Transparency Myanmar

transparency.myanmar@gmail.com

ကွန်ယက်ချိတ်သည့် ဗေဒါကျောင်း ပြောင်းရမည်

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၁

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက၊် စိတ္တသုခလမ်း၊ အိမ်အမှတ် ၂၃၊ အထပ် ၅ တွင် ဖွင့်လှစ်ထားသည့် ဗေဒါသင်တန်းကျောင်း BAYDA Institute သည် အာဏာပိုင်များ ဖိအားကြောင့် နေရာပြောင်းပေးရမည်ကြောင်း သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း ဦးဆောင်ဖွင့်လှစ်ထားသော ဗေဒါသင်တန်းကျောင်းအခန်းသို့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အခန်းပိုင်ရှင်များက ဖယ်ပေးရန် လာရောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ကျနော်တို့က ညှိလိုက်တာ ၁၆ ရက်နေ့နဲ့ တည့်သွားတာ။ သင်ခန်းစာတွေကို နေ့လည်ပိုင်းလောက် အပြီးဖြတ်မယ်။ တနာရီကနေ ၃ နာရီ အထိမှာ သင်တန်းဆင်းပွဲ လုပ်ပြီးတော့ အခန်းထဲက ပစ္စည်းတွေ တခါထဲ ရွှေ့မယ်" ဟု ဦးမျိုးရန်နောင်သိန်းက ဆိုသည်။ နေရာသစ်ကိုမူ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့် ချိတ်ဆက်ထားသည့် အစုအဖွဲ့ ၁ဝ၄ ခု၌ ဗေဒါသင်တန်း ကျောင်း BAYDA Institute လည်း တခုအပါအဝင် ဖြစ်သည်။ ဗဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict အရှေ့တောင်အာရှနိုင်ငံများကို လေ့လာခြင်း၊ South East Asia Studyနှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်သင်ခန်းစာအဖြစ် သင်ကြားပေးနေပြီး ယခုလ ၁၈ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

ဗေဒါသင်တန်းကျောင်းအဖြစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှစ၍ ရက်တိုသင်တန်းများ ပေးနေပြီး၊ ပထမဆုံး သင်တန်းကို နိုင်ငံတကာ ဆက်ဆံရေးပညာ မိတ်ဆက်ဘာသာရပ်ဖြင့် စတင်ခဲ့သည်။ လတ်တလော တက်ရောက်နေသည့် ကျောင်းသား ၆ဝ အပါအဝင် ၁ဝဝ ဦးခန့် သင်ကြားပြီးဖြစ်ကြောင်း သိရသည်။                          

____________________________________________________________________________________

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ အမည်စာရင်း တင်သွင်း

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်

နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၏ စတုတ္ထနေ့ဖြစ်သော ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ ဖွဲ့စည်းရန် အမည်စာရင်းတင်သွင်းမှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။ ပုဂ္ဂိုလ် ၉ ဦးပါ ခုံရုံးအဖွဲ့အတွက် သမ္မတ ဦးသိန်းစိန်က ၃ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၃ ဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၃ ဦးစီ ရွေးချယ်ပေးခဲ့သည်။

သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၁၇ ဦးထဲမှ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းစိုး၊ အဖွဲ့ဝင်များဖြစ်သည့် စီးပွားရေး ပါမောက္ခချုပ်ဟောင်း ဒေါက်တာတင်အောင်အေးနှင့် တရားရုံးချုပ် ပြစ်မှုဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့် တို့ကို ရွေးချယ်ပေးခဲ့သည်။

သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ဦးထွန်းကြည် (အငြိမ်းစား တရားရုံးချုပ် ညွှန်မှူး)၊ အခြား အငြိမ်းစား ညွှန်မှူးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးခင်ထွန်းတို့ကိုလည်းကောင်း၊ ဦးခင်အောင်မြင့်က အမျိုးသား လွှတ်တော်အမတ်များဖြစ်သည့် အခွန်အယူခံအဖွဲ့ ရုံး ညွန်မှူး ဦးဆန်းမြင့်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်နှင့် ဒုညွန်မှူး (ငြိမ်း) ဒေါ်မိမိရီတို့ကိုလည်းကောင်း ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

အဖွဲ့ထဲတွင် ဥပဒေပညာရှင်များ အများဆုံး ပါဝင်နေပြီး၊ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် လျာထားကြောင်း သိရသည်။ အဖွဲ့ဝင် ၉ ဦးကို ဖေဖော်ဝါရီ လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ကာ အတည်ပြု ဖွဲ့စည်းမည် ဖြစ်သည်။ ကန့်ကွက်လိုပါက လာမည့် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်နိုင်မည်ဖြစ်သည်။ စတုတ္ထနေ့အဖြစ် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းရေး အမည်စာရင်း တင်သွင်းခြင်းသာမက သမ္မတ ဦးသိန်းစိန်က အမည်စာရင်းတင်သွင်းခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ ဦးရေ ၃ဝ ဦးကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ၊ သဘောတူသဖြင့် အတည်ပြု လိုက်ပြီဖြစ်ကြောင်းနှင့် ပြည်နယ်များအတွက် ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။ သို့သော် ဝန်ကြီးဌာန ၃၄ ခုတွင် ခန့်ထားမည့် ၎င်းတို့အမည်ဖြင့် ပူးတွဲဖော်ပြသည့် စာရင်းမှာ ထုတ်ပြန် ခြင်း မရှိသေးချေ။

_________________________________________________________________________________________________

ပြည်ခိုင်ဖြိုးပါတီနှင့် တခြားပါတီတို့ အပြန်အလှန် တရားစွဲမှုများ ရွှေ့ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) နှင့် နိုင်ငံရေးပါတီတချို့၏ အပြန်အလှန် တရားစွဲဆိုမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

              အပြန်အလှန် တရားစွဲဆိုထားသည့်အမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ရုံးက အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု NDF ပါတီမှ ရှေ့နေ ဦးမြင့်သွင်က ပြောကြားသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SN DP) ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့အား ပြည်ခိုင်ဖြိုးပါတီက စွဲဆိုထားသည့်အမှုများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း၊ အမှုနှင့်ပတ်သက်၍ လာမည့် ၂ ပတ်ခန့်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ထပ်မံအကြောင်းကြားမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အမှုပေါင်း ၂၉ မှုရှိပြီး၊ ၂၇ မှုက ပြည်ခိုင်ဖြိုးက ကန့်ကွက်၍ တရားစွဲထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကန့်ကွက်ပြီး အစွဲခံထားရသည်မှာ ၂ မှုသာရှိကြောင်းသိရသည်။

          ပြည်ခိုင်ဖြိုးပါတီကို ကန့်ကွက်ပြီး စွဲဆိုထားသည့် ပါတီများမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် NDF မှ ဒေါ်ဘောက်ဂျာတို့ ဖြစ်သည်။ နိုင်ငံရေး ပါတီအများစုက ပြည်ခိုင်ဖြိုးပါတီအား တရားစွဲဆိုမှုများ ရှိလာပြီးနောက် ပြည်ခိုင်ဖြိုးပါတီကလည်း ပြန်လှန်တရားစွဲဆိုမှုများ ပေါ်ပေါက်လာခဲ့သည်။ တရားစွဲဆိုသူက ကျပ် ၁၀ သိန်း အကုန်ခံကာ တရားစွဲဆိုရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စွဲဆိုခံရသူ၌ အပြစ်မရှိကြောင်း တွေ့ရှိခဲ့လျှင် တရားစွဲသူသည် ဒဏ်ငွေ ကျပ် ၃ သိန်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်ကြောင်း သိရသည်။                                                                   

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment