Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာ့ စံချိန်တင် မြန်မာ့ဘဏ်တိုးနှုန်းကြောင့် လုပ်ငန်းချဲ့ရန် ခက်ခဲ

ရန်ကုန်၊ မတ် ၂၂။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ချေးငွေ အပေါ်တွင်ရယူနေသော အတိုးနှုန်းသည် ကမ္ဘာ့အများဆုံး သုံးနိုင်ငံတွင် ပါဝင်နေပြီး ထိုသို့များလွန်းနေသဖြင့် စီးပွါးရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန် အလွန်ခက်ခဲနေ ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

မြန်မာ့ပုဂ္ဂလိကဘဏ်များမှ လက်ရှိရယူနေသည့် ဘဏ်ချေးငွေအတိုးနှုန်းမှာ ၁၇ ရာခိုင်နှုန်းဖြစ်သည်။ ယင်းနှုန်းထားကို ယူသောနိုင်ငံများမှာ မြန်မာ၊ ဘရာဇီးနှင့် အခြားတစ်နိုင်ငံတို့ ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့ အတိုးနှုန်းအလွန်အမင်းမြင့်မားခြင်းမှာ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်မား၍ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ အနည်းဆုံး ဆယ်ဂဏန်း (Two Digits) အထက်တွင် ရှိနိုင်ကြောင်း စီးပွားရေးပညာရှင် အချို့က ပြောကြားသည်။

"မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ အတွက်အရင်းအနှီး (capital)ကို အများဆုံး ဘဏ်ချေးငွေကနေပဲ ရပါတယ်။ အခုဘဏ်တိုးက ၁၇ ရာခိုင်နှုန်းဖြစ်နေတော့ လုပ်ငန်းသစ်နေတွေ စတင်ဖို့ အန္တရာယ်ကြီးပါတယ်။ ကျွန်တော်တို့ကတော့ ဘဏ်တိုးကို ၁၀ ရာခိုင်နှုန်းလောက်ပဲကြိုက်ပါတယ်" ဟု ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက လက်ရှိမြန် မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲကို ပြောပြသည်။

မြန်မာအိမ်နီးချင်းများဖြစ်သည့် ထိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့၏ ဘဏ်ချေးငွေ အတိုးနှုန်း မှာ ၃ ရာခိုင်နှုန်းသာဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောကြားသည်။ သို့သော် အိန္ဒိယနိုင်ငံ၏ အတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ တင်းကျပ်သော စီးပွားရေးမူဝါဒများအပြင် ထိုကဲ့သို့ ဘဏ်တိုးနှုန်း မြင့်မားလွန်းခြင်းကြောင့် စက်မှုလုပ်ငန်းများကို တိုးချဲ့နိုင်ရန် အဟန့်အတား ဖြစ်နေကြောင်းသိရသည်။

"ဘဏ်အတိုး ၁၇ ရာခိုင်နှုန်းက ရှာရတာတော်တော်ကိုခက်ပါတယ်။ လုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ တကယ့်ကို ခက်လွန်းပါတယ်"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာပုဂ္ဂလိကဘဏ်များ၏ ချေးငွေအတိုးနှုန်းမှာ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေအတိုးနှုန်းမှာ ၁၂ရာခိုင်နှုန်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ စီးပွါးရေးပညာရှင်တစ်ဦးက "နိုင်ငံတကာမှာ ဘဏ်ချေးငွေ အတိုးနှုန်းကို တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှု၊ ငွေဖောင်းပွမှုတွေကိုကြည့်ပြီး လိုက်လျောညီထွေဖြစ်အောင် အတက်အကျ လုပ်ပေး ပါတယ်။ ဒီမှာကတော့ ပုံသေပဲ လုံးဝအတက်အကျ မရှိဘူး။ အဲဒါ စီးပွါးရေးတိုးတက်ဖို့အတွက် ခက်ခဲတယ်"ဟု သုံးသပ် ပြောကြားသည်။

ယင်းဘဏ်တိုးနှုန်းအား ၂၀၀၆ ခုနှစ်မှ စတင်သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီိးပွားရေးအကျပ်အတည်း ကာလတွင်စင်္ကာပူအစိုးရသည် ဘဏ်တိုးများ၊ အခွန်များကို လျှော့ ချခြင်းဖြင့် တိုင်းပြည့်၏ စီးပွါးရေးလုပ်ငန်းများကို ပိတ်သိမ်းရမည့် အခြေအနေမှ ကယ်တင်ကာ ပြည်တွင်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP)ကို အချိန်တိုအတွင်း ၂၅ ရာခိုင်နှုန်း ပြန်တက်အောင်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ စီးပွါးရေးပညာရှင်က ပြောကြားသည်။

လက်ရှိမြန်မာ့နိုင်ငံတွင် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် စက်မှုလုပ်ငန်းကဏ္ဍသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး၏ ၁၇ ရာခိုင်နှုန်းသာ ရှိသေးကြောင်း စက်မှုလုပ်ငန်းရှင်များက ပြော ကြားသည်။

ထိုင်းနိုင်ငံတွင် GDP ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ စက်မှုလုပ်ငန်းများမှ ရရှိနေကြောင်း သိရသည်။

ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့စီးပွာရေး ပြုပြင်ပြောင်းလဲမည်ဟု နိုင်ငံတကာအပြင် လုပ်ငန်းရှင် အသိုင်းအဝိုင်းက မှန်းဆနေသော်လည်း အစိုးရအဖွဲ့ လက်လွဲတော့မည်ဆဲဆဲအချိန် မတ်လ တတိယအပတ်အထိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ မည်သို့သော ဂတိကဝတ်မျိုးမျှ မကြားရသေးချေ။

ဟန်ဇော် (BHO News)

--------------------------------------------------------------------------------------------------------

အာဆီယံ-တရုတ် ဆက်သွယ် မီးရထားလမ်းဖောက်လုပ်မည်

ရန်ကုန်၊ မတ် ၂၂။

           အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအား ဆက်သွယ်ထားမည့် အာဆီယံ-တရုတ် မီးရထားလမ်းစီမံကိန်းအား ခြောက်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

            ယင်းမီးရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ုပြည်နယ်မှတစ်ဆင့် မြန်မာပြည်တွင်းကိုဖြတ်၍ အခြားပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအိုနှင့် ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများသို့ ဖောက်လုပ်၍ မီးရထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာ- တရုတ် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ အန်ပွီားပြည်နယ် (The Overseas Engineering Company of Ctce Group Co.,Ltd) မှ မစ္စတာ ယူဂျင်းပွာာက ပြောကြားခဲ့သည်။

            ယခုနှစ်မှစတင်၍ ၎င်းမီးရထားလမ်း စီမံကိန်းကိစ္စရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။ ယခင်နှစ်များ၌ ယင်းစီမံကိန်းစတင်ရန် နှောင့်နှေးနေခဲ့သော်လည်း ယခုနှစ်မှ စတင်၍ ခြောက်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

            တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအားဆက်သွယ်ထားမည့် မီးရထားလမ်းပိုင်းကို ယခုနှစ်အတွင်း၌ စတင်အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မီးရထားလမ်းပိုင်းနှင့် တရုတ်နိုင်ငံ၏ မီးရထားလမ်းပိုင်း အကျယ်အဝန်း မတူညီသည့်အတွက် ယင်းစီမံကိန်းမှာ နှောင့်နှေးနေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မီးရထားလမ်းတည်ဆောက်ရေး စီမံကိန်းများကို ယခုနှစ်၌ စတင်စေချင်ကြောင်း၊ မြန်မာနိုင်ငံမှ စတင်၍ မီးရထားလမ်းပိုင်း အား စတင်ဖွင့်မှာဖြစ်ကြောင်း မြန်မာ့မီးရထားပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

            အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်း စီမံကိန်းကို မြန်မာနိုင်ငံမှ စတင်၍ ဖောက်လုပ်မည်ဖြစ်ကြောင်း၊ မီးရထားလမ်း ဖောက်လုပ်ရန်အတွက် မြန်မာအစိုးရအား စာတင်ပြီးသွား ပြီဖြစ်ကြောင်း၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါက မြန်မာပြည်တွင်းလမ်းပိုင်းကို ခြောက်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မစ္စတာယူဂျင်ပွာားက ပြောကြားခဲ့သည်။

            အဆိုပါ မီးရထားလမ်း ဖောက်လုပ်မှု ကုန်ကျစရိတ်များကို အစဦးပိုင်းတွင် တရုတ်အစိုးရနှင့် The Overseas Engineering Company of Ctce Group Co.,Ltd တို့က ပူးပေါင်းအကုန်ကျခံ ဖောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

--------------------------------------------------------------------------------------------------------

အထူးစီးပွားရေးဇုန်များ၌ ပြည်ပရောက် ကျွမ်းကျင်လုပ်သားများကို ဦးစားပေးခေါ်ယူလာ

ရန်ကုန်၊ မတ် ၂၂။

             မြန်မာနိုင်ငံ၌ အထူးဦးစားပေး ဆောင်ရွက်လျှက်ရှိသည့် အထူးစီးပွားရေးဇုန် စီမံကိန်းများ၌ အလုပ်သမားများ ခန့်အပ်ရာတွင် ပြည်ပနိုင်ငံများ၌ အလုပ်သွားရောက်လုပ်ကိုင်လျှက်ရှိသည့် မြန်မာများအား ကျွမ်းကျင် လုပ်သားများအဖြစ် ဦးစားပေး ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

            နိုင်ငံရှိ စက်မှုဇုန်များ၌ လိုအပ်သည့်နည်းပညာများ၊ ကျွမ်းကျင်မှုများကို အသားကျနေခြင်းကြောင့် ဖြစ်ကြောင်း၊ ပေါင်းသင်းဆက်ဆံရေးပိုင်းနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များကိုပါ သိရှိနေပြီးဖြစ်သည့်အတွက် ဦးစားပေး ခေါ်ယူခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

            အထူးစီးပွားရေးဇုန်များ၌ နိုင်ငံခြားသားများထက် ပြည်ပရောက်ကျွမ်းကျင်လုပ်သားများကို ခေါ်ယူရခြင်း အကြောင်းအရင်းများစွာရှိကြောင်း၊ ပြည်ပနိုင်ငံခြားသားများကို ပေးရသည့်လစာများ၊ အခွင့်အရေးများ သည် မြန်မာများနှင့် မတူညီ၍ဖြစ်ကြောင်း၊ အကယ်၍ နိုင်ငံခြားသားများကိုခန့်မည်ဆိုပါက ပတ်ဝန်းကျင်၊ အနေအထိုင်နှင့် ဆက်ဆံရေးပိုင်းများတွင် အခက်အခဲများ ရှိနိုင်လာသောကြောင့် ပြည်ပရောက် ကျွမ်းကျင်လုပ်သားများကို ဦးစားပေး ခေါ်ယူရခြင်းဖြစ်ကြောင်း ၎င်းမှပင်ဆက်လက်ပြောကြားခဲ့သည်။

            အထူးစက်မှုဇုန်များ၌ ယင်းသတင်းထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင်းသို့ ပြည်တော်ပြန် လာရောက် အလုပ်လုပ်ကိုင်ချင်သူများရှိလာကြောင်းသိရသည်။

            ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုဇုန်များ၌ ကျွမ်းကျင်လုပ်သားများ လိုအပ်နေသည်ပာု သတင်းကြားရကြောင်း၊ အကယ်၍ လစာကောင်းမည်ဆိုပါက မိမိနိုင်ငံမှာပင်ပြန်၍ လာရောက်အလုပ်လုပ်ကိုင်ချင်ကြောင်း စင်္ကာပူနိုင်ငံ၌ အလုပ်သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

            သူများနိုင်ငံမှာထက် ကိုယ့်မြေကိုယ့်ရေ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိကြမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ရရှိသည့် ရပိုင်ခွင့်များနှင့် တန်းတူသတ်မှတ်ပေးဖို့ရန် လိုအပ်ကြောင်း၊ ပြည်ပမှ နိုင်ငံသို့ပြန်၍ လာရောက် လုပ်ကိုင်မည့် လုပ် သားများ၏ ရပိုင်ခွင့်များကို အာရုံစိုက်ရန်လည်း လိုအပ်ကြောင်း အထူးစီးပွားရေးဇုန်အား စိတ်ပါဝင်စားစွာ လေ့လာလျက် ရှိသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

            ယခုကဲ့သို့ ပြည်ပရောက်ကျွမ်းကျင်လုပ်သားများကို ခေါ်ယူရခြင်းမှာ အခြားနိုင်ငံရှိ စက်မှုဇုန်များ၌ လုပ်ကိုင်ကြရသည့် အတွေ့အကြုံရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများရှိ ရပိုင်ခွင့်များကိုပါ သိရှိနေပြီးဖြစ်သည့် အတွက် အခက်အခဲ မရှိနိုင်တော့၍ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။

            လက်ရှိ၌ အထူးစီးပွားရေးဇုန်စီမံကိန်းဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်းအခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှု ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ထို့ပြင် အထူးစီးပွားရေးဇုန်များ၌ အခြေခံ လစာကိုပါ သတ်မှတ် ပြီးဖြစ်သည့်အတွက် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုများပြားလာတော့မည်ဖြစ်သည်။

--------------------------------------------------------------------------------------------------------

ဈေးကြီးများတွင် ချိန်တွယ်မှုစံနစ်များ စံသတ်မှတ်ရန်လို

ရန်ကုန်၊ မတ် ၁၉။

မြန်မာနိုင်ငံ၏ လက်ရှိ လူနေမှုစနစ်အရ အဓိက ရောင်းဝယ်ဖောက်ကားရာ နေရာဖြစ်သော ဈေးကြီးများတွင် ချိန်တွယ်မှုစနစ်များကို တပြေးညီဖြစ်ရန် စံသတ်မှတ်ရန်လိုအပ်ကြောင်း အိမ်ရှင်မများနှင့် ဈေးသည်အချို့ က သုံးသပ်ကြသည်။

ကမာရွတ်မြို့နယ် လှည်းတန်းတွင်နေထိုင်သော အဆောင်နေ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက " ရုံးအားရက်မှာ စိတ်ကြိုက်ချက်စားချင်လို့ တခါတလေ ဈေးသွားဝယ်တာ အလေးမပြည့်တာနဲ့တိုးလို့ တော် တော်စိတ်ညစ်ရ တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဈေးမှာ ငါးဘဲဖြူလေးတွေ့လို့ ဈေးမေးတာ ၂၀ ကျပ်သား ၅၀၀ လို့ပြောတယ်။ အလေးပြည့်ပြည့်ထည့်ပါလို့ပြောတော့ အမကြိုက်တဲ့နေရာမှာ ချိန်ကြည့်ပါလို့ ပြောတယ်။ သူငယ်ချင်းတွေလည်းများတော့ ၅၀ ကျပ်သား ဝယ်လိုက်တယ်။ ပြီးတော့ နီးနီးနားနား ၇လမ်းထိပ်က အခပေးချိန်ခွင်မှာ (ဝင်းသော်တာကုန်စုံဆိုင်အနီး) ၅၀သားက ဘောင်တန်းနေတယ်။ ဒါပေမဲ့ စိတ်ထဲမသကာင်္လို့ စည်ပင် သမာဓိချိန်ခွင်မှာ ချိန်လိုက်တော့ ၄၀ ကျပ်သား တင်းတင်းပဲ ရှိ တယ်။ သွားပြောတော့ သမာဓိချိန်ခွင်မှာ ချိန်ရင် ဒီဈေးနဲ့ မရောင်းနိုင်ဘူးလို့ ဈေးသည်က ခပ်မာမာပဲ ပြောတယ်။" ဟု ဆိုသည်။

ဈေးတိုင်းတွင် သက်ဆိုင်ရာဈေးကော်မတီရုံး၏ သမာဓိချိန်ခွင်များ ထားရှိသကဲ့သို့ ပုဂ္ဂလိက အခပေးချိန်ခွင်များလည်း ရှိနေကြောင်း၊ တစ်ခါချိန်လျှင် ၁၀ကျပ် သတ်မှတ်ထားသော်လည်း အကြွေမရှိသဖြင့် ၅၀ ကျပ် ပေးရသည်မှာ များကြောင်း၊ မျက်နှာသိဖြစ်ပါက အချို့မှာ အခမဲ့ချိန်ပေးကြောင်း၊ သို့သော် အလေးမပြည့်သည့် ကိစ္စများကြောင့် ပြောဆိုရာတွင် ချိန်တွယ်သောအလေး၏စံ တိတိကျကျမရှိမှုကြောင့် အငြင်းအခုန် ပြဿနာများ ဖြစ်ရလေ့ရှိကြောင်း၊ ထို့ပြင် သမာဓိချိန်ခွင်ဖြင့် ဝယ်ပါက ဈေးနှုန်းတစ်မျိုး၊ ၎င်းတို့ ချိန်ခွင်ဖြင့်ဝယ်ပါက ဈေးနှုန်းတစ်မျိုး အမျိုးမျိုးသတ်မှတ် ရောင်းချနေကြကြောင်း သက်ဆိုင်ရာဈေးကော်မတီများသို့ တိုင်ကြားနိုင်သည်ဟု ဆို သော်လည်း ထိုသို့သောအဖြစ်များမှ နေ့စဉ်ဖြစ်ပျက်နေသဖြင့် ဖြေရှင်းမပေးသူက များကြောင်း စည်ပင်သာယာဈေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုအခါ တာမွေဈေး၊ ပုစွန်တောင်ဈေး စသည့်ဈေးများတွင် ဒစ်ဂျစ်တယ်ချိန်ခွင်များအသုံးပြု၍ ထိုကဲ့သို့ ပြဿနာများမဖြစ်ရန် ဖြေရှင်းလျှက်ရှိကြောင်း ထပ်မံစုံစမ်းသိရှိရသည်။

The CJs News

Yangon Chronicle သည် မြန်မာနိုင်ငံအတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင် ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန်ဆို ဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာများ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle သဘောထား မဟုတ်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment