသမဂ္ဂ အထူး သံတမန်က မြန်မာနိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ အကွက်ကျကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အဓိက ရည်ရွယ်ချက် ပန်းတိုင်မှာ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ ကျင်းပရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၇ ရက်နေ့၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်များက အပြုသဘော ဆောင်သော ရလဒ် တစ်စုံတရာ မဖော်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသည်။

"သံတမန် နည်းလမ်းအရ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ဆုလာဘ်တစ်ခု မဟုတ်ပါဘူး။ အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရဲကိုင်ရဲ ဖြစ်လာအောင် ဒီဇိုင်းဆင်ထားတဲ့ နည်းလမ်း တစ်ခုပါပဲ" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက ပြောသည်။ "အခုလို နိုင်ငံတကာခုံရုံးကို ကျောထောက်နောက်ခံ ပြုမယ့် ကိစ္စကြောင့် အကြောင်း ခိုင်လုံလာတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ကိုင်လို့ မရအောင် အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်သွားဖွယ် ရှိသည်ဟုလည်း အမေရိကန် အစိုးရက အရိပ်ပြ ပြောဆိုထားခဲ့သည်။ အမေရိကန် အစိုးရ ပေါ်လစီသည် လှုပ်ရှား ပြောင်းလဲမှု ရှိသလို အကျိုး သက်ရောက်မှု အတိုင်းအတာများ အပေါ်တွင်လည်း မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု ဆိုသည်။ အမေရိကန် အစိုးရက နိုင်ငံတကာခုံရုံး တည်ထောင်မည့် ကိစ္စအပေါ် ကျောထောက်နောက်ခံ ပေးမှုအား US Campaign for Burma ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုကြသည်။

The New Kerala မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခင် မြောက်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Pak Pong Ju အား ကွန်မြူနစ် အစိုးရက အာဏာ ပြန်ပေးလိုက်ကြောင်း သတင်း ပေးပို့ချက်များအရ သိရသည်။ ဝန်ကြီးချုပ်ဟောင်း Pak Pong Ju သည် အမေရိကန် အရင်းရှင်စနစ်ပုံစံ လုပ်အားခ ပေးသည့်စနစ် ကျင့်သုံးရန် အဆိုပြုခဲ့မှုကြောင့် ရာထူးမှ ဖြုတ်ချခံရဖွယ် ရှိကြောင်း၊ ၎င်းကို ရာထူးချသည့် အနေဖြင့် ဓာတုဗေဒစက်ရုံ တစ်ခုတွင် မန်နေဂျာအဖြစ် တာဝန် ထမ်းဆောင်စေခဲ့ပြီးနောက် ယခုအခါ နိုင်ငံရေးအာဏာ ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းက ဆိုသည်။

မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက Pak Pong Ju ကို အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် စတင် ခန့်အပ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရေဒီယို သတင်းပေးပို့ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ရေးသား ဖော်ပြသည်။

Pak Pong Ju သည် ပြီးခဲ့သည့် ဧပြီ ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီး Sunchon Vinalon ဓာတုဗေဒ စက်ရုံတွင် စီမံခန့်ခွဲရေး မန်နေဂျာချုပ်အဖြစ် တာဝန် ပေးအပ်ခံခဲ့ရသည်ဟု Yonhap သတင်းက ဆိုသည်။ ဂျပန်သတင်းစာ တစ်စောင် ဖြစ်သော Mainichi Shimbun သတင်းစာ အဆိုအရ Pak Pong Ju သည် ၂၀၀၇ ခုနှစ်တွင် အလုပ်သမားများအတွက် မက်လုံးပေးမှုအပေါ် အခြေခံသည့် လုပ်အားခ စနစ် ကျင့်သုံးရန် အကြံပြုခဲ့သောကြောင့် အလုပ်ဖြုတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတွင် ရာထူး ချခံထားရသော အရာရှိကြီးများအား အာဏာနှင့် လုပ်ပိုင်ခွင့် ပြန်ပေးခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ကြောင်း တောင်ကိုရီးယား နိုင်ငံ အစိုးရက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်မည့် ကိစ္စကို ပြုံးယမ်းမြို့တော်တွင် ဆွေးနွေးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မြောက်ကိုရီးယား နျူကလီယာ အရေးကိစ္စဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးသံတမန် Wu Dawei က ယခု ရက်သတ္တပတ်အတွင်း ပြုံးယမ်းမြို့တော်သို့ သွားရောက်ခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မစတင်မီ မြောက်ကိုရီးယား အနေဖြင့် ချိုနန် စစ်သင်္ဘောအား တော်ပီတိုဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ဝန်ချ တောင်းပန်ရမည် ဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံက တောင်းဆိုထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျောခိုင်း ထွက်ခွာခဲ့သည်။ ယခု မြောက်ကိုရီးယား ခရီးစဉ်တွင် တရုတ် သံတမန် Wu Dawei သည်
နိုင်ငံခြားရေး ဝန်ကြီး Pak Ui chun အပါအဝင် ကွန်မြူနစ် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

"ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်၍ မစ္စတာ Wu Dawei က
မြောက်ကိုရီးယား အာဏာပိုင်များနှင့် အမြင်ချင်း ဖလှယ်ခဲ့သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

"ဆွေးနွေးခဲ့သည့် ကိစ္စများအပေါ် အမြင်ချင်း တူညီမှုများ အပြည့်အဝ ရရှိခဲ့ကြသည်" ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်း ပေးပို့သည်။

ချိုနန် စစ်သင်္ဘော ကိစ္စ

တရုတ်သည် မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်များ အားလုံး အဆုံးသတ်နိုင်ရေး အတွက် အမေရိကန်၊ ရုရှား၊ ကိုရီးယား နှစ်နိုင်ငံ၊ ဂျပန် တို့နှင့်အတူ ခြောက်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပပေးခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်ကိုရီးယား ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ၏ ပြစ်တင် ရှုတ်ချမှုကို ဆန့်ကျင်သည့် အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးအတွက် သင်္ဘောကိစ္စကို မေ့ဖျောက်ပစ်ရန် ဆွယ်တရား ဟောခဲ့သည်။

သို့သော် အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်မည့် ကိစ္စမှာ ယနေ့ အချိန်အထိ မရေရာ မသေချာ အနေအထားတွင် ရှိနေဆဲဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ချိုနန်စစ်သင်္ဘော ကိစ္စအတွက် မြောက်ကိုရီးယား နိုင်ငံမှ ဝန်ချ တောင်းပန်မှုကို ရယူလိုသည်ဟု ပြောဆိုထားပြီး သင်္ဘော တိုက်ခိုက်ခံရမှုသည် မြောက်ကိုရီးယား၏ ရန်စသော အပြုအမူအဖြစ် သတ်မှတ် ဖော်ပြကြသည်။

မတ်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ "ပထမဆုံး မြောက်ကိုရီးယား အနေနဲ့ ချိုနန် စစ်သင်္ဘောကိစ္စနဲ့ ပတ်သက်ပြီး ရိုးစင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်လာဖို့ပါပဲ" ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Shin Maeong-Ho က AFP သတင်းဌာနသို့ ပြောကြားသည်။

"လတ်တလော အဖြစ်အပျက်တွေ၊ အနေအထားတွေအရ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ဖို့ ဆိုတာကို ပြောဖို့ စောလွန်းပါသေးတယ်" ဟု ၎င်းက ဆိုသည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-hwan က ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား၏ ရိုးသား ဖြူစင်မှုနှင့် ပတ်သက်၍ အများက အယုံအကြည် ကင်းမဲ့နေကြကြောင်း သြဂုတ်လ တတိယပတ်တွင် ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သည်။ ပထမ တစ်ကြိမ်မှာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာတွင် ဖြစ်ပြီး ဒုတိယအကြိမ်မှာ ၂၀၀၉ ခုနှစ်၊ မေလတွင် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Alert Net, 18th August 2010

