Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီ ၄ ရက်၊ ၂၀၁၁ နေ့စွဲပါ AFP မှ Pratap Chakravarty ရေးသားသော India builds naval research centre ကို တိုက်ရိုက် ပြန်ဆိုသည်)

တောင်အာရှ အင်အားကြီး အိန္ဒိယနိုင်ငံက အိန္ဒိယ သမုဒ္ဒရာတွင် ယင်း၏ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ရန်နှင့် တရုတ် နိုင်ငံ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ကြိုးပမ်းမှု အစီအစဉ် တစ်ရပ်အဖြစ် စစ်သင်္ဘောများ အတွက် ရေတပ် သုတေသန စင်တာသစ်ကို အင်္ဂါနေ့တွင် စတင် ခဲ့သည်။

တောင်ပိုင်း Kerala ပြည်နယ်တွင် ရူပီးငွေ ၆ ဘီလျံ (ဒေါ်လာ ၁၃၃ သန်း) အကုန် အကျခံ တည်ဆောက်မည့် National Institute for Research and Development in Shipbuilding (NIRDESH) အတွက် ကာကွယ်ရေး ၀န်ကြီး A.K Antony က အုတ်မြစ် ချခဲ့သည်။

၂ နှစ်အတွင်း ပြီးစီး လည်ပတ်မည့် အဆိုပါ စီမံကိန်းသည် အိန္ဒိယ နိုင်ငံအတွက် စစ်သင်္ဘောများ ပုံစံထုတ် တည်ဆောက်ခြင်း နည်းပညာ ဖွံ့ဖြိုးရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ရေတပ် တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

Kerala စီမံကိန်း အဖွဲ့သည် အမျိုးသား ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်းနှင့် လွတ်လွတ် ကင်းကင်း သီးခြား ဆောင်ရွက်မည် ဖြစ်ကာ ရုရှားထံမှ စစ်လက်နက် ပစ္စည်း အများဆုံး တင်သွင်းခြင်း အပေါ် အိန္ဒိယ နိုင်ငံ မှီခို နေရခြင်းကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

စစ်သင်္ဘော (၁၃၆) စင်းပါ ရေတပ်မတော်က "NIRDESH သည် အိန္ဒိယ၏ ရေပြင်ပိုင်နက် လုံခြုံမှုကို စောင့်ရှောက်နိုင်လိမ့်မည်" ဟု ကြေညာချက်တွင် ပြောကြားသည်။

"ဒီစီမံကိန်းဟာ အိန္ဒိယ ရေတပ်မတော်၊ ကမ်းခြေစောင့်တပ်နဲ့ တခြား ရေပြင် လုံခြုံရေး အဖွဲ့အစည်း တွေကို အင်အား ဖြည့်ပေးမှာ ဖြစ်လို့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒေသတွင်း ရပ်တည်မှုနဲ့ လွှမ်းမိုးမှုကို အကျိုး ဖြစ်ထွန်းစေမှာပါ" ဟု ရေတပ် တာဝန် ရှိသူက ဆိုသည်။

"ကာကွယ်ရေး နည်းပညာရဲ့ အရေးကြီးတဲ့ ဒီလို နယ်ပယ်မျိုးမှာ ကိုယ့်အား ကိုယ်ကိုး ရပ်တည်နိုင်ဖို့ ဒီစီမံကိန်းက သေချာပေါက် ဖြည့်ဆည်းပေးမှာပါ" ဟု Antony က ဆက်လက် ပြောကြားသည်။

သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ အပါအ၀င် အဓိက ရေတပ် အခြေခံ အဆောက်အဦ စီမံကိန်းများတွင် ရင်းနှီး မြှုပ်နှံရန် ဘေဂျင်းက ရန်ပုံငွေ သုံးစွဲ နေသော အိန္ဒိယ သမုဒ္ဒရာ တ၀ိုက်တွင် တရုတ်၏ လွှမ်းမိုးမှု ကြီးထွား လာခြင်းကို နယူးဒေလီက စိုးရိမ် ပူပန်လျက် ရှိသည်။

ပြီးခဲ့သော သြဂုတ်လ အတွင်းက တရုတ်-မြန်မာ မဟာမိတ် ၂ နိုင်ငံ အကြား ဆက်ဆံရေးကို တိုးမြှင့်ရန် အတွက် မြန်မာ နိုင်ငံသို့ တရုတ် စစ်သင်္ဘော (၂) စင်း၊ ရှားရှားပါးပါး ၀င်ရောက် ဆိုက်ကပ် လည်ပတ် ခဲ့ချိန်တွင် နယူးဒေလီမှ တာဝန်ရှိသူများ မျက်လုံးပြူးသွားခဲ့ရသည်။

တရုတ် ရေတပ်သည် ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန်ထက် စစ်သင်္ဘောများ ပိုမို လာနိုင် ကြောင်း မကြာသေးမီက အိန္ဒိယ ရေတပ် ဦးစီးချုပ်ဟောင်း Arun Prakash က သတိပေးခဲ့ပြီး ရေတပ် ဆိုင်ရာ ဖြည့်တင်းမှုများ အရှိန်မြှင့်ရန် အိန္ဒိယအား တိုက်တွန်းခဲ့သည်။

ဝေဖန်သူများက ပြောကြားရာတွင် အိန္ဒိယသည် ရေတပ် စစ်အင်အားတွင် တရုတ်နောက်သို့ ရောက်ရှိနေကြောင်း၊ မဟာဗျူဟာ ကျသော အိန္ဒိယ သမုဒ္ဒရာတွင် အိန္ဒိယ အနေဖြင့် အင်အား ကြီးမားရေး အားထုတ် သင့်သည်ဟု ဆိုကြသည်။ အိန္ဒိယ သမုဒ္ဒရာသည် အာရှမှ ဥရောပနှင့် အရှေ့ အလယ်ပိုင်းသို့ ဆက်သွယ်ရာတွင် အရေးပါ လှသော သင်္ဘော လမ်းကြောင်း ဖြစ်သည်။

"တရုတ်ကို မယှဉ်နိုင်ဘူးလို့ ဆိုတာဟာ အိန္ဒိယ သမုဒ္ဒရာမှာ မိမိ အကျိုးစီးပွားကို မကာကွယ် ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး"ဟု ရေတပ် ဗိုလ်ချုပ်ဟောင်း Raja Menon က AFP သို့ ပြောကြား ခဲ့သည်။

သို့သော် အိန္ဒိယသည် အိန္ဒိယ သမုဒ္ဒရာတွင် မိမိ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး တစ်စိတ် တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ တောင်ပိုင်း အင်ဒမန် ပင်လယ်ထဲရှိ ကျွန်းငယ်လေးများတွင် စစ်ရေး အင်အား တောင့်တင်းအောင် စတင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နယူးဒေလီသည် ယင်း၏ (၁၄) စင်းပါ ရေငုပ်သင်္ဘော အုပ်စုကို မြှင့်တင်ရေး အတွက် ယင်း၏ ပထမဆုံး နျူကလီယာ ပါဝါသုံး ရေငုပ်သင်္ဘောကို ၂၀၀၉ ခုနှစ်က စတင် အသုံးပြုခဲ့သည်။ ထို့အပြင် ယင်း၏ စစ်တပ် သင်္ဘောကျင်း များတွင် လေယာဉ်တင် သင်္ဘော တစ်စီး စတင် တည်ဆောက်နေပြီး စစ်သင်္ဘောငယ် အများအပြား ဆောက်လုပ်နေသည်။

ထို့အပြင် ရေပိုင်နက် ထောက်လှမ်းရေး လေယာဉ် (၈) စီး ၂၀၁၅ တွင် ရှိစေရန် ၀ယ်ယူရေး စီစဉ်လျက် ရှိပြီး ၂၀၀၆ ခုနှစ်က Franco-Spanish Scorpene ရေငုပ်သင်္ဘော (၆) စီး ဖြည့်တင်းပြီး ဖြစ်သည်။

စတော့ဟုန်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန၏ အဆိုအရ ၂၀၀၉ ခုနှစ်တွင် တရုတ်၏ စစ်တပ် အသုံးစရိတ်သည် ကမ္ဘာပေါ်တွင် အမေရိကန် ပြီးလျှင် ဒုတိယ အများဆုံး ဖြစ်ကြောင်း ဆိုသည်။

KPMG အကြံပေး အဖွဲ့၏ ခန့်မှန်းချက်အရ အိန္ဒိယသည် ယခုမှ ၂၀၁၆ အတွင်း ကာကွယ်ရေး အမာထည် (defense hardware) အတွက် ဒေါ်လာ (၁၁၂) ဘီလျံ သုံးစွဲရန် လျာထားသည်ဟု သိရှိရသည်။

အိန္ဒိယသည် ၂၀၁၀-၂၀၁၁ မှစ စစ်အသုံးစရိတ်ကို (၄%) မှ (၃၂) ဘီလီယံ ဒေါ်လာထိ တိုးမြှင့် သွားမည် ဖြစ်သည်။ သို့သော် Menon ကဲ့သို့သော ဝေဖန် သုံးသပ် သူများက ရေတပ်အတွက် ကာကွယ်ရေး အသုံးစရိတ်၏ (၁၆%) လျာထား ခြင်းသည် တိုးချဲ့ရေး စီမံချက်အတွက် လုံလောက်မှု မရှိကြောင်း သတိပေးခဲ့သည်။

အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်က နယ်စပ်စစ်ပွဲ ခဏတာမျှ ဖြစ်ပွားခဲ့ပြီး ယခုတိုင် မဖြေရှင်း နိုင်သေးသော နယ်နိမိတ် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment