Transparency Myanmar

transparency.myanmar@gmail.com

BBC News, 4th October 2010

ရုရှား လက်နက် မှောင်ခိုကုန်သည် Viktor Bout အပေါ် ငွေကြေး ခဝါချမှု၊ လိမ်လည်မှုများ အတွက် တရား စွဲဆိုမှုများကို ရုတ်သိမ်းရန် တောင်းဆိုမှုကို ထိုင်းတရားရုံးက ပယ်ချလိုက်ပြီး ၎င်းအား အမေရိကန် ပြည်ထောင်စုသို့ ပို့ဆောင်မည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်း ထားလိုက်သည်။

ကိုလံဘီယာ သူပုန်အုပ်စုထံ လက်နက်များ ရောင်းချရန် ပူးပေါင်း ကြံစည်မှုဖြင့် တရား စွဲဆိုရေးအတွက် Viktor Bout အား အမေရိကန်သို့ ပို့ဆောင်ရန် သြဂုတ်လက စီစဉ်ထားခဲ့သည်။

သို့သော်လည်း ဥပဒေကြောင်းအရ ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည့် စွဲဆိုချက် အသစ်များ ထပ်မံ တင်ပြခဲ့ပြီးနောက် ၎င်းအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ထိုင်း-အမေရိကန် ပူးပေါင်း စစ်ဆင်ရေးဖြင့် Viktor Bout အား ဖမ်းဆီး ရမိပြီးနောက်ပိုင်း ၎င်းအား တရားစွဲဆိုရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှားတို့ အငြင်းအခုံ ဖြစ်ခဲ့ကြသည်။

Viktor Bout သည် အာဖရိကန် စစ်ဘုရင်များနှင့် အစ္စလာမ် စစ်သွေးကြွများအား ၁၅ နှစ်ခန့် လက်နက်များ ရောင်းချ ပေးခဲ့ပြီးနောက် ကိုလံဘီယာ သူပုန်များ အယောင် ဆောင်ထားသည့် အမေရိကန် ထောက်လှမ်းရေးများအား လက်နက် ရောင်းချရန် ကြိုးစားစဉ် ဘန်ကောက် ဟိုတယ် တစ်ခုတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဗြိတိန် နိုင်ငံရေးသမား တစ်ဦးက သေမင်းတမန် ကုန်သည်ဟု တင်စားခဲ့သည့် Viktor Bout က ကိုလံဘီယာ သူပုန်များထံ လက်နက် ရောင်းချရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲဆိုမှုတွင် အပြစ်မရှိဟု လျှောက်လဲခဲ့သည်။

အကယ်၍ အပြစ်ရှိကြောင်း ဆုံးဖြတ်၍ ပြစ်ဒဏ် ချမှတ်ခံရပါက အမြင့်ဆုံး တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဥပဒေကြောင်း အကျပ်အတည်း

Viktor Bout အား ပြန်ပို့ရန် မေတ္တာ ရပ်ခံမှုများကြောင့် တရားရုံးက သြဂုတ်လ ၂၀ ရက်တွင် အမိန့် ထုတ်ပြန်ခဲ့ပြီး ၃ လအတွင်း ဆောင်ရွက်ရမည်ဟု အမိန့် ချမှတ်ခဲ့သည်။

သို့သော်လည်း ဖေဖော်ဝါရီလ အတွင်းက Viktor Bout အပေါ် အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သော ငွေကြေး ခဝါချမှု လိမ်လည်မှု စွဲဆိုချက်များစွာနှင့် ပတ်သက်သည့် ဥပဒေကြောင်း အရှုပ်အထွေးများကြောင့် ၎င်းအား ပြန်ပို့မည့် အစီအစဉ် နှောင့်နှေး ကြန့်ကြာသွားခဲ့သည်။

လက်ရှိ တရားစွဲဆိုမှုများကို ပယ်ချပေးရန် အမေရိကန်နှင့် ထိုင်းတို့၏ တောင်းဆိုမှုကို ဘန်ကောက် ရာဇဝတ်မှု တရားရုံးက ပယ်ချလိုက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်မှု အသစ်များ စတင်မည်ဟု ဆိုခဲ့သည်။

အကယ်၍ ယခုကိစ္စ အချိန် ကြာမြင့်မှုကြောင့် ပြန်လည် ပို့ဆောင်ရန် အမိန့်သက်တမ်း လွန်သွားပါက ၂ နှစ်ခွဲခန့် ကြာခဲ့သောာ လုပ်ငန်းစဉ်ကို အသစ်တဖန် ပြန်လည် စတင်ရမည့် လက္ခဏာ ရှိနေသည်။

မော်စကိုကလည်း Viktor Bout သည် အပြစ်ကင်းသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသာ ဖြစ်သည်ဟု ပြောဆိုကာ ၎င်းအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ရုရှားလေတပ် အရာရှိဟောင်း တစ်ဦး ဖြစ်သော Viktor Bout သည် ရုရှားစစ်ဖက်နှင့် ထောက်လှမ်းရေး စစ်ဆင်ရေး စီမံချက်များနှင့် ပတ်သက်၍ များစွာ သိရှိထားသည်ဟု ယူဆရသည်။

အကယ်၍ အမေရိကန် ပြည်ထောင်စုတွင် ရုံးတင် စစ်ဆေးပါက ၎င်းသည် အစိုးရ သက်သေအဖြစ် ပြောင်းလဲသွားနိုင်ပြီး လျှို့ဝှက်သတင်း အချို့ ၎င်းထံမှ ပေါက်ကြားသွားနိုင်ခြင်းကို မော်စကိုက စိုးရိမ်နေခြင်း ဖြစ်နိုင်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 4th October 2010

ဂျပန် ဝန်ကြီးချုပ် Naoto Kan နှင့် တရုတ် ဝန်ကြီးချုပ် Wen Jiabao တို့သည် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်ရင်း ခေတ္တမျှ သီးခြား တွေ့ဆုံခဲ့ရာတွင် နောက်ဆုံး နယ်မြေ အငြင်းပွားမှု ပြီးနောက် ဆက်ဆံရေး တိုးတက်စေရန် သဘောတူခဲ့သည်။

တနင်္လာနေ့က ညစာ စားအပြီး တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပြည်သူ့ ဆက်ဆံရေး ဒုတိယ ကက်ဘိနက် အတွင်းရေးမှူး Noriyuki Shikata က AFP သို့ ပြောကြားခဲ့သည်။

"သူတို့ဟာ ဆက်ဆံရေး တိုးတက်ဖို့ သဘောတူပြီး၊ ပူးပေါင်း ဆောင်ရွက်ရေးကို ရှာဖွေဖို့ ပြောခဲ့ကြပါတယ်" ဟု ၎င်းက ပြောသည်။

၎င်းတို့ နှစ်ဦးသည် ဘရပ်ဆဲတွင် (၄၆) နိုင်ငံ ပါဝင်သော အာရှ-ဥရောပ အစည်းအဝေး (ASEM) တွင် တက်ရောက်လျက် ရှိရာ အရှေ့ တရုတ်ပင်လယ် (East China Sea) ရှိ ကျွန်းများကိစ္စ အငြင်းပွားမှုအတွက် တွေ့ဆုံ ပြောဆိုရန် အကြံပြုမှုများ ရှိခဲ့သည်။

အာရှ အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုသည် စက်တင်ဘာလ (၈) ရက်နေ့က East China Sea တွင် တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဖမ်းဆီးခဲ့ခြင်းမှ အစပြုကာ သံတမန်ရေးအရ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျို သတင်းဌာန၏ အဆိုအရ သင်္ဘော တိုက်မှုများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ယွင်းရခြင်းမှာ မဖြစ်ကောင်းကြောင်း Kan နှင့် Wen တို့က သဘောတူကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ် အဆင့် စကားပြောမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

Beijing ရှိ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန် ရှိသူများကမူ ချက်ခြင်း မှတ်ချက်ပေးခြင်း မပြုကြပေ။

ကျိုဒိုက ပြောကြားရာတွင် ထိုကျွန်းများသည် ဂျပန်၏ အချုပ်အချာပိုင် နယ်မြေများ ဖြစ်ကြောင်း၊ နယ်မြေကိစ္စ ထိုဒေသတွင် မရှိကြောင်း Kan က တရုတ် ဝန်ကြီးချုပ်သို့ ပြောခဲ့သည်ဟု ဆိုသည်။

သို့သော် Wen  က ထိုကျွန်းများသည် Beijing ၏ ပိုင်ဆိုင်မှုသာ ဖြစ်ကြောင်း ကိုင်စွဲထားသည်။

"ဒီ Diaoyu ကျွန်းတွေဟာ ရှေးယခင် ကတည်းက တရုတ်၏ အချုပ်အချာ အာဏာပိုင် ဖြစ်ခဲ့တာပါ" ဟု Wen က Kan သို့ ပြောခဲ့သည်ဟု တရုတ်၏ Xinhua သတင်း အေဂျင်စီက သတင်း ပေးပို့ခဲ့သည်။

Xinhua က ပြောကြားရာတွင် ကျွန်းများသည် နှစ်နိုင်ငံ အခြေခံ အကျိုးစီးပွားကို ဖြစ်စေကြောင်း လူများကလည်း နှစ်နိုင်ငံ အကျိုးအမြတ်အတွက် ဆက်ဆံရေးကို ကာကွယ်ပေးရမည် ဖြစ်ကြောင်း ညွှန်ပြခဲ့သည်ဟု ဆိုသည်။

ဂျပန်က ပြောကြားရာတွင် ၎င်းတို့၏ အချုပ်အချာ ပိုင်မှုသည် ၁၉ရာစု နှောင်းပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်ပြီး၊ တရုတ်တို့က East China Sea တွင် ရေနံများ ထွက်ရှိမှုကြောင့် ၁၉၇၀ နောက်ပိုင်းမှသာ စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

တစ်ခ်ျိန်တည်းမှာပင် ယခုအပတ် အကုန်က တရုတ်သည် ဂျပန်အား နှစ်နိုင်ငံ ဆက်ဆံရေးတွင် မတူညီသော အမြင်များကိုလည်း လက်ခံရန် တောင်းဆိုခဲ့သည်။

အဆိုပါ ကြေညာချက်မှာ ဂျပန် ဝန်ကြီးချုပ်က တရုတ်အား ကိုယ့်တာဝန် ကိုယ်ယူနိုင် နိုင်ငံတကာ အသိုင်းအဝိုင်း အဖွဲ့ဝင် တစ်ဦးအဖြစ် ပြုမူရန် ပြောခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် အကြီးအကဲ Ma Zhaoxu က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စမှာ ဂျပန် ကမ်းရိုးတန်းစောင့် သင်္ဘောကို ဝင်တိုက်သော တရုတ် ငါးဖမ်း သင်္ဘောအား ဖမ်းဆီးခဲ့ခြင်းကြောင့် စတင် ဖြစ်ပွားလာခြင်း ဖြစ်သည်။

၎င်းအား မကြာမီ ပြန်လွှတ်ပေးခဲ့ပြီး ဂျပန်က ပြန်လည် တောင်းပန်ရန် တရုတ်က ဖိအားပေးခဲ့ကာ နောင်ပိုင်းတွင် စကား စစ်ထိုးမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

တဖန် တရုတ်က ဂျပန် လေးဦးအား တရုတ်နယ်မြေ အတွင်း ဝင်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ သို့သော် ယင်းကိစ္စနှင့် ရေပိုင်နက် ကိစ္စနှင့် မသက်ဆိုင်ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။

အဆိုပါ လေးဦးအနက် သုံးဦးမှာ သောကြာနေ့က ဂျပန်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး၊ တစ်ဦးမှာမူ ဆက်လက် ထိန်းသိမ်း ခံနေရဆဲ ဖြစ်သည်။

ဂျပန်နိုင်ငံမှ ပြေလည်လိုသည့် သဘော ပြသခဲ့ရာတွင် တိုကျိုက ယခုအပတ် ပြောရာ၌ Kan သည် ဘရပ်ဆဲတွင် ကျင်းပသော ဥရောပ-အာရှ ထိပ်သီး အစည်းအဝေးသို့ သွားရောက်ရခြင်းမှာ Wen  နှင့် တွေ့ဆုံရန်လည်း ဖြစ်ကြောင်း ဆိုခဲ့သည်။

ဂျပန်နိုင်ငံတွင် စနေနေ့တွင် ဂျပန် နိုင်ငံသားများက တိုကျိုတွင် ယခု ငါးဖမ်း သင်္ဘောကိစ္စ၌ တိုင်းပြည်၏ သံတမန် ရေးရာ၌ အရှုံးပေးခဲ့ရမှုကို ခံပြင်းလျက် ရှိကြောင်း စီတန်း လှည့်လည် ထုတ်ဖော်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 3rd October 2010

ဥရောပ သမဂ္ဂနှင့် အာရှ ခေါင်းဆောင်များသည် မြန်မာအစိုးရအား လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရေးနှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေး အတွက် တိုက်တွန်းရန် စီစဉ် ပြင်ဆင်ထားသော ကြေညာချက် မူကြမ်းအရ သိရှိရသည်။

မြန်မာ နိုင်ငံအား ဒီမိုကရေစီ ပြောင်းလဲရေးအတွက် တံခါးဖွင့်ရန် အီးယူက အချိန် ကြာမြင့်စွာကပင် တောင်းဆိုခဲ့သော်လည်း အချို့ အာရှနိုင်ငံများ (အထူးသဖြင့် တရုတ်နိုင်ငံ) က ရှေ့နောက် မြော်မြင် ချဉ်းကပ်မှုကို ပိုမို ပြုလုပ်ခဲ့ကြသည်။ ယခု ၂ ရက်ကြာ ထိပ်သီး ညီလာခံ၌ အရေးပါဖွယ် ရှိသည်ဟု ဆုံးဖြတ်ကာ ထုတ်ပြန်မည့် ကြေညာချက် မှန်သမျှ ပြုလုပ်ရာတွင် တရုတ်နိုင်ငံသည် တက်ကြွစွာ ဦးဆောင်သည့် နိုင်ငံ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာ ၇ ရက်၌ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်နေသည်။ ယင်းရွေးကောက်ပွဲများသည် လွတ်လပ် မျှတ၍ အားလုံး ပါဝင်ခွင့် ရှိမည် ဖြစ်ကြောင်း တရားဝင် အခြေခံ ဥပဒေအရ ပေါ်ထွက်လာသော အရပ်ဖက် အစိုးရ စနစ်သစ်သို့ ဦးတည်သည့် အဆင့်တစ်ခု ဖြစ်ကြောင်း သေချာစေမည့် လိုအပ်သော အစီအစဉ်များကို ဆောင်ရွက်ရန် မြန်မာ အစိုးရကို  ဘရပ်ဆဲ ညီလာခံရောက် ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်ဟု ကြေညာချက် မူကြမ်းတွင် ဖော်ပြထားသည်။

မြန်မာ စစ်ဖက် အုပ်ချုပ်သူများ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ် ကံကြမ္မာမှာ ဥရောပတွင် လူအများက အထူးသဖြင့် စိတ်ဝင်တစား သတိထား စောင့်ကြည့်ခဲကြသော အကြောင်းအရာ တစ်ခု ဖြစ်သည့် ယင်းကိစ္စကို ညီလာခံတွင် ခေါင်းဆောင်များက အကျဉ်းမျှ ဆွေးနွေးခဲ့ကြသည်ဟု မူကြမ်းတွင် ဖတ်ရှုရသည်။

"နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို အချိန်ကိုက် လွှတ်ပေးမှုက လာမည့် ရွေးကောက်ပွဲများရဲ့ အားလုံးနဲ့ သက်ဆိုင်မှု ပါဝင် ဆင်နွှဲကြမှု၊ ပွင့်လင်း မြင်သာ ရှိမှုတို့ကို ပိုမို ဖြစ်ပေါ်စေပါလိမ့်မည်" ဟု ဆက်လက် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Global Post, By Stephanie Kleine-Ahlbrandt, 3rd October 2010

အနောက် ကမ္ဘာက နိုဝင်ဘာလတွင် ကျင်းပမည့် မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက် ဦးတည်သည်ဟု ဆိုကြသော်လည်း တရုတ်ကမူ တည်ငြိမ်ရေး အတွက်သာ ရိုးရိုးလေး စဉ်းစားလျက် ရှိသည်။

ပြီးခဲ့သည့်လ အစောပိုင်းက မြန်မာအစိုးရ ခေါင်းဆောင် သန်းရွှေသည် Beijing သို့ သွားရောက်၍ ရွေးကောက်ပွဲကြောင့် ၂၁၉၂ ကီလိုမီတာ ရှည်သော တရုတ်-မြန်မာ နယ်စပ်တွင် ရန်ပွဲများ ဖြစ်လာလိမ့်မည် မဟုတ်ဟု တရုတ် ခေါင်းဆောင်များကို ပြောကြားခဲ့ပုံ ရသည်။

မြန်မာ နိုင်ငံတွင် နယ်စပ် ပဋိပက္ခများသည် လွတ်လပ်ရေးလွန် ကာလမှ စ၍ နှစ်ရှည်လများ ကြာရှည်သည့် လက္ခဏာ ရှိပြီး၊ တိုင်းရင်းသား အုပ်စုများသည် ယင်းတို့၏ နယ်မြေကို လက်နက်ကိုင်၍ ထိန်းချုပ်ထားသည်။

၂၀၀၉ ခုနှစ် သြဂုတ်လက မြန်မာ စစ်တပ်သည် အပစ်အခတ် ရပ်စဲထားမှုအား ချိုးဖျက်၍ ကိုးကန့် ဒေသအား နှိမ်နှင်းခဲ့ခြင်းကြောင့် Beijing အား စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုအဖြစ် အပျက်ကြောင့် ဒုက္ခသည် (၃၀၀၀၀) ကျော် တရုတ် ယူနန်ပြည်နယ်သို့ ထွက်ပြေးခဲ့ရသည်။

အဆိုပါ စစ်ဆင်ရေးက Beijing ကို အံ့အားသင့်စေခဲ့သည်။ ယင်းတို့၏ ပြည်နယ် ခေါင်းဆောင်များကမူ ကြိုတွက်ဆမိလိမ့်မည်ဟု ယူဆရသည်။ ယခု အဓိက တိုင်းရင်းသား အုပ်စု ဖြစ်သော ကချင် နိုင်ငံရေး ပါတီအား ပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ခွင့်မပြုဘဲ ယင်း၏ တသီးပုဂ္ဂလ အမတ်များကိုလည်း အစိုးရက ရွေးကောက်ပွဲ ၀င်ရန် ခွင့်မပြုခဲ့ခြင်းကြောင့် နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

နိုင်ငံရေးနှင့် ပတ်သက်သော အဖြေကို တရားဝင် နည်းလမ်းဖြင့် ရှာဖွေနိုင်ခြင်း မရှိပါက စစ်ဖြစ်ရန် ပိုမို နီးစပ်လာကြောင်း ကချင် ခေါင်းဆောင် တစ်ဦးက သတိပေးသည်။ နေပြည်တော်ရှိ စစ်အစိုးရ၏ အထက်ပါ ဆုံးဖြတ်ချက် ခိုင်မာမှုသည် အိမ်ဖြူတော်ထက် စာလျှင် ပေါ်လစ်ဗျူရိုကို ပိုစိုးရိမ် ပူပန်မှုများ ဖြစ်စေသည်။

ဝါရှင်တန်၏ သတိဖြင့် ဆက်ဆံသော ဆက်ဆံရေးနှင့် မတူပဲ Beijing သည် ယခု ကိစ္စများတွင် ကိုယ်တိုင် ကိုယ်ကျ ၀င်ရောက် ကိုင်တွယ်လျက် ရှိသည်။ ကိုးကန့် အရေးအခင်း အပြီးတွင် ဗဟို အစိုးရသည် ယူနန်ပြည်နယ်အပေါ် အချိန်မီ သတင်း မပို့နိုင်ခြင်း၊ သတင်း အတိအကျ မပေးနိုင်ခြင်းကြောင့် ယုံကြည်မှု ပျောက်ဆုံးပြီး၊ ထောက်လှမ်းရေး သတင်းများ စုဆောင်းရန် တာဝန်ရှိသူများ စေလွှတ်ခဲ့သည်။

Beijing သည် နယ်စပ်ရှိ တိုင်းရင်းသား အုပ်စုများနှင့် တိုက်ရိုက် ဆက်ဆံခဲ့သည်။ မြန်မာ အစိုးရနှင့် တိုင်းရင်းသား အုပ်စုများ ကြားတွင် စကားပြောနိုင်ရေး၊ ပဋိပက္ခ မဖြစ်ရေးတို့အတွက် ကြားခံ ပွဲစားသဖွယ် ဆောင်ရွက်ပေးလျက် ရှိသည်။

ယခုနှစ် အစောပိုင်း ကတည်းက တရုတ်သည် "၀" ခေါင်းဆောင်အား ယင်း ငြင်းဆန်နေသည့် ကြားမှ မြန်မာ အစိုးရနှင့် ညှိနှိုင်းမှုတွင် တက်ရောက်ရန် အတင်းအကျပ် ခိုင်းစေခဲ့သည်။

လွတ်လပ်တရား မျှတလိမ့်မည် မဟုတ်ဟု မျှော်လင့်ထားသော ရွေးကောက်ပွဲများသည် ဆုံးရှုံးမှုများကိုသာ ပိုမိုဖြစ်စေမည် ဖြစ်သည်။ Beijing အနေဖြင့် ရွေးကောက်ပွဲကို အများ လက်ခံလာရေးနှင့် ထိပ်တိုက် ရင်ဆိုင်မှု အန္တရာယ် လျော့ပါးရေးအတွက် တိုင်းရင်းသား အုပ်စုများ ရွေးကောက်ပွဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပါလာရေးကို မျှော်လင့်ထားခဲ့သည်။ သို့သော် "၀" ကလည်း သူ့နယ်မြေတွင် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသကဲ့သို့ ကချင်မှာလည်း ရွေးကောက်ပွဲတွင် ပါဝင် ဆင်နွှဲခွင့် ငြင်းပယ်ခံခဲ့ရသည်။

အဆိုပါ အချက်သည် ရေရှည်တွင် နေပြည်တော်နှင့်တိုင်းရင်းသား အုပ်စုများ ကြားတွင် အခြေအနေ ပိုမို ဆိုးရွားလာစေနိုင်သည်။ နေပြည်တော်က တိုင်းရင်းသား လက်နက်ကိုင်များကို စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခဲ့သော်လည်း အဖြေ မထွက်သည့် အတွက် နောက်ထပ် စစ်ပွဲများ၊ ဖြစ်လာနိုင်ချေ တိုးလျက် ရှိသည်။

Beijing သည် ထိုသို့ ဖြစ်လာမည့် အရေးကို ရှောင်ရှားနိုင်ရေးအတွက် ငွေမည်မျှ ကုန်ကုန် ဟူသော ဆန္ဒ ရှိသည်။ သို့သော် Beijing ၏ နေပြည်တော်နှင့် သော်လည်းကောင်း၊ တိုင်းရင်းသား အုပ်စုများနှင့် သော်လည်းကောင်း ဆက်ဆံရေးကို စီမံခန့်ခွဲရာတွင် အခက်အခဲများစွာ ရှိနေသည်။ နှစ်ဖက်စလုံးက တရုတ်ကို သံသယ ရှိနေကြသည်။ မြန်မာ အစိုးရက တရုတ်သည် နယ်စပ်ရှိ တိုင်းရင်းသား အုပ်စုများကို နှစ်ရှည်လများ ထောက်ပံ့ပေးခဲ့ခြင်းကြောင့် မယုံရဲ ဖြစ်နေသည်။

တိုင်းရင်းသား အုပ်စုများကလည်း Beijing ကို နေပြည်တော်အား စစ်ရေးအရ မဖြေရှင်းရန် အကြံပြုမှုအတွက် အသိအမှတ် ပြုကြသော်လည်း ယင်းတို့အား စေ့စပ် ညှိနှိုင်းရေး စားပွဲသို့ အတင်းအကျပ် သွားခိုင်းနေခြင်းသည် ယင်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွားကို စွန့်လွှတ် ခိုင်းနေသည်နှင့် တူသည်ဟု ဆိုနေကြပါသည်။

တရုတ်၏ ကချင်၊ ရှမ်းနှင့် ရခိုင်ဒေသများတွင် ရင်းနှီး မြှုပ်နှံမှုများ အတွက် တိုင်းရင်းသားများက မကျေနပ်ကြပေ။ အဆိုပါ စီမံကိန်း အများစုသည် အကျိုးအမြတ် ခွဲဝေမှု မညီမျှခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီးမှုများ ရှိခြင်းနှင့် အဆိုပါဒေသရှိ လူများ၏ ရိုးရာ နေထိုင်မှု ဘ၀များအပေါ် များစွာ ပျက်စီးစေမှုများကြောင့် တရုတ်အပေါ် မကျေနပ်မှုများမှာ တိုးပွားလျက် ရှိသည်။

ထို့ကြောင့် ၂၀၁၀ ဧပြီလက တရုတ်၏ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးကွဲမှုများသည် ထိုမကျေနပ်မှုများကြောင့်ဟု အများက ယုံကြည်ကြသည်။ နိုင်ငံရေး လှုပ်ရှားသူများက တိုင်းရင်းသား နယ်မြေများတွင် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများသည် မြန်မာအစိုးရ၏ တိုင်းရင်းသား နယ်မြေများတွင် ပိုမို ချုပ်ကိုင်လာနိုင်ရေး မဟာဗျူဟာတွင် တရုတ်နိုင်ငံ ပါဝင်လာခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ အထူးသဖြင့် သယံဇာတ ပေါသော ကချင်ပြည်နယ်တွင် ပိုမို ၀င်ရောက်လာသည်။

Beijing အတွက်မူ မသေချာသော အခြေအနေများက အန္တရာယ် များလှပေသည်။ တရုတ်က မြန်မာနိုင်ငံတွင် နယ်စပ် တည်ငြိမ်ရေးကို တွန်းအား ပေးနေချိန်တွင် ရွေးကောက်ပွဲတွင် ၀ နှင့် ကချင် ကဲ့သို့သော အဓိက တိုင်းရင်းသားများ မပါဝင်မှုကြောင့် ပဋိပက္ခများ ဖြစ်ရန် အလားအလာများ ဖြစ်လျက် ရှိပေသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ အိမ်နီးချင်း မြန်မာနိုင်ငံတွင် လာမည့် နိုဝင်လာလ ၇ ရက်နေ့၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲသည် ဘာမှ မဟုတ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ အကြောင်းမှာ အဓိက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရရှိသောကြောင့်ပင် ဖြစ်၏။

၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်း မပေးခဲ့သလို သူမကိုလည်း နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ ဖမ်းဆီး ထိန်းချုပ်ထားခဲ့သည်။ ယခု ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် စစ်တပ်အာဏာ သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဟု NLD က ဆုံးဖြတ်ကာ သပိတ် မှောက်ထားသည်။

မည်သို့ပင် ရှိစေကာမူ မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ အတုအယောင်အပေါ် ပြစ်တင် ဝေဖန်မှုများ လျော့ကျ သွားစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့် ကိစ္စအား အလေးအနက် စဉ်းစားနေရသည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။ ရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ် တစ်ပတ် အလိုတွင် လွှတ်ပေးဖွယ် ရှိသည်ဟု ဆိုသည်။ စစ်အစိုးရက ယင်းသို့ အရဲစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖွယ် မရှိသော်လည်း ကျွန်ုပ်တို့ကတော့ ဖြစ်လာမည်ဟု မျှော်လင့်မိသည်။

ဖိလစ်ပိုင် သမ္မတ အကွီနို အနေဖြင့် ယခင် အစိုးရ အဖွဲ့ဟောင်း၏ မူဝါဒအတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မမှိတ်မသုံ ဖိအာပေး ပြောဆိုသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသည် မြန်မာနိုင်ငံတွင် အပြုသဘော ဆောင်သော အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် မျှော်လင့်ချက် တစ်စပင် ဖြစ်ရာ ဖိလစ်ပိုင် အစိုးရအနေဖြင့် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှု မူဝါဒများကို ဆက်လက် ကျင့်သုံးသင့်သည်။ သို့သော် တစ်ချိန်တည်းမှာပင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ မှန်မှန်ကန်ကန် လုပ်ကိုင်လာအောင် ဖိအားပေးမှုများလည်း ပြုလုပ်ရမည် ဖြစ်သည်။

ယခင် ဖိလစ်ပိုင် သမ္မတဟောင်း၏ မိခင် ဒီမိုကရေစီ ခေါင်းဆောင်သည်လည်း အာဏာရှင် စစ်ဗိုလ်ချုပ်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ ယခု မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထောက်အပံ့ ပေးမှုများကို ကျွန်ုပ်တို့က အထူးပင် ကြိုဆိုသည်။ ယနေ့ မြန်မာ နိုင်ငံအပေါ် ထားရှိသည့် ဖိလစ်ပိုင် နိုင်ငံ၏ မူဝါဒသည်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် တွန်းအားပေးမှုအပေါ် အခြေခံသင့်ကြောင်း ပြောလိုသည်။

The Manila Times သတင်းစာ ခေါင်းကြီးပိုင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ပြီးခဲ့သည့် စက်တင်ဘာ လအတွင်း အရှိန် မြင့်တက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်းဇယား များအရ သိရသည်။

ထိုင်းနိုင်ငံ၏ Purchasing Manager Index အရ ယခုနှစ် မေလတွင် ကုန်ထုတ်လုပ်မှုမှာ ၅၁ ဒဿမ ၇ အဆင့်တွင် ရှိခဲ့ရာမှ  သြဂုတ်လ အရောက်တွင် ၅၃ ဒဿမ ၈ သို့ ရောက်ရှိကာ အမြင့်ဆုံး အနေအထား ဖြစ်ခဲ့သည်။ ထိုင်းအမျိုးသား စာရင်းစစ် ဗျူရိုအတွက် ဧရာမ ကုမ္ပဏီကြီးများက စစ်တမ်း ကောက်ယူပေးခဲ့ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံ၏ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ဒုတိယ လေးလပတ်တွင် ၁၀ ဒဿမ ၃ ရာခိုင်နှုန်းသာ ရှိပြီး နှေးကွေးလျက် ရှိသည်။ ပထမ လေးလပတ်တွင် ၁၁ ဒဿမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.theage.com, 4nd October 2010

မြန်မာ နိုင်ငံ လာမည့်လ ရွေးကောက်ပွဲ ကျင်းပ ပြီးချိန်တွင် မြန်မာ ပြည်ပ အလုပ်အကိုင် ရှာဖွေ သူများအား နေရပ်သို့ ပြန်ပို့ရန် ထိုင်းနိုင်ငံ အစိုးရက စီစဉ်နေသည်။ ထိုအစီအစဉ်ကြောင့် စစ်ပြေး ဒုက္ခသည်များ ယင်းတို့ စွန့်ခွာ ထွက်ပြေးလာသည့် စစ်ပွဲဇုံ အတွင်းသို့ ပြန်ပို့ခံနိုင်ရသည့် အတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားနေသည်။

မြန်မာ နိုင်ငံသားများအား ယင်းတို့၏ ဇာတိနိုင်ငံသို့ ပြန်ပို့ရေး လုပ်ငန်းသည် ထိုင်းနိုင်ငံ အစိုးရ အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကာဆစ်ပီရိုမြက နယူးယောက်တွင် ပြောကြားသည်။

"ကျွန်တော် ဘန်ကောက်ကို ပြန်ရင် ပထမဆုံး လုပ်မယ့် ကိစ္စက ဒုက္ခသည် စခန်းက မြန်မာတွေ၊ အိုးမဲ့အိမ်မဲ့ နေစရာ မရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘန်ကောက်နဲ့ ချင်းမိုင်က လမ်းတွေပေါ်မှာ ကျင်လည်နေတဲ့ ပညာတတ်တွေ အားလုံးကို ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အတွက် ပိုမို ထိရောက် ကျယ်ပြန့်တဲ့ အစီအစဉ်ကို စတင်မှာ ဖြစ်ပါတယ်" ဟု ယင်းက ရှင်းလင်း ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၂ သန်းခန့် နေထိုင်လျက် ရှိကြပြီး သက်သေခံ အထောက်အထား မရှိသူ အများစုဖြစ် နိုင်ငံရေး၊ လူမျိုးရေးအရ နှိပ်စက် ညှင်းပန်းမှုများကြောင့် ထွက်ပြေး လာသူများလည်း ပါဝင်သည်။ အခြားသူများမှာ စီးပွားရေးအရ ရွှေ့ပြောင်း နေထိုင်သူများ ဖြစ်ကာ ထိုင်းစီးပွားရေးက မှီခိုနေရသော အောက်ခြေ လူတန်းစား အလွှာတစ်ခုအဖြစ် ဖွဲ့စည်း ရပ်တည် နေသူများ ဖြစ်သည်။

မြန်မာ အစိုးရတပ်ဖွဲ့များက တိုင်းရင်းသား လူမျိုးများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် နိုင်ငံ အရှေ့ပိုင်း စစ်ပွဲဇုံများမှ ထွက်ပြေးလာကြသော မြန်မာ တစ်သိန်း ငါးသောင်းခန့်မှာမူ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၉၀ နောက်ပိုင်း ပထမဆုံး ကျင်းပမည့် လာမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ဦးတည်သော အရေးပါသည့် အဆင့်တစ်ခု ဖြစ်သည်ဟု ထိုင်းအစိုးရက ယုံကြည်ထားသည်။

"ဒီတော့ မြန်မာနိုင်ငံကို တတ်နိုင်သမျှ အားပေး တိုက်တွန်းပြီး ကူညီကြရအောင်။ ထိုင်းနိုင်ငံ ရောက် မြန်မာတွေကို တစ်ဝက် တစ်ပျက် ဒီမိုကရေစီ ကျင့်သုံးမယ့် မြန်မာ နိုင်ငံသစ်ကို ပြန်ပို့ဖို့ အတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်နေပါပြီ။ ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာအောင် ကြိုးစားနေတဲ့ လုပ်ငန်းစဉ်ကို ပိုမို မြန်ဆန်အောင်လို့ လူသားချင်း စာနာတဲ့ အကူအညီတွေ၊ စီးပွားရေး ဖွံ့ဖြိုးမှု အကူအညီတွေ ပိုမိုပေးအပ် သွားဖို့ ကျွန်တော်တို့ အဆင်သင့် ရှိနေပါတယ်" ဟု ယင်းက ပြောကြားသည်။

သို့သော်လည်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေး လုပ်သားများ၊ ဒုက္ခသည်များ၏ အခွင့်အရေး လှုပ်ရှားသူများကမူ ရွေးကောက်ပွဲကြောင့် အနည်းငယ်သာ ပြောင်းလဲမှု ရှိမည် ဖြစ်ပြီး စွန့်ခွာ ထွက်ပြေး လာသူများအတွက် ယင်းနိုင်ငံသည် လုံခြုံ ဘေးကင်းမည် မဟုတ်ဟု ယုံကြည် နေကြသည်။

အထူးသဖြင့် တိုင်းရင်းသား လူမျိုးစု ဒေသများမှ လာရောက် အလုပ်အကိုင် ရှာဖွေသူများ အနေဖြင့် အိမ်မပြန်သင့်ဟု ပြောကြားသူမှာ Human Rights and Development Foundation မှာ ဒါရိုက်တာ Andy Hall ဖြစ်သည်။

"စစ်အုပ်ချုပ်ရေး အမြစ်တွယ် ခိုင်မာဖို့ အတွက် ဒီရွေးကောက်ပွဲကို မလုပ်မဖြစ်လို့ လုပ်ရတာပါ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခများစွာ ရှိနေတဲ့ အချိန်မှာ လုပ်တဲ့ ရွေးကောက်ပွဲ အပြီး တိုင်းရင်းသား အုပ်စုတွေ တောထဲ ပြန်ဝင်သွားရင် ကျွန်တော်တို့ နားမလည်နိုင်တဲ့ အနေအထားတွေ ဖန်တီး ဖြစ်ပေါ်လာနိုင်ပါတယ်" ဟု ယင်းက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.