မြန်မာနိုင်ငံမှ ၂၀၀၈ ဆိုင်ကလုံးအပြီး အသက်ရှင် ကျန်ရစ်သူများစွာမှာ အိုးမဲ့ အိမ်မဲ့၊ ငတ်မွတ်နေကြဆဲ ဖြစ်သော်လည်း ကယ်ဆယ်ရေး လုပ်သားများ ပိုမို အခက်အခဲ တွေ့အောင် မြန်မာ အစိုးရက ပြုလုပ်နေပြီး များစွာ လိုအပ်နေသော အလှူရှင်များထံ မှားယွင်းသော သတင်း အချက်အလက်များ ပေးပို့လျက် ရှိသည်။

၂၀၀၈ ခုနှစ်က ဆိုက်ကလုံး နာဂစ်စ် မြန်မာနိုင်ငံကို ဖြတ်သန်း ဖျက်ဆီးခဲ့မှုကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့် အသက် ဆုံးရှုံးကာ ကျေးရွာများ၊ စပါးခင်းများ ပျက်စီးခဲ့ရသည်။ ယခု ၂ နှစ် ကျော်သွားသည့် တိုင်အောင် လူပေါင်း ၈၀,၀၀၀ ခန့်မှာ ယာယီ တဲများဖြင့် နေထိုင်ရဆဲ၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။

အဆိုပါ ပြည်သူများ အတွက်မူ တစ်ခါမျှ မကြုံဘူးသည့် သဘာဝ ဘေးအန္တရာယ်၏ အကျိုးဆက်များမှာ ခါးသီး နာကျင် နေရဆဲ ဖြစ်သော်လည်း စစ်ဖက်အစိုးရ အတွက်မူ ထိုသို့မဟုတ်ပါ။

ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးစီး၍ ဖွံ့ဖြိုး တိုးတက်လျက် ရှိသည်ဟု ယခု အပတ်တွင် အစိုးရက ကယ်ဆယ်ရေး အေဂျင်စီများအား ကြေညာသည်။ နာဂစ်စ် ဆိုက်ကလုံး အလွန် ကယ်ဆယ်ရေး စီမံချက်များကို ညှိနှိုင်းရန် ကုလသမဂ္ဂ မြန်မာအစိုးရနှင့် အာဆီယံ အိမ်နီးချင်းများ ပူးတွဲ ဖွဲ့စည်းထားသော အလွန် ထိရောက်သည့် ၃ ပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ဇူလိုင် (၃) ရက်က ရုတ်သိမ်းသွားပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သုံးပွင့်ဆိုင် TCG အဖွဲ့ ထွက်ခွာသွားပြီးနောက် ၎င်း၏ တာဝန်များကို လွှဲပြောင်းယူဖွယ် ရှိသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာချထားရေး ဝန်ကြီးဋ္ဌာနက "၎င်းလုပ်ငန်းများ မလိုအပ်တော့'' ဟု အစိုးရက ဆုံးဖြတ်သည့်အတိုင်း ဆိုက်ကလုံး အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းပေးတော့မည် မဟုတ်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

အစိုးရ၏ အဆိုကို အတိုချုံး ပြောရပါက ဆိုက်ကလုံးအပြီး အသက်ရှင်ကျန်သူများသည် သဘာဝ ကပ်ဘေး မတိုင်မီက ဘဝမျိုးကို ပြန်လည်ရရှိနေပြီ ဖြစ်ရာ ၎င်းတို့အတွက် ၎င်းတို့ ခြေထောက်ပေါ် ရပ်နိုင်ရေး အကူအညီများ မလိုအပ်တော့ဘဲ ရေရှည် တိုးတက်မှု (သို့) ဖွံ့ဖြိုးရေး စီမံကိန်းများသာ လိုအပ်သည်ဟု ဆိုလိုသည်။

လက်တွေ့တွင်မူ အထက်ပါ အဆိုကြောင့် များစွာ ပြောင်းလဲသွားတော့မည် ဖြစ်ပြီး ရည်ရွယ်ချက်များ ပြီးမြောက်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည့် ကယ်ဆယ်ရေး လုပ်သားများနှင့် မုန်တိုင်းအလွန် အသက်ရှင်သူများအတွက် ကောင်းသောအရာ တစ်ခုမှ မရှိပါ။

ပထမဦးဆုံး အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ်မည့် ဝန်ကြီးဋ္ဌာန သီးသန့် မရှိတော့သည့်အတွက် ကယ်ဆယ်ရေး အေဂျင်စီများသည် ၎င်းတို့၏ အစီအစဉ်များနှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး စသည့် သီးခြား ဝန်ကြီးဋ္ဌာန အသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက်များကို လက်မှတ် ရေးထိုးရတော့မည် ဖြစ်သည်။

ဖော်ပြပါ သဘော တူညီချက်မျိုးကိ လက်မှတ် ရေးထိုးပြီးသည်နှင့် ပြည်ပ ကယ်ဆယ်ရေး လုပ်သားများအတွက် ဗီဇာ ထုတ်ပေးလိမ့်မည်ဟု မြန်မာနိုင်ငံမှ ကုလသမဂ္ဂ ဋ္ဌာနေ ညှိနှိုင်းရေး အရာရှိ Bishow Parajuli က AlertNet သို့ ပြောကြားသည်။

များသောအားဖြင့် မြန်မာအစိုးရ ဝန်ကြီးဋ္ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက် ရရှိရန် ၄ လမှ ၂ နှစ်အထိ ကြာမြင့်လေ့ ရှိပြီး ပြည်ဝင်ခွင့် ဗီဇာရရှိရန် နောက်ထပ် ၅လခန့် ကြာတတ်သည်ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း ကယ်ဆယ်ရေး လုပ်သားတစ်ဦးက ဆိုသည်။

အချို့ ကယ်ဆယ်ရေး အေဂျင်စီများမှာ မြန်မာနိုင်ငံတွင် ၎င်းတို့ လုပ်ဆောင်ရန် ရှိသည့် လုပ်ငန်းများကို ဝန်ကြီးဋ္ဌာနနှင့် လက်မှတ်ထိုးချိန်အထိ ရပ်ဆိုင်းထားရမည်ကို စိုးရိမ်လျက် ရှိကြသည်။ အကန့်အသတ် မရှိ ရပ်ဆိုင်းရခြင်းလည်း ဖြစ်နိုင်ပေသည်။

ဗီဇာချက်ချင်း ထုတ်ပေးရန် ငြင်းပယ်မှုနှင့် နှောင့်နှေး ကြန့်ကြာမှု ရလဒ်များသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆိုးဆိုးဝါးဝါး အနှောင့်အယှက် ဖြစ်စေသလို မူလကပင် စိစစ်ချွေတာလိုသော အလှူရှင်များမှာ ၎င်းတို့၏ ပိုက်ဆံများ လက်တွေ့ အကျိုးသက်ရောက်မှု ရှိရန် အချိန်ကြာမြင့်လွန်းသည့်အတွက် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေး အဖွဲ့အစည်းများအား ရန်ပုံငွေ ထောက်ပံ့ရန် စိတ်ပျက်လက်ပျက် ဖြစ်စေလိမ့်မည် ဖြစ်သည်။ ထို့အပြင် အလှူရှင်များမှာ မြန်မာနိုင်ငံမှ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရန်ပုံငွေ ထောက်ပံ့ရန် မလိုလားသော အစဉ်အလာ ရှိနေပြီး လူထု မလိုလားသည့် အစိုးရကို အားပေး ထောက်ခံရာ ရောက်သည်ဟု ၎င်းတို့က ယူဆကြသည်။

အစိုးရက ၎င်း၏ မူသစ်ကို စတင် လုပ်ဆောင်နေချိန်တွင် ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် မရသေးသည့် ဗီဇာအချို့ကို သက်တမ်းတိုးရန် သဘောတူလိမ့်မည်ဆိုသော သတင်းကို ကယ်ဆယ်ရေး အသိုင်းအဝိုင်းက စောင့်စားနေကြသည်။

သုံးပွင့်ဆိုင် TCG အဖွဲ့၏ လုပ်ပိုင်ခွင့် သက်တမ်း မကုန်မီ သီတင်းပတ်များတွင် ကယ်ဆယ်ရေး အုပ်စုများစွာနှင့် မြန်မာ့အရေးလေ့လာသူများက "TCG အဖွဲ့ ထွက်ခွာသွားခြင်းသည် ဆိုင်ကလုံး အသက်ရှင်သူများထံ ရိုးရိုးရှင်းရှင်း ကူညီနိုင်ခွင့် ပြီးဆုံးသွားပြီ'' ဟု အဓိပ္ပာယ် သက်ရောက်နေသည်ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

၎င်းတို့၏ စိုးရိမ်ပူပန်မှုမှာ မှန်ကန်သည့် လက္ခဏာရှိပါသည်။ ကယ်ဆယ်ရေး လုပ်သားများ ဗီဇာ သက်တမ်းတိုးရန် လျှောက်ထားမှု အားလုံး၏ ၁၀ ပုံ ၁ ပုံပင် မပြည့်သော အရေအတွက်ကိုသာ အစိုးရက အတည်ပြုခွင့် ပြုခဲ့သည်။

ပြည်သူလူထု မြောက်မြားစွာ အကူအညီ လိုအပ်နေဆဲ အချိန်တွင် အဘယ်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ၏ လုပ်ပိုင်ခွင့်ကို ဖြတ်တောက်လိုက်ပါသနည်း။

နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများမှာ အထက်ပါ ကိစ္စတွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်နေသည်။

"အစိုးရက ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ နိုင်ငံခြားသားတွေ ဝင်ထွက် သွားလာနေတာကို မမြင်ချင်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင် ကန့်ကွက်သူတွေကို ခြိမ်းခြောက် နှောက်ယှက် အကြမ်းဖက်ခဲ့တဲ့ ပုံစံမျိုးတွေ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ နောက်တစ်ကြိမ် ဖြစ်လာနိုင်လို့ပါပဲ'' ဟု Human Rights Watch မှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robert Son က ပြောကြားသည်။

အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေတွင် မြန်မာနိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်ဖက်အစိုးရက အုပ်ချုပ်မည်ဟု ပြဋ္ဌာန်း ဖော်ပြထားသော်လည်း တရားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသော အရေးကြီး ဝန်ကြီးဋ္ဌာနများမှာ စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဦးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Kyodo News, 21st August 2010

ဂျပန် အစိုးရသည် မြန်မာနိုင်ငံအား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အထွေထွေ ရွေးကောက်ပွဲကို ပွင့်လင်း လွတ်လပ်၍ မျှတမှုရှိအောင် ကျင်းပပြုလုပ်ရန် တိုက်တွန်းထားသည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုကာဒါက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲသို့ ပြောကြားရာတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများဟု ဆိုကြသော နိုဝင်ဘာလ ၇ ရက် မဲပေးပွဲနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုကို ဂျပန် အစိုးရက ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တဆင့် အသိပေးလိုက်သည်ဟု ဆိုသည်။

အကယ်၍ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိပဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်း တောင်းဆိုထားကြသည့် လွတ်လပ်၊ မျှတ၊ ပွင့်လင်းသော ရွေးကောက်ပွဲများ ဖြစ်လာမည် မဟုတ်သဖြင့် စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်ဟု အိုကာဒါက ဆိုသည်။

၎င်းက မြန်မာ စစ်ဖက်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန် ပြည့်ဝသော ဆက်ဆံ ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ရန်နှင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အားလုံးကို ပါဝင် ယှဉ်ပြိုင်ခွင့် ပေးရန် တောာင်းဆိုလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.