Transparency Myanmar

transparency.myanmar@gmail.com

မြန်မာတိုင်း(မ်) တည်ထောင်သူ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်

အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် မြန်မာတိုင်း(မ်) သတင်းဂျာနယ် ထုတ်ဝေသည့် Myanmar Consolidated Media Group Ltd အား တွဲဖက်တည်ထောင်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ကို လူဝင်မှုကြီးကြပ်ရေးအမှုဖြင့် ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။ ရော့စ်ဒန်ကလေကို ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်ရဲစခန်းက အတည်ပြုပြီး၊ သောကြာနေ့တွင် အင်းစိန်ထောင်သို့ လွှဲပြောင်းချုပ်နှောင် လိုက်ကြောင်း ဟု ကမာရွတ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁) ဆိုသည်မှာ တရားမဝင် နယ်စပ်ဖြတ် ကျော် မှု ဖြစ်ပြီး၊ ပြည်ပမီဒီယာဌာနများနှင့် ဆက်သွယ်သူများကို ဖမ်းဆီးထောင်ချရာတွင် အများဆုံး အသုံးပြုလေ့ရှိပြီး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည့် အမှုဖြစ်သည်။ မစ္စတာ ရော့စ်ဒန်ကလေသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်ကို ၂ဝဝဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် Myanmar Consolidated Media Group Ltd ၏ အစုရှယ်ရာ ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေက ပိုင်ဆိုင်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို ပုဇွန်တောင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ခဲ့သူ Swe Sone Media Group ပိုင်ရှင်ဖြစ်သူ  ဒေါက်တာ တင်ထွန်းဦးက ပိုင်ဆိုင်ကြောင်း သိရသည်။

Myanmar Consolidated Media Group Ltd သည် အပတ်စဉ်ထုတ် အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် မြန်မာတိုင်း(မ်)ဂျာနယ် ၂ စောင် အပြင်  Crime ခေါ် အပတ်စဉ်ထုတ် မှုခင်းသတင်းဂျာနယ်နှင့်၊ Now ခေါ် နှစ်ပတ်တကြိမ်ထုတ် ဖက်ရှင်အသားပေးဂျာနယ်တို့ကို ထုတ်ဝေလျက်ရှိပြီး ပြည်တွင်းဂျာနယ်ဈေးကွက်တွင် ဈေးကွက်ကောင်း ရရှိထားသည့် ဂျာနယ်ဖြစ်သည်။

_____________________________________________________________________________________

ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်စာရင်း ၁၄ရက်နေ့ အတည်ပြုမည်

ဖေဖေါ်ဝါရီလ ၁၂ ရက်။

ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အမည်စာရင်းအား သမ္မတ ဦးသိန်းစိန်က သက်ဆိုင်ရာ လွှတ်တော်များဆီသို့ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် တင်သွင်းခဲ့ပြီဖြစ်သည်။

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌများမှတဆင့် တင်သွင်းခံရသူ အားလုံးမှာ သမ္မတ၏ မိခင်ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစုဖြစ်ပြီး၊ ထိုအထဲတွင် အငြိမ်းစား စစ်တပ်အရာရှိများလည်း ပါဝင်သည်။ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဋ္ဌဟောင်း ဦးဇော်မင်းကို ရွေးချယ်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ျင်းဝန်ကြီးချုပ်အဖြစ် (ပယက) ဥက္ကဋ္ဌဟောင်းနှင့် ဗိုလ်မှူးချုပ်ဟောင်းဖြစ်သူ မင်းတပ်မြို့နယ်မှ ဦးဟုန်ငိုင်းဖြစ်ပြီး၊ ရှမ်းဝန်ကြီးချုပ်အဖြစ် တပ်မတော်မှ အငြိမ်းစားယူခဲ့သည့် ဓနုလူမျိုး ဦးစဝ်အောင်မြတ်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် တင်သွင်းသော ဝန်ကြီးချုပ်များမှာ ဦးလဂျွန်ငန်ဆိုင်း(ကချင်ပြည်နယ်)၊ ဦးခင်မောင်ဦး(ကယားပြည်နယ်)၊ ဦးဇော်မင်း(ကရင်ပြည်နယ်)၊ ဦးဟုန်ငိုင်း(ချင်းပြည်နယ်)၊ ဦးအုန်းမြင့်(မွန်ပြည်နယ်)၊ ဦးလှမောင်တင်(ရခိုင်ပြည်နယ်)၊ ဦးစဝ်အောင်မြတ်(ရှမ်းပြည်နယ်)၊ ဦးမြင့်ဆွေ(ရန်ကုန်တိုင်း)၊ ဦးသာအေး(စစ်ကိုင်းတိုင်း)၊ ဦးခင်ဇော်(တနင်္သာရီတိုင်း)၊ ဦးဥာဏ်ဝင်း(ပဲခူးတိုင်း)၊ ဦးဖုန်းမော်ရွှေ(မကွေးတိုင်း)၊ ဦးရဲမြင့် (မန္တလေးတိုင်း) နှင့် ဦးသိန်းအောင်(ဧရာဝတီတိုင်း)တို့ ဖြစ်ကြသည်။

 နိုင်ငံတော် သမ္မတ ရွေးချယ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို လာမည့် တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၄ရက် နေ့တွင် ကျင်းပမည့် သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ရယူကာ
ခန့်အပ်တာဝန်ပေးနိုင်မည်။

_____________________________________________________________________________________

NDF က အဆို ၂ ခု လွှတ်တော်သို့ တင်သွင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ၁၂။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်မတက်ရောက်မီကပင် ကြိုတင်ပြင်ဆင် ထားခဲ့သော မေးခွန်းနှစ်ခုနှင့် အဆိုနှစ်ခုကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

NDF က တင်ပြမည့် အဆိုနှစ်ခုအနက် ပထမအဆိုမှာ လွတ်ငြိမ်းချမ်းသာခွင့်အဆိုဖြစ်ပြီး ယင်းအဆိုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက တင်ပြမည်ဖြစ်ကြောင်း
သိရသည်။

ဦးခင်မောင်ဆွေက "လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ အစိုးရသစ်တက်တိုင်းလုပ်လေ့လုပ်ထရှိတဲ့ ဟာမျိုးပါ။ ထုံးတမ်းစဉ်လာရှိတာကို လုပ်ပေးဖို့ တောင်းဆိုတာပါ။ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့ တခြား အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့နဲ့ နိုင်ငံပြင်ပရောက်နေတဲ့ ကျောင်းသား၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကိုပါ ပြန်လည်ဝင်ရောက်ခွင့် ပြုပေးဖို့လည်းပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ" ဟု ပြောကြားသည်။

NDF ပါတီက တင်သွင်းမည့် အခြားအဆိုတစ်ခုမှာ လူအများပါဝင်နိုင်သော ပီပြင်သည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာနိုင်ရန် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ပယ်ဖျက်ပြီး အပြည့်အဝ ပြိုင်ဆိုင်ခွင့်ရှိသည့်
(Perfect competition law)
ထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ ယင်းအဆိုကို ရန်ကုန်ုတိုင်း မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

_____________________________________________________________________________________

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment