Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၃၁.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ခရီးသွား ကဏ္ဍအပေါ် ကန့်ကွက်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအဆုံးသတ်

(Brisbane Times မှ 30 May 2011 ရက်စွဲပါ “Suu Kyi’s party ends opposition to tourism” သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မြန်မာနိုင်ငံသို့ ပြည်ပ ခရီသွားဧည့်သည်များ လာရောက် လည်ပတ်ခြင်းအား ကာလရှည်ကြာ ဆန့်ကျင် ကန့်ကွက်ခဲ့သည့် သဘောထား ရပ်တည်ချက်ကို တရားဝင် ရုတ်သိမ်း လိုက်ပြီ ဖြစ်သည်။

၁၉၉၆ တွင် တပ်မတော်အစိုးရက “Visit Myanmar” စီမံချက်ကို အကောင်အထည် ဖော်ခဲ့စဉ်အချိန်၌ တပ်မတော် အစိုးရ၏ လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများနှင့် ခရီးသွား တိုးရစ် စီးပွားရေး ကဏ္ဍတွင် လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတို့ကို နိုင်ငံတကာက သတိပြုမိ လာအောင် NLD ပါတီက သပိတ်မှောက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် NLD ခေါင်းဆောင် အချို့၏ သဘောထား ပျော့ပြောင်းမှု ရှိလာသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း နိုဝင်ဘာလတွင် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် “အစိုးရနှင့် ရောင်းရင်း များကိုသာ အကျိုးရှိစေသည့် တရားဝင် စီစဉ်သော ‘Package tours’ များထက် ပြည်သူများကို အကျိုးရှိစေမည့် တစ်ဦးခြင်း Individual Tourism ကိုသာ သူမ အနေဖြင့် ပိုမို ထောက်ခံ အားပေးကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ သူမ၏ပါတီက ကြေညာချက် ထုတ်ပြန်ကာ ခရီးသွားတိုးရစ်များကို ကြိုဆိုလိုက်ပြီ ဖြစ်သည်။ “သာမန်ပြည်သူများ၏ လူမှုဘ၀နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတို့ကို အားပေး မြှင့်တင်ရန် စိတ်ဝင်စားသော၊ မြန်မာနိုင်ငံ၌ ပျော်စရာ ကောင်းသည့် အားလပ်ရက် ခရီး အပန်းဖြေရင်း နိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးဘ၀ကို နားလည် သိရှိသွားလိုသော ခရီးသွားဧည့်သည်များကို NLD ပါတီက ကြိုဆိုသွားမည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် စဉ်းစား သုံးသပ်ခြင်း မရှိသော ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးမှုသည် ဒေသခံ ပြည်သူများ နှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေ လိမ့်မည် ဟု NLD ပါတီက သတိပေး ပြောကြားသည်။ “ဟိုတယ်များ၊ ခရီးသွား ကဏ္ဍ အခြေခံ အဆောက်အဦများ အတွက် ရှင်းလင်း နေရာယူရာတွင် ဒေသခံ ပြည်သူများမှာ လုံလောက်သော လျော်ကြေး မရပဲ (သို့) ကျေနပ်ဖွယ်ရာ နေရာ ပြန်မရပဲ နေရာ ဖယ်ပေးကြရသည်။ အချို့သော ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အဓမ္မခိုင်းစသော လုပ်သားများကို အသုံးပြုသဖြင့် ကိစ္စများကို ပိုမို ဆိုးဝါးစေသည်။ ထိုသို့ လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်မှု များနှင့် မိရိုးဖလာ လူနေမှု ဘ၀ပုံစံ သစ်စိမ်းချိုး ပြတ်တောက်မှု များကြောင့် စီးပွားရေး ကြပ်တည်း ဆင်းရဲမှု သာလျှင် နောက်ဆုံးရလဒ် ထွက်ပေါ်လာ ခဲ့ရ သည်” ဟု ကြေညာချက်တွင် ဖော်ပြသည်။

နှစ်ပေါင်းများစွာ လျစ်လျူရှုထားသော အခြေခံ အဆောက်အဦးများ၊ တပ်မတော် အစိုးရအပေါ် နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြီးမှုများက မြန်မာနိုင်ငံသို့ လာလည်မည့် ခရီးသွား တိုးရစ်များကို ရှောင်ခွာ စေခဲ့သည်။ ၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေး နှစ် တွင် ထိုင်းနိုင်ငံက ခရီးသွားဧည့်သည် ၁၄ သန်းကျော်၊ ဗီယက်နမ် နိုင်ငံက ၄ သန်းကျော် ရရှိချိန်တွင် မြန်မာနိုင်ငံက ၂ သိန်း မျှသာ ရရှိခဲ့သည်။

အစိုးရ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ဧည့်ရိပ်သာ ၆၀၀ ခန့်နှင့် လိုင်စင်ရ ခရီးသွားလမ်းညွှန် ၆၀၀၀ မျှသာ ရှိကြောင်း သိရှိရ သည်။ အင်တာနက်ကိုလည်း ကြီးကြီးမားမား ကန့်သတ် ချုပ်ချယ်ထားသည့် အပြင် အေတီအမ် ငွေထုတ်စက်များ မရှိသလို အကြွေးဝယ်ကဒ်များ ကို လည်း သုံးစွဲခွင့် မရှိပါ။

နာမည်ခံ အစိုးရသစ် တင်မြှောက်ရန် အလွန်အကျွံ လိမ်ညာဖန်တီးထားသော ရွေးကောက်ပွဲမျာျးင်းပပြီး ထိုမှတစ်ပတ်အကြာ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးခဲ့သော နိုဝင်ဘာလမှ စ၍ ယခု ၆ လခန့် ကြာခဲ့သည့် တိုင်အောင် သာမန် မြန်မာပြည်သူများအတွက် အနည်းငယ်မျှသာ ပြောင်းလဲမှု ရှိသည်။ ဆင်းရဲ ကျပ်တည်းခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အစိုးရ အဂတိ လိုက်စားခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခနွံထဲတွင် နစ်နေဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမလွှတ်မြောက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့် သြဂုတ်လတွင် ရန်ကုန်မြို့တော်မှ ထွက်ခွာ၍ နယ် ဟောပြောပွဲ ခရီးလှည့်ရန် စီစဉ် ကြိုးစားနေခြင်းသည် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် အစိုးရ၏ ဒေါသကို သေချာပေါက် ဆွပေးရန် ဖြစ်ပေသည်။

၂၀၀၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ရန်ကုန်မြို့ပြင်ထွက်၍ နယ်ခရီးလှည့်လည်ခဲ့စဉ်က သူမ၏ မော်တော်ယာဉ်တန်းကို တပ်မတော် အစိုးရ စပွန်စာပေးသော လက်သပ်မွေး လူမိုက်များက တုတ်များ၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုစဉ်က သူမ ဘေးမသီ ရန်မခ လွတ်မြောက် လာခဲ့ သော်လည်း NLD အမာခံ အားပေး ထောက်ခံသူများစွာ အသက် ဆုံးရှုံးခဲ့ရပြီး သူမကိုလည်း အစိုးရက မနှစ်က နိုဝင်ဘာလအထိ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။

**************************************************************

မုဒိမ်းမှုကို စစ်လက်နက်အဖြစ်အသုံးပြုမှု အဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း စစ်တပ်က မုဒိမ်းပြုကျင့်မှုများ အဆုံးသတ်ရန် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် မေလ ၂၄ ရက်နေ့တွင် မေတ္တာရပ်ခံပြောကြားလိုက်သည်။ ကနေဒါနိုင်ငံမှ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်များ ထံသို့ ဗီဒီယိုတိပ်ခွေပေးပို့ရာတွင် ဒေါ်အောင်ဆန်းစုကြည့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ကိစ္စဟာ တကယ့်ပြဿနာကြီးတစ်ခုပါပဲ" ဟု ၎င်းကဆိုသည်။ "ကျွန်မတို့နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် လိုတဲ့သူတွေ၊ အခြေခံလူ့အခွင့်အရေးတွေ ရယူလိုတဲ့သူတွေကို တိုက်ခိုက်တဲ့ နေရာမှာ မုဒိမ်းကျင့်တဲ့ကိစ္စကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေကြပါ တယ်။ လက်နက်ကိုင် အင်အားစု တွေက တိုင်းရင်းသားလူမျိုးစုတွေကို ခြိမ်းခြောက်ဖို့ လုပ်ကြတဲ့နေရာမှာ၊ တိုင်းပြည်ကို တကွဲတပြားဖြစ်အောင် လုပ်တဲ့ နေရာမှာ အဲဒီ မုဒိမ်းကျင့်တဲ့ကိစ္စကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြတာပါ" ဟု ၎င်းက ဆိုသည်။

"ဒီလို မုဒိမ်းကျင့်တဲ့ကိစ္စမှန်သမျှဟာ တိုင်းသူပြည်သားတွေအကြား၊ ယောင်္ကျားနဲ့မိန်းမ အကြား၊ သာမန်ပြည်သူတွေနဲ့ လက်နက်ကိုင် အင်အားစုတွေ အကြား စိတ်ဝမ်းကွဲပြားမှုကိုဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် အခုလို မုဒိမ်းမှုတွေ လုံးဝအဆုံးသတ်သွားဖို့အတွက် ကျွန်မတို့အနေနဲ့ လုပ်နိုင်သလောက် မဖြစ်မနေ လုပ်ကြရမှာပါ" ဟု နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်(၆၅ နှစ်) သည် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ဒီမိုကရေစီ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမျှတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ သူမသည် ဆယ်စုနှစ် နှစ်ခု၏ နှစ်အတော်များများတွင် နေအိမ် အကျယ်ချုပ် ဘဝဖြင့်နေထိုင်ခဲ့ရသည်။

ယခု ကနေဒါနိုင်ငံ၊ အော်တဝါမြို့နှင့် ကီလိုမီတာ ၁၀၀ ကျော်ကွာဝေးသော မွန်တီလယ်လိုအပန်းဖြေစခန်းမြို့၌ နှစ်စဉ်ကျင်းပသည့် အမျိုးသမီး နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်များ ကွန်ဖရင့်သို့ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုတိပ်ဖြင့် ရုပ်၊သံသွင်းကာ အမှာစကားပေးပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံတွင်း ပညာရေးလိုအပ်ချက်နှင့် မုဒိမ်းမှုအား လက်နက်အဖြစ် အသုံးပြုနေကြသည့်ကိစ္စအဆုံးသတ်ရေးအတွက် ဒိုင်ယာလော့ခ်လုပ်ရန် လိုအပ်ချက် ရှိနေကြောင်း သူမကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ခန့် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအစိုးရသစ်ကိုဖိအားပေးရန်လည်း သူမက တိုက်တွန်းလိုက်သည်။ "အဲဒီ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေအားလုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာပါ" ဟုသူမက ဆိုသည်။

********************************************************************

မြန်မာ-တရုတ် အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးမှ စိတ်ဝင်စားစရာအချက်အလက်အချို့

(Reuters သတင်းဌာနမှ Factbox ကို ဘာသာပြန်ဆိုသည်)

မကြာမီရက်ပိုင်းတွင် မြန်မာအရပ်ဘက်အစိုးရသစ် ခေါင်းဆောင်၊ သမ္မတ ဦးသိန်းစိန် အိမ်နီးချင်းတရုတ်နိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ရာ ရိုက်တာသတင်းဌာနက တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှ ထူးခြားသော အချက်အလက်အချို့ကို စာဖတ်သူများ သိရှိရန်အလို့ငှာ ထုတ်ဖော်ရေးသားခဲသည်။ အိမ်းနီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးမှ စိတ်ဝင်စားစရာအချက်အလက်များမှာ အောက်ဖော်ပြပါအတိုင်ြး ဖစ်သည်။

-           မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of China) ကို ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ခဲ့သည်။ သို့သော် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၆၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့ (ထိုစဉ်က မြန်မာနိုင်ငံ၏မြို့တော်) ၌ ဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး အဓိကရုန်းများကြောင့် တင်းမာခဲ့သည်။

-           ၁၉၈၈ ခုနှစ်၊ မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲများနှင့် အဓိကရုန်းများအပေါ် စစ်တပ်က ဖြိုခွင်းနှိမ်နင်းခဲ့မှုကြောင့် အနောက်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံက အကူအညီ အထောက်အပံ့များ၊ စစ်လက်နက်များ ပံ့ပိုးကူညီလာသလို ကုန်သွယ်ရေးများလည်း မြှင့်တင်ဆောင်ရွက်လာသည်။ ထို့ပြင် တရုတ်ပြည်၏ စစ်ရေးပါဝါကြီးထွားမှုအပေါ် စိုးရိမ်ပူပန်မှုများ မြန်မာနိုင်ငံတွင်ရှိနေသော်ငြား ဘေဂျင်းအစိုးရက မြန်မာနိုင်ငံအပေါ်သံတမန်ရေးအရ ထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လုပ်ဆောင် ခဲ့သည်။

-           နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးတန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နှစ်ဝက်ကျော် ကာလတွင် ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံတန်ဖိုးရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံအထိ ရောက်ရှိလာကြောင်း တရုတ်အစိုးရက ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရသည်။ မြန်မာနိုင်ငံတွင်း တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုများမှာ သဘာဝရင်းမြစ်များနှင့် စွမ်းအင်စီမံကိန်းများကို အဓိက အာရုံ ထားသည်။

-           မြန်မာနိုင်ငံက တရုတ်ပြည်အား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် အသုံးပြုခွင့်ပေးသည်။ ယင်းသို့ ခွင့်ပြု ပေးရာတွင် တရုတ်ပြည် အနောက် တောင်ပိုင်း၊ ကုန်းတွင်းပိတ်ဒေသများသို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုနှင့် အဆိုပါဒေသမှ ကုန်ပစ္စည်းများပြည်ပတင်ပို့မှုသာမက စစ်အခြေစိုက် စခန်းများ သို့မဟုတ် စစ်ထောက်လှမ်းရေးရုံးခွဲများ ဖွင့်လှစ်ခွင့်တို့ပါ ပါဝင်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အောက်တိုဘာလတွင် တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော CNPC က စွမ်းအင်ပိုက်လိုင်းသွယ်တန်းသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရေနံသိုလှောင်ရာဆိပ်ကမ်းကြီးတစ်ခုကို မြန်မာနိုင်ငံတွင်စတင်တည်ဆောက်ခဲ့ သည်။ အဆိုပါစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ရေကြောင်းသွားလာမှုကျပ်တည်းပြီး ပင်လယ်ဓားပြ အန္တရာယ် ပေါများသော မလက္ကာ ရေလက်ကြားဒေသမှတစ်ဆင့် တရုတ်ပြည်တွင်းသို့ စွမ်းအင်နှင့် ကုန်ပစ္စည်းများ တင်ပို့မှုကို ရှောင်ရှားရန်ဖြစ်သည်။

-           သို့သော် နှစ်နိုင်ငံဆက်ဆံရေးတွင် မပြေမလည်ဖြစ်မှုများ ရှိခဲ့သည်ကိုတွေ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် လက်နက်ကိုင် သူပုန်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တရုတ်ပြည်တွင်းသို့အဆိုပါဒေသမှ ဒေသခံပြည်သူများ ဒုက္ခသည် အဖြစ် အလုံးအရင်းဝင်ရောက်ခိုလှုံခဲ့ရာ ဘေဂျင်းအစိုးရအား အမျက်ဒေါသထွက်စေခဲ့သည်။ သို့သော် မြန်မာနိုင်ငံက နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။

-           ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော် တည်ဆောက် မှုကို ဝေဖန်ပြောဆိုခဲ့သည်။ ဆင်းရဲ နွမ်းပါးသော မြန်မာနိုင်ငံအနေဖြင့် ဤမျှ ငွေကုန်ကြေးကျများသော မြို့တော်သစ် တစ်ခုတည်ဆောက်မှုကို မိတ်ဆွေအိမ်နီးချင်း တရုတ်နိုင်ငံအား ဦးစွာပြောဆိုမှုမပြုဘဲ လုပ်ကိုင် ဆောင်ရွက်ခဲ့မှု အပေါ် များစွာ အံ့အားသင့်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

*************************************************************************

အိန္ဒိယ၏ မြန်မာပြည်တွင်းစီမံကိန်းများ တရုတ်ခြိမ်းခြောက်မှုခံနေရ

(TNN မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏လွှမ်းမိုးမှုအောက်သို့ရောက်နေသော မြန်မာအစိုးရ၏ သဘောထား မပျော့ပြောင်းမှုများအပေါ် စိတ်ပျက် လက်ပျက် ဖြစ်နေသည့် အိန္ဒိယနိုင်ငံ၏ ဒေသတွင်းသြဇာလွှမ်းမိုးမှုနှင့် ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးသော အရာမှာ ထမံသီရေအားလျှပ်စစ် စီမံကိန်းသာ ဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီးက အကြံပေး ပြောကြားသည်။

မီဂါဝပ် ၁၂၀၀ ထွက်ရှိမည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းနှင့် မီဂါဝပ် ၆၀၀ ထွက်ရှိမည့် Shwazaye ရေအားလျှပ်စစ် စီမံကိန်းတို့ကို ၂၀၀၄ ခုနှစ်တွင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ဖြင့် စတင်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရသည်။ ချင်းတွင်းမြစ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်း ကြီးနှစ်ခုစလုံးမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မြန်မာပြည်တွင်းနှင့် အိန္ဒိယပြည်အရှေ့မြောက်ပိုင်း နယ်စပ်ဒေသများအတွက် အသုံးပြုရန် ရည်ရွယ်ထားခဲ့ကြသည်။ ယင်းစီမံကိန်းကို အိန္ဒိယနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်သော NHPC ကအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Nirupama Rao ထံသို့ပေးပို့သည့် စာတစ်စောင်တွင် သံအမတ်ကြီး VS Seshadri က ထမံသီ ရေအား လျှပ်စစ် စီမံကိန်း စတင်နိုင်ရေးအတွက် ပြန်လည်စဉ်းစားသုံးသပ်ရန် ဖော်ပြခဲ့သည်။  နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော မြန်မာအရပ်ဘက် အစိုးရသစ်လက်တွင် ထွက်ပေါ်လာသော အခြေအနေ အရပ်ရပ် သည် အိန္ဒိယနိုင်ငံကို မျက်နှာသာပေးမှုမရှိခဲ့လျှင်သော်မှ ၎င်းအနေဖြင့် ရေရှည် အကျိုးစီးပွားကို ကြည့်လိမ့်မည် ဖြစ်ကြောင်း အိန္ဒိယသံအမတ်ကြီးက အကြောင်းပြချက်ပေး ရေးသားခဲ့သည်။

သံအမတ်ကြီးက ထမံသီရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန် တင်ပြခဲ့သည့် အကြောင်း အရင်းများ အနက် အရေးကြီး ဆုံးမှာ ကနဦးလုပ်ကိုင်ဆောင်ရွက်မှု အားနည်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့အတွက်ကြောင့် ဒေသတွင်းစီးပွားရေးမိတ်ဖက်များနှင့် ချစ်ကြည်ရင်းနှီးမှု ထူထောင်ရာတွင်သော်လည်းကောင်း၊ NHPC က အစီအစဉ်များရေးဆွဲရာတွင်သော်လည်းကောင်း အခက်အခဲများနှင့် ပို၍ကြုံရကြောင်း ထောက်ပြ ပြောဆိုသည်။ အိန္ဒိယနှင့် မြန်မာအစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးဌာနတို့ အကြား ဆက်ဆံရေးမှာလည်း ပြေပြစ် ချောမွေ့မှု မရှိသလို ပြည်တွင်းမှ အဆင့်မြင့်အရာရှိကြီးများ အချင်းချင်း အပြန်အလှန် အဆက်အသွယ် ပြုလုပ်မှု လည်း မရှိပေ။

ဖော်ပြပါဖြစ်ရပ်များကြောင့် အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာမှာ ရိုက်ချိုးခံရသလို ဖြစ်နေကြောင်း သံအမတ်ကြီးက ဆိုသည်။ ရေအားလျှပ်စစ် စီမံကိန်း တိုးတက် ဖြစ်ထွန်းမှု နှောင့်နှေးနေခြင်း တို့ကြောင့် အိန္ဒိယပြည်တွင်း ကုမ္ပဏီများ အနေဖြင့်လည်း စီမံကိန်းကိုပြီးမြောက်အောင် အကောင်အထည် ဖော်နိုင်သည့်စွမ်းရည် အစိုးရတွင်မရှိ ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ အကယ်၍ အဆိုပါရေအားလျှပ်စစ်စီမံကိန်းကို အိန္ဒိယက လက်ရှောင်လိုက် မည် ဆိုပါက တရုတ်တို့သာ မလွဲမသွေ ဝင်ရောက်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ သို့သော် အိန္ဒိယ နိုင်ငံ၏ ဆုံးရှုံးမှုများကို ပြန်လည် အဖတ်ဆယ်ပေးနိုင်မည့်အရာမှာ ယင်းစီမံကိန်းအား ဆက်လက်လုပ်ကိုင်ခြင်းပင်ဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးပြောဆိုသည်။

သို့အတွက်ကြောင့် ရှေ့လျှောက်အကောင်းဆုံးဖြစ်စေမည့် နည်းလမ်းမှာ မြန်မာနိုင်ငံမှ ထမံသီ ရေလှောင်တမံ စီမံကိန်းကြီးသည် အိန္ဒိယနိုင်ငံ မဟာဗျူဟာအကျိုးစီးပွားနှင့် အရှေ့မြောက်ဘက်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအတိုင်းအတာအထိအရေးပါသည်ဟူသောအချက်ကို မေးခွန်းထုတ် စဉ်းစားကြရန်ဖြစ်သည်။ "တကယ်လို့ လောလောဆယ် အိန္ဒိယနိုင်ငံအနေနဲ့ ဆိုးဆိုးရွားရွားထိခိုက်မှု ရှိလာမှာ မဟုတ်ဘူးလို့ ဖြေတယ်ပဲ ထားဦး၊ နောက် ကာလတွေမှာ ထိခိုက်မှုတွေရှိလာမှာပဲ။ စီမံကိန်းအကောင်အထည်ဖော်ဖို့နှောင့်နှေးနေတဲ့အတွက်ကြောင့် အိန္ဒိယ ကုမ္ပဏီတွေ အပေါ် အရည်းအချင်းမရှိတဲ့အဖွဲ့အစည်းတွေလို့ ထင်မြင်ချက်လွဲမှားမှုတွေဖြစ်လာပါ လိမ့်မယ်။ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်လာလိမ့်မယ်" ဟု သံအမတ်ကြီး VS Seshadri ကပြောဆိုသည်။

သို့သော် အကယ်၍ အိန္ဒိယအစိုးရကသာ စီမံကိန်းသည် နိုင်ငံ၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အရေးကြီးသည်ဟု ရှုမြင်ပါက NHPC အနေ ဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် စီးပွားရေးချဉ်းကပ်မှုမျိုးကို စွန့်လွှတ်ကာ မစ်ရှင်တစ်ခုအသွင်ဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရမည်ဖြစ်သည် ဟု ၎င်းက ဆိုသည်။ "သူတို့အနေနဲ့ မြန်မာ ပတ်ဝန်းကျင်မှာ သတ်မှတ်ချိန်တွင်း ပြီးပြတ်အောင် လုပ်ကိုင်နိုင်တယ် ဆိုတာမျိုးကို ပြောင်းလဲပြဖို့ လိုအပ်ပါတယ်" ဟုလည်း ဆိုသည်။ မည်သို့ပင်ဖြစ်စေ တတိယရွေးချယ်မှုတစ်ရပ် အနေဖြင့် စီမံကိန်းကိစ္စအပေါ် ထပ်မံစုံစမ်းစစ်ဆေးမှုများ အပြီးသတ် လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ထို့နောက် ဆက်လက်လုပ်ကိုင်ရန် သင့်၊မသင့် ဟူသောကိစ္စကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

************************************************************************

စင်ကာပူတွင် နေအိမ်ဝယ်ယူသူ နိုင်ငံခြားသားများစာရင်း၌ တရုတ်နိုင်ငံသားများ ထိပ်ဆုံးတွင်ရှိ

(AFP သတင်းကို ဘာသာပြန်ဆိုသည်)

ယခုနှစ်မတ်လအတွင်း စင်ကာပူနိုင်ငံမှ အိမ်၊ခြံ၊မြေ အဆောက်အအုံများကို အများဆုံးဝယ်ယူသည့် နိုင်ငံခြား သားများ စာရင်းတွင် တရုတ်နိုင်ငံသားက ထိပ်ဆုံးနေရာ၌ရှိကြောင်း AFP သတင်းဌာနက အစီရင်ခံချက် တစ်ရပ်ကို ကိုးကား၍ရေးသားဖော်ပြသည်။ စင်ကာပူအိမ်ခြံမြေများကို အများဆုံး ဝယ်ယူသည့်နိုင်ငံခြားသားများအဖြစ် တရုတ်လူမျိုးများ သတ်မှတ်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လအထိ၊ ပထမသုံးလတွင် စင်ကာပူရှိ ပုဂ္ဂလိကပိုင်အိမ်များဝယ်ယူမှု ၂၄ ရာခိုင်နှုန်းကို တရုတ် နိုင်ငံသားများက ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ဟု အိမ်၊ခြံ၊မြေပိုင်ဆိုင်မှုဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့ဖြစ်သော DTZ က ထုတ်ပြန်သော အစီရင်ခံစာတွင်ပါရှိသည်။ "ယခုလို စင်ကာပူ ပုဂ္ဂလိကနေအိမ်များဝယ်ယူသော နိုင်ငံခြားသားများ စာရင်းတွင် တရုတ်နိုင်ငံသားများထိပ်ဆုံးရောက်လာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်" ဟု အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ မလေးရှားနိုင်ငံသားများသည် ထိပ်ဆုံးနေရာတွင် ရှိခဲ့သော်လည်း ယခုအခါ ဒုတိယနေရာသို့ရောက်ရှိလာသည်။

ယခုနှစ်၊ ပထမသုံးနှစ်တာကာလအတွင်း ပုဂ္ဂလိကနေအိမ်ဝယ်ယူမှု ၆၃၆၈ ခုရှိခဲ့ရာ ၎င်း၏ ၁၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများ ဖြစ်ကြကြောင်း၊ အဆိုပါပမာဏသည် ၁၉၉၅ ခုနှစ်တွင် အိမ်၊ခြံ၊မြေပိုင်ဆိုင်မှုဆိုင်ရာ စာရင်းဇယားများ စတင်ပြုလုပ်ခဲ့သည့် အချိန်နောက်ပိုင်းအများဆုံးဖြစ်ကြောင်း DTZ ကဆိုသည်။ စင်ကာပူနိုင်ငံသားများ အိမ်အရောင်း အဝယ် ပြုလုပ်မှုမှာ ၆၇ ရာခိုင်နှုန်းအထိကျဆင်းလာပြီး အဆိုပါ နှုန်းထားသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး အဆင့်ဖြစ်သည်။ ထို့ပြင် ယခုနှစ် ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေပစ္စည်းများ ဝယ်ယူမှုသည် ယမန်နှစ်၊ ပထမသုံးလတာ ကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကိုတွေ့ရသည်။ ကျန်ရှိသော အိမ်၊ခြံ၊မြေပစ္စည်းများ ဝယ်ယူမှုကိုကုမ္ပဏီများနှင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်သူ ပြည်ပဖွား များက ပြုလုပ်ခြင်းဖြစ်သည်။

"စင်ကာပူအစိုးရက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သော အိမ်ယာမြေ ဈေးကွက် တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်ကြောင့် အိမ်၊ခြံ၊မြေ ဝယ်လိုအားကို ထိခိုက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ နိုင်ငံခြားသားများ အိမ်၊ခြံ၊ မြေဝယ်ယူမှု တိုးမြင့်လာမှုကို ကြည့်လျှင် အစိုးရ၏အစီအစဉ်သည်

၎င်းတို့အပေါ် ထိခိုက်မှုမရှိခဲ့သည်ကို တွေ့မြင်ရကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ ထို့ပြင်အိမ်ယာမြေဝယ်ယူမှု ကျဆင်းခဲ့သည့် အခြား အကြောင်းအရင်းတစ်ခုမှာ ဖေဖောဝါရီလ၊ တရုတ်နှစ်ကူးပွဲတော်ကြောင့်လည်း ဖြစ်သည်။ အဆိုပါ ပွဲတော် အတွင်း အိမ်ယာမြေရောင်းဝယ်မှုများ ထက်ဝက်ခန့် ကျဆင်းသွားသည်။

အစိုးရက ဇန်နဝါရီလတွင်း အိမ်၊ခြံ၊မြေ ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ရုံသာမက တံဆိပ်ခေါင်း ခွန်များ တိုးမြှင့်ကောက်ခံခြင်း၊ အိမ်ယာမြေတစ်ခုထက် ပိုမိုပိုင်ဆိုင်သော နိုင်ငံသားများ၊ ကုမ္ပဏီများအနေဖြင့် ဘဏ်မှ ငွေချေးနိုင်သော ပမာဏလျှော့ချခြင်း အစရှိသည်တို့ကိုပါ လုပ်ဆောင်ခဲ့သည်။

DTZ အကြီးအကဲ မစ္စ Chua Chor Hoon က နိုင်ငံခြားသားများ အိမ်ယာမြေ ဝယ်ယူမှုမြင့်တက်လာမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော စိုးရိမ် ပူပန်မှုများက မကြာမီကာလအတွင်း အိမ်၊ခြံ၊မြေဈေးကွက်အပေါ် ဂယက်ရိုက်ခတ်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

**********************************************************************

မြန်မာ နှင့် မြောက်ကိုးရီးယား တရုတ်သို့ အတူတကွ လာရောက်

(29 May 2011 ရက်စွဲပါ The Time of India မှ“ Myanmar, North Korea come together in China” ကို ဘာသာပြန်သည်။)

                တရုတ်နိုင်ငံသည် လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားသောကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ခဲ့သော အာရှ နှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦးအား မကြာသေးမီရက်များအတွင်းက ဧည့်သည်အဖြစ် လက်ခံခဲ့သည်။ ၎င်းတို့မှာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန် နှင့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီးတို့ဖြစ်သည်။

                ထို့ကြောင့် နယူးဒေလီ၊ ဝါရှင်တန်နှင့် အခြားတိုင်းပြည်များမှ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ တာဝန်ရှိသူများသည် မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံကြား ဖြစ်နိုင်သည့် ဆက်နွယ်မှု လက္ခဏာများကို စိတ်ဝင်စားစွာ စောင်ကြည့်နေကြသည်။ မြန်မာနိုင်ငံ ၏ နျူကလီယား ရည်မှန်းချက်များနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်ရာ၊ အဆိုပါကိစ္စအတွက် မြောက်ကိုးရီးယားမှ နည်းပညာ အကူအညီများ ရရှိရန် စိတ်ဝင်စားမည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

                မြန်မာနိုင်ငံပိုင် The New Light of Myanmar တွင် အင်္ဂါနေ့ က နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးသည် မြောက်ကိုးရီးယား သံအမတ် Kim Sok Chol နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများ ဖော်ပြခဲ့သည်။ မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို သတင်းက အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ အဆိုပါ နှစ်နိုင်ငံ စလုံးသည် အနောက်နိုင်ငံများမှ အကူအညီများပေးရန် ငြင်းဆန်ထားခြင်းကြောင့် တရုတ်ထံမှ အကူအညီများ ပေါ်တွင် မှီခိုနေကြရသည်။

*******************************************************************************

အမေရိကန် ဘဏ္ဍာရေးဌာန အစီရင်ခံစာ ထွက်ပေါ်လာပြီး ယွမ်ငွေ စံချိန်တင် မြှင့်တက်

(BBC News မှ 30 May 2011 ရက်စွဲပါ “Yuan at record high versus dollar after Treasury report” သတင်းကို ဘာသာပြန်ဆိုသည် )

တရုတ်ပိုက်ဆံကို တန်ဖိုး လျှော့ချထားသော်လည်း တမင်တကာ ထိန်းချုပ်ထားခြင်းမဟုတ်ဟု အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြား လိုက်ပြီး နောက်တွင် တရုတ်ယွမ်ငွေ၏ အမေရိကန် တစ်ဒေါ်လာနှင့် ယှဉ်သည့် တန်ဖိုး စံချိန်တင် မြှင့်တက်သွားသည်ဟု သိရှိရသည်။ The People’s Bank of China (PBOC) တရုတ် ပြည်သူ့ဘဏ်က အမေရိကန် တစ်ဒေါ်လာ နှင့် ညီမျှသည့် ယွမ်ငွေတန်ဖိုးကို ယခုအချိန်အထိ အမြင့်ဆုံးနှုန်း ၆.၄၈၅၆ ယွမ်အဖြစ် တနင်္လာနေ့က သတ်မှတ် ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံသည် ယင်း၏ပို့ကုန်များကို အားပေး မြှင့်တင်ရန်အတွက် ယင်း၏ ပိုက်ဆံ (ယွမ်ငွေ) တန်ဖိုးကို တမင်တကာ ချထားသည်ဟု အမေရိကန် ပြည်ထောင်စုနှင့် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများက စွပ်စွဲ ထားကြသည်။

ကမ္ဘာ့အကြီးဆုံး ပို့ကုန် နိုင်ငံဖြစ်သော တရုတ်နှင့် အခြား ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများ အကြားတွင် ယွမ်ငွေတန်ဖိုး သတ်မှတ်ခြင်းကိစ္စမှာ အငြင်းပွား စရာ ပြဿနာတစ်ခု ဖြစ်နေသည်။

*******************************************************************************

မလေးရှား rare-earth သန့်စင် စက်ရုံ လုံခြုံမှုအတွက် ကုလ စစ်ဆေး

(30 May 2011 ရက်စွဲပါ BBC News မှ UN investigation into Malaysia rare-earth plant safety ကို ဘာသာပြန်ပါသည်။)

ကုလသမဂ္ဂ အနုမြူ စွမ်းအင် ပညာရှင်များသည် မလေးရှား နိုင်ငံတွင် စီစဉ်ထားသော ရှားပါးမြေ (rare-earth) သန့်စင်ခြင်းမှ ရေဒီယို သတ္တိ ကြွများ ပါဝင်ခြင်း ရှိ မရှိ စစ်ဆေးရန် မလေးရှားသို့ ရောက်ရှိ နေသည်။ မလေးရှားသည် အဆိုပါ ပရောဂျက်ကို အရှေ့ဖက် Pahang ပြည်နယ်တွင် ထားရှိပြီး ယခုအခါ ယာယီ ရပ်ဆိုင်း ထားသည်။

တရုတ်သည် ကမ္ဘာကြီး၏ rare-earth လိုအပ်ချက်၏ ၉၀%ကျော် ကို တင်ပို့နေသူ ဖြစ်သည်။ ယခု စက်ရုံကို သြစတြေးလျ သတ္တုတူးဖော်သူ Lynas က ဆောက်လုပ်ပြီး တရုတ်၏ လွှမ်းမိုးနေမှုကို ထိုးဖောက် ဈေးကွက်ရမည် ဖြစ်သည်။ Rare-earth မှ သတ္တုများကို အဆင့်မြင့် နည်းပညာသုံး ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုပြီး အချို့ကို အမေရိကန် လက်နက် ထုတ်ရာတွင် အသုံးပြု ပါသည်။

အဖွဲ့ဝင် ကိုးဦး ပါဝင်သော စုံစမ်းရေး အဖွဲ့တွင် နိုင်ငံတကာ အနုမြူ အေဂျင်စီ (IAEA) မှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဦးဆောင်မည် ဖြစ်ပြီး အစိုးရ တာဝန် ရှိသူများ၊ ဒေသခံများနှင့် လှုပ်ရှားသူများ (activists) နှင့် Kuantan မြို့အနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို မစစ်ဆေးမှီ တွေ့ဆုံ မည် ဖြစ်သည်။ စက်ရုံမှ ရေဒီယို သတ္တိကြွ ပါသော စွန့်ပစ် ပစ္စည်းများကို သေချာစွာ မစွန့်ပစ်ပါက ပတ်ဝန်းကျင် ဆိုင်ရာနှင့် ဒေသခံ နေထိုင်သူများကို အန္တရာယ် ရှိနိုင်သော ကြောင့်ဖြစ်သည်။ စက်ရုံတွင် စွန့်ပစ် ပစ္စည်းမှ အန္တရာယ်များအတွက် ခေတ်အမှီဆုံးနည်းများဖြင့် ထိန်းချုပ် ထားကြောင်း Lynas က ပြောသည်။ ယခု စက်ရုံသည် rare-earth များ သန့်စင်ခြင်းကို ၂၀၁၁ နှောင်းပိုင်းတွင် စတင်ရန် သတ်မှတ် ထားသည်။

စက်ရုံတွင် သြစတြေးလျမှ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများအး သန့်စင်ရေး လုပ်မည် ဖြစ်ရာ ဇွန်လကုန်တွင် စစ်ဆေးချက် အစီရင်ခံ စာ တင်အပြီး၊ မလေးရှား အာဏာပိုင်များက ခွင့်ပြုသင့် မသင့် ဆုံးဖြတ်ရန် မျှော်လင့်လျက် ရှိသည်။ Rare earth သတ္တုများကို မိုဘိုင်းဖုန်းများ၊ ဟိုက်ဘရစ် ကားဘက်ထရီများ၊ လေတာဘိုင်များ နှင့် လက်နက် စနစ်များတွင် အသုံးပြုသည်။

တရုတ်အစိုးရက ပြောကြားရာတွင် ပတ်ဝန်းကျင် ဆိုင်ရာနှင့် အဆင့်မြင့် ပစ္စည်းများ ပိုမို ထုတ်လုပ် နေသည့် တရုတ် စက်မှု လုပ်ငန်းများ အတွက် ကြောင့် rare earth တင်ပို့မှုကို ကန့်သတ် ရမည်ဟု ဆိုသည်။ သို့သော် အဆိုပါ ပြောကြားချက်အား တရုတ် နိုင်ငံမှ rare earth တင်သွင်းမှု ပေါ်တွင် မှီခို နေရသော ဂျပန်ကဲ့သို့သော နိုင်ငံများ စိတ်ဆိုး ခဲ့ကြပြီး ယင်းတို့ ထုတ်ကုန်များ ကုန်ကျငွေ ပိုမို ကုန်ကျမည်ကို တွေးမြင်ခဲ့ကြသည်။

အမေရိကန်နှင့် သြစတြေးလျသည် တရုတ်ကို ယှဉ်ပြိုင်ရန် rare earth ရှာဖွေရေး သတ္တုတွင်းများ ပြန်ဖွင့်ခဲ့ကြသည်။ ကနေဒါနှင့် ဘရာဇီး ကလည်း ယင်းတို့၏ ထုတ်လုပ်မှုကို တိုးမြှင့် ခဲ့ကြသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment