Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၉.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဦးအောင်သိန်းလင်း၏ နာရေးကူညီသူလူငယ်များကြောင့် ကျန်ရစ်သူမိသားစု စိတ်အနှောက်အယှက်ဖြစ်
  2. နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်သက်တမ်း ထပ်မံတိုးမြှင့်နိုင်ရန် အလားလာကောင်း
  3. ယာယီနံပါတ်နှင့် ယာဉ်သွားလာမှု၊ ရောင်းဝယ်မှုများကို အရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်နက်ကိုင်တပ်ဖွဲ့များကို ဖိတ်ခေါ်
  2. ပြည်တွင်းအသံလွှင့်ဌာနများ ဧရာဝတီအကြောင်း မလွှင့်ရ
  3. ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ရပ်တန့်သည်အထိ ကန့်ကွက်သွားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ကားလမ်းတွေပေါ်က လူ့အခွင့်အရေးကိစ္စ (မောင်းဆက်)

  ××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ဦးအောင်သိန်းလင်း၏ နာရေးကူညီသူလူငယ်များကြောင့် ကျန်ရစ်သူမိသားစု စိတ်အနှောက်အယှက်ဖြစ်

ရန်ကုန်ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ဦးဆောင်ဖွဲ့ စည်းထားသော တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ နာရေးကူညီမှု အသင်းမှ စေတနာဝန်ထမ်း လူငယ်များသည် သောက်စားမူးရစ်ပြီး နားရေးကိစ္စများ ဆောင်ပေးမှု နေကြောင့် ကျန်ရစ်သူမိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများ စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု မြို့နယ်အတွင်းနေထိုင်သူ တစ်ဦးက ပြောကြား သည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ယခင်ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် နားရေးကူညီမှုများ ဆောင်ရွက်ရန်အတွက် ကားနှစ်စီးဖြင့် လုပ်ဆောင်ပေးနေကြောင်း သို့ရာတွင် ဦးအောင်သိန်းလင်း တာဝန်ပေး ထားခိုင်းထားသော လူငယ်များမှာ ရပ်ကွက်အတွင်းမှ ၁၀၉/၁၁၀ သောက်စား မူးရစ်နေသော လူငယ်များ ဖြစ်နေပြီး (ဇ)အက္ခရာ ဂျစ်ကားတစီးနှင့် နာရေးကူညီမှု လုပ်ငန်းအကြောင်းပြပြီး ထင်တိုင်းကြဲနေကြောင်း နန္ဒဝန်ဈေးအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ဦးအောင်သိန်းလင်းသည် မြို့တော်ဝန်အဖြစ်ရှိစဉ်ကတည်က ရုပ်ရှင်မင်းသား ဦးကျော်သူနှင့်အပြိုင် နာရေးကူညီမှု အသင်းထောင်ခဲ့သူဖြစ်ပြီး နာရေးလုပ်ကူညီမှု လုပ်ငန်းကို အကြောင်းပြုပြီး မဲဆွယ်ရန်ကြိုးစားခဲ့သူ တစ်ဦးဖြစ်သည်ဟု ဦးအောင်သိန်းလင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

နာရေးကူညီမှု လုပ်ကိုင်ရန်အတွက် စေတနာဝန်ထမ်း လူငယ်များသည် အရက်သေစာ သောက်စားခွင့် မရှိသလို ကားပေါ်တွင်လည်း နောက်ပြောင်ရယ်မောခြင်း စကားပြောဆိုခြင်းများပင် မပြုရန် နာရေးရှင်များကို စာနာဂရုနာထားရန် စည်းကမ်းချက်များထုတ်ထားလေ့ရှိသည်။

စစ်အစိုးရလက်ထက် လူအများစီးပွားရေး ကြပ်တည်းပြီး နေရေးလည်း ခက်သလို သေရေးလည်း ခက်ကြသဖြင့် မန္တလေးမြို့တွင် ဗြဟ္မဆို နာရေး ကူညီမှုအသင်း ပေါ်လာပြီးနောက် ရန်ကုန်တွင်း ရုပ်ရှင်မင်းသား ဦးကျော်သူပါဝင်သော နာရေးကူညီမှုအသင်းများ ပေါ်လာကာ မြို့ရွာဒေသ အတော် များများတွင် နာရေးကူညီမှု လုပ်ငန်းများ အားကောင်း လာခဲ့သည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်သက်တမ်း ထပ်မံတိုးမြှင့်နိုင်ရန် အလားလာကောင်း

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင် ဖွင့်လှစ်ထားသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား တရားဝင်ဖွဲ့စည်း လုပ်ကိုင်ခွင့် မှတ်ပုံတင် သက်တမ်းတိုးမှု ရပ်ဆိုင်းထားခြင်းကို ပြန်လည်ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ဆရာမ သန်းမြင့်အောင်မှ ပြောကြားခဲ့ကြောင်း သိရ သည်။

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စီးပွားရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအား မိန့်ခွန်းပြောကြားပြီး အခန်းအနား တက်ရောက်သူများကို လိုက်လံနှုတ်ဆက်စဉ် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဆရာမ သန်းမြင့်အောင်မှ ပြောဆိုတင်ပြခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီမှုများ ရှိနေသဖြင့် သက်တမ်းတိုးမှု ပြန်လည်ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှတ်ပုံတင် သက်တမ်းမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ထပ်မံသက်တမ်း တိုးမြှင့်ပေးရန် သုံးကြိမ်တင်ပြခဲ့သော်လည်း တစုံတရာတုန့်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။ နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး အခဲ့မဲ့ ဝန်ဆောင်မှုပေးခဲ့သော ရုပ်အလောင်းပေါင်း ၁ သိန်း ၁ သောင်း ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စီးပွားရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) လည်း ဖိတ်ကြားခံရသဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင် ဖွင့်လှစ်ထားသော နာရေးကူညီမှုအသင်း (ရန်ကုန်) မှတ်ပုံတင် သက်တမ်းတိုးခြင်းမှာ အလားအလာကောင်းများ ရှိနေပြီဟု ၎င်းအသင်းနှင့်နီးစပ်သူတစ်ဦးမှ ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ယာယီနံပါတ်နှင့် ယာဉ်သွားလာမှု၊ ရောင်းဝယ်မှုများကို အရေးယူမည်

ပြည်တွင်းရှိ စက်မှုဇုန်ထုတ်ကားများကို ယာယီနံပါတ် တပ်ဆင်၍ သွားလာမှုများနှင့် ကားအရောင်းအဝယ် ပြုလုပ်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စာထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ရခြင်းမှာ ပြည်တွင်းရှိ ကားထုတ်လုပ်သည့် စက်ရုံအချို့တွင် ပြည်ပကားများကို တစ်စစီဖြုတ်၍ နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ မှောင်ခိုတင်သွင်းလာမှုများ ပြုလုပ်ပြီး ယာယီနံပါတ်များတပ်ဆင်၍ သွားလာမှုများကြောင့် ဖြစ်ကြောင်း သိရသည်။ ၎င်း ကားပစ္စည်းမှောင်ခို သွင်းထုတ် ပြုလုပ်လျက်ရှိသည့် စက်ရုံများကိုလည်း ဒဏ်ကြေးတိုးရိုက်၍ ကားထုတ်လုပ်ခွင့်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာယီနံပါတ်ထုတ်ကားများ သွားလာခွင့်ကို ပိတ်ပင်ထားသော်လည်း ကုမ္ပဏီမှ ကားတစ်စီး ထုတ်လုပ်ပြီးပါက ကော်မတီထံသို့ သွား၍ အစစ်ဆေးခံနိုင်ရန်အတွက်သာ ကုမ္ပဏီထုတ်ကား အသစ်များကို ယာယီနံပါတ်နှင့် သွားလာခွင့် ပြုထားကြောင်း သိရသည်။

မကြာသေးမီ အချိန်ကလည်း ပြည်တွင်းရှိ ကားထုတ်လုပ်ခွင့်ရထားသည့် ကုမ္ပဏီတစ်အုပ်စုတစ်စုသည် ကား ၂၉၆ စီးအား ပြင်ပနိုင်ငံများမှ စီးလုံးတိုက် မှောင်ခိုသွင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

နောက်ပိုင်းကာလများတွင် ပြည်တွင်းရှိ ကားထုတ်လုပ်သည့် ကုမ္ပဏီများ မှောင်ခိုတင်သွင်းမှုများကို ပြုလုပ်ပါက ကားအမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၅၀ ထိတိုင် ဒဏ်ကြေးတိုးမြှင့်၍ အရေးယူသွားမည် ဖြစ်ကြောင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ကားထုတ်လုပ်ခွင့်ကို တရားဝင် ခွင့်ပြုထားကြောင်း သိရသည်။ ထုတ်လုပ်မည့် ကားအစိတ်အပိုင်းအချို့ကို ပြည်တွင်းမှာပင် ထုတ်လုပ်ပြီး ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် ကားအစိတ်အပိုင်းများကိုသာ ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပေးထားသော်လည်း ကားထုတ်လုပ်သည့် ကုမ္ပဏီအချို့သည် ၎င်းစည်းကမ်းချက်များကို ဖောက်ဖျက်၍ ကားစီးလုံးတိုက် နိုင်ငံခြားမှ တင်သွင်းသည့်အတွက် ၎င်းကုမ္ပဏီများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                 YC

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရန် လက်နက်ကိုင်တပ်ဖွဲ့များကို ဖိတ်ခေါ်

သမ္မတ ဦးသိန်းစိန်သည် စစ်မက်ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် သြဂုတ် ၁၇ ရက်နေ့က နေပြည်တော်ရှိ MICC ခန်းမဆောင်တွင် ပြုလုပ်သွားသော နိုင်ငံတော် သမ္မတနှင့် စီးပွားရေး၊လူမှုရေး အသင်းအဖွဲ့ ၅၀ ကျော်နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယင်းသို့ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဒို့တာဝန် အရေးသုံးပါးကို အလေးထားပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူလိုတဲ့ စိတ်ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ချိတ်ဆက်ကာ ဆွေးနွေးနိုင်ကြောင်း ဆက်လက် ပြောကြားသွားခဲ့သည်။

သမ္မတဦးသိန်းစိန် ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ လက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုဆိုပါကြောင်း တရားဝင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်၊ ပြောဆိုချက်များနှင့် ပက်သက်၍ ကေအိုင်အိုမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ယင်း ထုတ်ပြန်ချက်တွင် ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄ ) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ကေအိုင်အိုနှင့် န၀တအစိုးရ သဘောတူညီချက် စာချုပ်ပါ အချက်အလက်များအား  အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးဖို့ ကေအိုင်အိုက တောင်းဆိုထားကြောင်း ကေအိုင်အိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ  ဦးလနန်က ဆိုသည်။

“ကန့်ကွက်စာ ထုတ်ပြန်ရတာဟာ သမ္မတမိန့်ခွန်းမှာ သောင်းကျန်းသူ၊ အကြမ်းဖက် အဖွဲ့အစည်းတွေလို့ သုံးတာရယ်၊ ကချင်လူထုနဲ့ ကျွန်တော် တို့ကို သွေးခွဲတဲ့စကား ပြောတာရယ်ကြောင့်ပါ၊ ကချင်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာလည်း ရှေ့ဆက်မတက်သေးဘဲနဲ့ စာချုပ်ကို လက်မှတ်ထိုးဖို့ပဲ ပြောနေတယ်”ဟု ဆက်လက် ဆိုသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စေ့စပ်ညှိနှိုင်း  ပေးလိုပါကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပြီး၊ ယင်းထုတ်ပြန်ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သဘောတူ လက်ခံကြောင်း သိရှိရသည်။

ယခုအချိန်သည် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလေးပြုရမည့် အချိန်ဖြစ်ပြီး၊ ဖွံဖြိုးမှုနောက်ကျနေသည့် တိုင်းရင်းသား ဒေသများတွင်လည်း ငြိမ်းချမ်းရေးအမြန်ရရှိရန် အစိုးရနှင့် သက်ဆိုင်သူအချို့ ပူပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ချင်းအမျိုးသား ပါတီမှ အတွင်းရေးမှူး ဆလိုင်းကျဲဗစ်ထောင်းက သုံးသပ်ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းအသံလွှင့်ဌာနများ ဧရာဝတီအကြောင်း မလွှင့်ရ

ပြည်တွင်းတွင်ထုတ်လွှင့်လျက်ရှိသည့် ပုဂ္ဂလိကပိုင် FM ရေဒီယိုများတွင် ဧရာဝတီနှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာများကိုမျှ ထုတ်လွှင့်ခြင်းမျှ မပြုရန် တားမြစ်ထားကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် FM ရေဒီယိုတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်နေသူ စီမံချက် ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

ဦးကျော်ဆန်း၏ အစိုးရသစ်လက်ထက် ပထမဆုံး သတင်းစာရှင်လင်းပွဲ မတိုင်မီ တစ်ရက်အလို သြဂုတ် ၁၂ ရက် နေ့မှ စတင်၍ ထုတ်လွှင့်ခြင်း မပြုရန် မြန်မာ့အသံမှ တာဝန်ရှိသူတစ်ဦးက အကြောင်း ကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပုံမှန်လွှင့်နေတာရှိတယ်။ အဲဒီထဲကမှ ဧရာဝတီနဲ့ ပတ်သက်တာတွေ မလွှင့်ဘဲ ရပ်ထားလိုက်ရပြီ” ဟု အစီအစဉ်ရေးဆွဲသူ တစ်ဦးက ဆိုသည်။

စစ်အစိုးရ လက်ထက်ကပင် စီမံကိန်းရေးဆွဲခဲ့သော တရုတ်-မြန်မာပူးတွဲဆောင်ရွက်မည့် မြစ်ဆုံဆည်တည်ဆောက်မည့် အရေးကိစ္စသည် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင်ပါ စိတ်ဝင်စား၊အငြင်းပွားနေခဲ့သော အကြောင်းအရာ တစ်ရပ် ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီကို ထိခိုက်မှု မရှိနိုင်ကြောင်း အစိုးရသတင်းစာများတွင် ဆောင်းပါး ၂ ပုဒ်ဖြင့် တုန့်ပြန်ခဲ့သောကြောင့် ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများအကြား ပိုမို ပြင်းထန်စွာ တုန့်ပြန်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစု ကြည်မှ ဧရာဝတီအတွက်ပန်ကြားချက်ဟူသည့် ထုတ်ပြန်ချက် ပေါ်ထွက်လာပြီး နောက်တွင်မူ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ များစွာ ရိုက်ခတ်မှုရှိလာခဲ့သည်။

 သြဂုတ် ၁၃ ရက်နေ့က အစိုရသစ်လက်ထက် နေပြည်တော်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ(၁/၂၀၁၁)တွင် ယခုအစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှာ အဆိုပါ မြစ်ဆုံဆည် နှင့်KIO တို့နှင့်ပတ်သက်သည့် မေးခွန်းများအကြားတွင် မျက်ရည်မိုးများပင်သွန်ကျသွား၍ ဧရာဝတီနှင့် မြန်မာနိုင်ငံကို မည်မျှုချစ်ကြောင်း၊ မြန်မာနိုင်ငံတော်ကြီးကို ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ကြောင်း ပြောပြသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံပိုင်ရေဒီယိုများတွင် အမေသီချင်းများ ထုတ်လွှင့်ခြင်း မပြုရဟူသော ထုတ်ပြန်ချက် လည်း ထွက်ပေါ်ခဲ့ဖူးသည်။

-----------------------------------------------------------------------------------------------------------------------------------

ဧရာဝတီ မြစ်ဆုံစီမံကိန်းအား ရပ်တန့်သည်အထိ ကန့်ကွက်သွားမည်

ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရေကာတာစီမံကိန်းများ၏ နောက်ဆက်တွဲ အကျိုးဆက်သည် မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုအား များစွာ ထိခိုက်သောကြောင့် မြစ်ဆုံစီမံကိန်းအား ရပ်တန့်သည်အထိ ကန့်ကွက်   သွားမည် ဖြစ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲဝင် ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းချိုက ဆိုသည်။

ဦးဝင်းချိုသည် ဧရာဝတီမြစ်ဆုံစီမံကိန်းအား ပြည်သူကိုတင်ပြရန် သြဂုတ်လ ၁၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗေဒါ သင်တန်းကျောင်းတွင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး၊ ယင်းဆွေးနွေးပွဲသို့ နိုင်ငံရေးအသိုင်းအဝိုင်းမှ လူငယ်အများစု တက်ရောက်ကာ ဧရာဝတီမြစ်ဆုံစီမံကိန်းအား လက်မှတ်ရေးထိုး ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း၏ အကျိုးအပြစ်များကို ပြည်သူများ သိရှိနားလည်စေရန် ရှင်းလင်းမည်ဖြစ်ပြီး ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရန်ကိုလည်း ရည်ရွယ်ကြောင်း ဦးဝင်းချိုက ဆိုသည်။

“လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှာပါ”ဟု ယင်းလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများကလည်း ဧရာဝတီမြစ်ဆုံတွင်ရေကာတာ တည်ဆောက်ခြင်းအား လက်မှတ်ရေးထိုး ကန့်ကွက်သည့် စီမံကိန်းအား သြဂုတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံအနှံ့အပြားတွင် စတင်နေပြီဖြစ်သည်။

YC(KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“Exchange rate က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခု ဖြစ်တော့ ဒီကိစ္စကို အထူး အလေးထား ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားနဲ့ နေ့စဉ်လူမှု စီးပွားဘဝတွေမှာ ထိခိုက်မှု မရှိစေဖို့ ဦးစားပေးပြီး IMF နဲ့ ပူးပေါင်း ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ဆောင်ရွက် ရင် FEC ရုပ်သိမ်းရေးကိစ္စလည်း အလိုအလျောက်ပါသွားမှာဖြစ်ပါတယ်။ အဲဒီလို ရုပ်သိမ်းတဲ့အခါ FEC လက်ဝယ်ရှိတဲ့ နိုင်ငံသားများ နစ်နာမှုမရှိဖို့ FEC အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာဖြစ်စေ ဒါမှမဟုတ် အဲဒီ အချိန်မှာ သတ်မှတ်ထားတဲ့ပေါက်ဈေးနဲ့ ညီမျှတဲ့ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါ တယ်”

သြဂုတ် ၁၇ ထုတ် Weekly ELEVEN အတွဲ (၁၆) အမှတ် (၄၆) တွင်ပါသည့် “FEC ကို ရုပ်သိမ်းမည်ဆိုပါက လက်ဝယ်ရှိသူများ မနစ်နာစေရန် အမေရိကန်ဒေါ်လာ သို့မဟုတ် ပေါက်ဈေးနှင့်ညီမျှသည့် ကျပ်ငွေဖြင့် လဲပေးမည်” သတင်းမှ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လက်ရှိစာအုပ်စနစ်မှာက အားနည်းချက်အများကြီးရှိတယ်။ အွန်လိုင်းစနစ်နဲ့ ထိန်းချုပထားတယ်ဆိုပေမယ့် ဆီဆိုင်တွေ က ဝန်ထမ်းအချို့ကပါ မသမာမှုမှာ ပါဝင်လာတဲ့အတွက် ဓာတ်ဆီလေလွင့်မှုတွေရှိတယ်။ ယာဉ်တစ် စီးကို တစ်ရက် ၂ ဂါလံ သတ်မှတ်ထားတဲ့ အခြေအနေမှာ အပြင်ဆီ ဈေးကျတဲ့ရက်မှာ မထုတ်ဘဲနဲ့ ဆီဈေးတက်တဲ့ရက်မှာ ပေါင်းထုတ်တယ်။ ဆိုင်က ဝန်ထမ်းနဲ့ ပေါင်းပြီးထုတ်တဲ့အတွက်ထုတ်လို့ရသွားတော့ အငြင်းပွားမှုတွေဖြစ်လာတယ်။ တစ်ပေါင်းတည်း ဂါလံ အများကြီး ထုတ်တဲ့အတွက် ဆီလာမထုတ်တဲ့ ယာဉ်နံပါတ်တွေပါ ဆီထုတ်ထားတဲ့စာရင်းတွေထဲ ပါကုန်ရော။ အဲဒီ အငြင်းပွားမှု အပြင် ဆီစာအုပ်အပိုကိစ္စတွေ၊ အတုကိစ္စ တွေပါရှိနေတယ်”

သြဂုတ် ၁၅ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၃) တွင်ပါသည့် “ဓာတ်ဆီယာဉ်များ ဆီစာအုပ်အစား Smart Card များဖြင့် ပြောင်း လဲသုံးစွဲရတော့မည်” သတင်းဆောင်ပါးမှ စက်သုံးဆီအရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရသစ်က တိုင်းပြည်ကိုပိုပြီးတော့ ဘယ်လိုကောင်းအောင်လုပ်ပေးရမလဲဆိုတာတွေကို မစဉ်းစားဘဲနေလို့ မရတော့ဘူး။ အချိန်နဲ့ အနေအထားက သူတို့ကို တွန်းအားပေးပြီးတော့ ဘယ်လိုကောင်းအောင် လုပ်ပေးရမလဲဆိုတာတွေကို မစဉ်းစားဘဲနေလို့ မရတော့ဘူး။ အချိန်နဲ့ အနေအထားက သူတို့ကို တွန်းအားပေးပြီးတော့ ရှေ့ခရီးကိုနှင်အောင် ခေါ်သွားလိမ့်မယ်လို့ ယူဆတယ်။ လယ်ယာမူဝါဒဟာ မပြင်လို့မရဘူး။ သမ္မတ ကိုယ်တိုင်က လယ်ယာကဏ္ဍကို မြင့်တင် ရန်နဲ့ ဆင်ရဲနွမ်းပါးမှုပပျောက်ရေးကို လုပ်တဲ့အခါပြင်ရမှာဖြစ်တယ်။ နိုင်ငံရေးပတ်ဝန်းကျင်၊ ကုန်သွယ်မှု ပတ်ဝန်းကျင်၊ နိုင်ငံတကာပတ်ဝန်းကျင်အရ ပြင်ရမယ်ဆိုတာကို အစိုးရအဖွဲ့က နားလည်တယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဥက္ကဋ္ဌတွေလည်း နားလည်မယ်လို့ ယူဆထားတဲ့အတွက် အခုလွှတ်တော်ကတော့ ပြီးခဲ့တဲ့လွှတ်တော်ထက်တော့ အများကြီး သာသွားလိမ့်မယ်။ အခြေအနေသစ်တစ်ရပ်ကိုတော့ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်တယ်”

သြဂုတ် ၁၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၀) တွင်ပါသည့် “ပြည်သူတွေ ဘာတွေမျှော်လင့်နိုင်မလဲ” သတင်းမှ အမျိုးသား ဒီမို ကရေစီအင်အားစုပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသည် ကိုယ်ပိုင်အထူးကု သမားတော်များအား လေ့ကျင့်ပျိုးထောင်မွေးထုတ်ခြင်း မရှိဘဲ၊ နာမည်ရ လုပ်သက်ရင့် အစိုးရ ဆရာဝန်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများကိုသာ အားကိုးဖွင့်လှစ်နေခြင်း ဆေးခန်းများ၏ အားနည်းချက် ဖြစ်နေကြောင်း၊ တိုင်းကျန်းမာရေးဦးစီးဌာနမှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့အတွက်ကြောင့် လူအများအနေဖြင့် ရောဂါအခြေအနေအရ တစ်စုံတစ်ရာဖြစ်လာသည့်အခါတွင် ကျွမ်းကျင်မှု မရှိသေးသော ဆရာဝန်လောင်း (သို့) နာ့စ်များကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနေရကြောင်း သိရသည်။

သြဂုတ် ၁၈ ထုတ် The Envoy အတွဲ(၂) အမှတ် (၁၇) တွင်ပါသည့် “ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ကျွမ်းကျင် ဆရာဝန် များ ပုံမှန်မရှိသော ကြောင့် မလိုလားအပ်သော ပြဿနာများ ကြုံတွေ့နေရ” သတင်းမှ ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ကားလမ်းတွေပေါ်က လူ့အခွင့်အရေးကိစ္စ

မောင်းဆက်

(သြဂုတ်၁၈ ထုတ် ပြည်သူ့ခေတ် အတွဲ(၂) အမှတ်(၅၆) မှ ထုတ်ယူဖော်ပြပါသည်။)

လူတွေဟာ ကိုယ့်ကုသိုလ်ကံနှင့် ကိုယ်မွေးဖွားလာခဲ့ကြတာဖြစ်သည်။ တစ်ချို့က မွေးလာကတည်းက ရွှေဇွန်း ကိုက်မွေးခဲ့တာဖြစ်သည်။ တချို့က သူများထမင်းကျန်ဟင်းကျန်ကို တစ်စစီ ကောက်စားနေရသည်။ မည်သည့် မိဘ၏ ဝမ်းကြာတိုက်မှာ သန္ဓေတည်ရမည် ဆိုတာကို ဘယ်သူမှမသိ။ ဘယ်သူကမှာလည်း ဘယ်လိုမိဘဆီမှာ သန္ဓေတည်ဖို့ အတွက် တောင်းဆိုလို့မရ။

လူတွေ မွေးဖွားလာကြသည်။ တချို့ကချမ်းသာ၊ တစ်ချို့ဆင်းရဲ။ တချို့ဖြူ၊ တချို့မည်း။ တချို့က ယောက်ျားအဖြစ်၊ တချို့က မိန်းမ။ တချို့က လူနည်းစုဝင် တိုင်းရင်းသား၊ တချို့က ပင်မ လူမျိုးကြီးအစု။ တချို့က တောင်ပေါ်သား၊ တချို့က မြေပြန့်သား၊ တချို့က ဉာဏ်ရည်မြင့်၊ တချို့ ပညာသင်ကြား လို့မရ။ တချို့က ကိုယ်ခန္ဓာသန်စွမ်း၊ တချို့ကြုံလှီ။

ဘယ်လိုမှ မတက်နိုင်သော ဘဝပေးအခြေအနေ အမျိုးမျိုးအရ တစ်မျိုးစီ မတူကွဲပြား မွေးဖွားခဲ့ကြသည်။ ဒါပေမဲ့ အားလုံးမှာ တူညီသော အခွင့်အရေးတော့ ရှိပါသည်။

အဲဒါက သူတို့ရဲ့ မွေးရာပါ အခွင့်အရေး။ မွေးရာပါရပိုင်ခွင့်။

လူတိုင်းမွေးဖွားလာပြီဆိုလျှင် လွှတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့် ရှိပြီးသားဖြစ်သည်။ မွေးကင်းစကလေးပဲဆိုပြီး မြောင်းထဲ စွန့်ပစ်လို့မရ။ ဉာဏ်မမီလို့ဆိုပြီး မြေမြှုပ်ပစ်လို့မရ။

တရားဥပဒေ၏ အဆုံးအဖြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ သူ၏ အသက်ရှင်မှု၊ နေထိုင်မှု အခွင့်အရေးကို တားဆီးလို့မရ။ သူ၏ အခြားသော ကိုယ်ပိုင် လွတ်လပ်ခွင့်များကို တားဆီးလို့မရ။ သူ၏ လူတစ်ယောက်အဖြစ် တည်ရှိနေသော ဂုဏ်သိက္ခာကို ထိပါးစော်ကားလို့မရ။

ချမ်းသာနေလို့ ဆင်းရဲသူကို ဖိနှိပ်ပိုင်ခွင့်မရှိ။ အသားဖြူနေလို့ အသားမည်းသူကို နှိပ်စက်ပိုင်ခွင့်မရှိ၊ လူအများစုဝင် လူမျိုးဖြစ်နေလို့ လူနည်းစု လူမျိုးများပေါ်မှာ အခွင့်အရေးပိုယူခွင့် မရှိ။ လုပ်ပိုင်ခွင့်ရှိနေလို့ အားနည်းသူကို စော်ကားပိုင်ခွင့် မရှိ။ ယောက်ျားဖြစ်လို့ မိန်းမတွေကို နှိမ့်ချပိုင်ခွင့်မရှိ။ လူတွေ ဟာ လူတွေပဲ ဖြစ်သည်။ လူမှာ သူ၏ဂုဏ်သိက္ခာနှင့် သူရှိသည်။ ဆင်းရဲလို့၊ ချမ်းသားလို့၊ ဖြူလို့မည်းလို့၊ အာဏာရှိလို့ အာဏာမဲ့လို့၊ လူ မျိုးချင်းမူတညီလို့၊ ဘာသာချင်းမတူလို့။ ယောက်ျားဖြစ်လို့။ မိန်းမဖြစ်လို့ ခွဲခြားလို့မရ။ ဘယ်သူကမှ ဘယ်လိုအကြောင်းနှင့်ဖြစ်စေ အခြားတစ်ဦးကို စော်ကားခွင့်မရှိ။ ဘယ်သူကမှ တခြားတစ်ယောက်၏ အသက်ကို ရန်ရှာခွင့်မရှိ။

လူတစ်ယောက်၏ ရပ်တည်နေမှု၊ အသက်ရှင်သန် နေထိုင်မှုနှင့်သူ၏ ဂုဏ်သိက္ခာကို လေးစားဖို့ လိုသည်။ လူအချင်းချင်းလေးစားမှုရှိဖို့လိုသည်။ ဒါက အခြေခံမူပဲဖြစသည်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အသား အရောင်၊ လိင်၊ ဆင်းရဲ ချမ်းသာ၊ အာဏာရှိ အာဏာမဲ့။ လုပ်ပိုင်ခွင့်ရှိ လုပ်ပိုင်ခွင့်မဲ့၊ လူမျိုးကြီး လူမျိုးငယ်စသည့် အကြောင်းအခြင်းအရာ အမျိုးမျိုးပေါ် မူတည်၍ ဖိနှိပ်မှုတွေ၊ စော်ကားမှုတွေ၊ နှိမ့်ချမှုတွေ၊ ထိပါးမှုတွေ၊ တားဆီး ပိတ်ပင်မှုတွေ အများအပြား ရှိနေသည်။

မေးခွန်းက- ဖိနှိပ်ခံနေရသူများ၊ စော်ကားခံနေရသူများ၊ ထိပါးခံနေရသူများကို ဘယ်လို အကာအကွယ် ပေးမည်လဲဆိုတာ ဖြစ်သည်။ ဒါက လူ့အဖွဲ့ အစည်းတစ်ခုလုံးရဲ့ တာဝန်ဖြစ်သည်။ အစိုးရမှာ လုပ်ပိုင်ခွင့်ရှိသည်။  အာဏာရှိသည်။ တရားဥပဒေကို မြဲမြဲစွဲကိုင်၍ ပြည်သူလူထုကို ကာကွယ်နိုင် သောအခွင့်အကုန်ရှိသည်။ တိုင်းပြည်ကဏ္ဍရှိသည်။ ငွေရှိသည်။ အုပ်ချုပ်ရေး ယန္တရားကြီးရှိသည်။ ရဲတွေရှိသည်။ ဝန်ထမ်းတွေရှိသည်။ တရားစီရင်ရေး စနစ် ရှိသည်။

အသေးအဖွဲလေးမျှသာဟု ထင်ရသော ဥပမာတစ်ခုပေးချင်ပါသည်။ မနေ့က ရွှေဂုံတိုင် မီးပွိုင့်လမ်းဆုံတွင် ညကိုးနာရီခွဲသာသာမှာ ပါရမီ ဘတ်စ် ကားကြီးနှစ်စီး အပြိုင်မောင်းနေကြတာ တွေ့လိုက်သည်။ တစ်စီးက လမ်းဆုံ၏ ညာဘက်ခြမ်းသို့ ချိုးကွေ့လိုက်ပြီး ဟိုဘက်အတွင်းကွေ့လမ်းမှ ညာတစ်ခါ ပြန်ကွေ့ခြင်းဖြင့် မီးနီကို ကျော်သွားခြင်းဖြစ်သည်။ ရှိသမျှသော ယာဉ်စည်းကမ်း အားလုံးကို ချိုးဖောက်သွားခြင်းဖြင့်  မီးနီကိုကျော်သွားခြင်းဖြစ်သည်။ ရှိသမျှသော ယာဉ်စည်းကမ်း အားလုံးကို ချိုးဖောက်သွားခြင်းဖြင့် လမ်းပေါ်မှာ ရှိနေသော ကားများ၊ လမ်းဘေး လူသွားစင်္ကြပေါ်က လူများ အထူးသဖြင့် သူ၏ ဘတ်စ်ကားပေါ်မှာ ပါလာသော ခရီးသည်များ အားလုံးကို စော်ကားသွားသည်။ အကျယ်ချဲ့တွေးလျှင် ချမှတ်ထားသော ဥပဒေများ၊ ဥပဒေဝန်ထမ်းများ အပါအဝင် အစိုးရတစ်ရပ်လုံးကိုပါ ထိပါးသွားတာပဲဖြစ်သည်။ သူ၏ လက်ထဲမှာရှိနေသော လုပ်ပိုင်ခွင့်၊  မောင်းပိုင်ခွင့်၊ ရပ်ပိုင်ခွင့်၊ ကွေ့ပိုင်ခွင့် အားလုံးကို အလွဲသုံးပြီး စော်ကားထိပါး သွားသည်။ တစ်ခါကလည်း ပြည်လမ်းနှင့် ပါရမီလမ်းဆုံမှာ ဘတ်စ်ကားများက ဘယ်ဘက်အစွန်ဆုံး ကွေ့လမ်းမှနေ၍ အတင်း ကျော်ကာ ရှေ့တည့်တည့် မောင်းထွက်ကြသည်။ အမှန်က ဘတ်စ်ကားများမှာ ညာဘက်အစွန်လမ်းမှသာ မောင်ခွင့် ရှိပါသည်။ ခုတော့ အလယ်လမ်းက တောင် မဟုတ်၊ ဘယ်ဘက်ကွေ့လမ်းကနေ မောင်းကြတာဖြစ်သည်။ ကွေ့လမ်းမီးစိမ်းတော့ သူတို့က ရှေ့ကပိတ်နေသည်။ သူက ရှေ့တည့်တည့် သွားမည်ဆိုတာ ရှေ့မီးနီတာကို စောင့်နေရသည်။ သူတို့ ဘတ်စ်ကားသုံး စီးလောက်၏ နောက်က ကိုယ်ပိုင် ကားတစ်စီးက ဟွန်းတီးပြီး လမ်းထောင့်မှာ ရှိသော ယာဉ်ထိန်းရဲများကို လှမ်း ပြသည်။ ခင်ဗျားတို့ အရေးမယူ ဘူးလား ဟူသောသဘော။ ရဲများက မသိသလို၊ မသိလိုက် မသိဘာသာပင်။

ဒါတွေက တကယ်တော့ မကြီးကျယ်လှသလိုဖြစ်နေသည်။ နောက်ပြီး ဒါက ရန်ကုန်မြို့သူမြို့သားများအဖို့ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စလိုပင် ဖြစ်နေပြီ။ လက်တွေ့မှာ လူတွေ၏ အသက်ရှင်သန် နေထိုင်ခွင့်တွေကို ထိပါးနေတာ ဖြစ်သည်။  တရားဥပဒေကို ချိုးဖောက်နေတာဖြစ်သည်။ ရဲများ၊ ဥပဒေကို  ထိန်းသိမ်းရမည့်သူများက မနိုင်တာလား။ ဗိုလ်အောင်ဒင် ရုပ်ရှင်ခေတ်ကတော့၊ ရဲတွေ ဘာလုပ်နေကြသလဲဆိုသော ခေါင်းစီဖြင့် သတင်းစာမှာ ဖတ်ရနိုင်သည်။ ရဲတွေမှာ တာဝန်ရှိတာလား၊ သူတို့၏ အထက်အဆင့်ဆင့်မှာ တာဝန်ရှိကြသည် လား၊ ပြည်သူလူထုကတော့ မသိပါ။ ဒီလို လက်လွတ်စပယ် သောင်းကျန်းနေလေ့ရှိသော လမ်းဆုံမီးပွိုင့် ၂၀ လောက်ကို တစ်နေကုန်စောင့်ပြီ အရေးယူလိုက်လို့ မရဘူးလား။ ဒါက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်တာပဲဖြစ်သည်။ လူလူချင်းထိပါး စော်ကား နေတာကို ကာကွယ်တာပဲဖြစ်မည်။

တိုင်းပြည် တစ်ပြည်လုံးနှင့် ယှဉ်ပြောလျှင် အသေးအဖွဲမျှသာဟု ဆိုရမည်လား။ သို့ပေမယ့် လူတွေ နေ့စဉ်နေ့တိုင်း နည်းမျိုးစုံဖြင့် အစော်ကား အထိပါး ခံနေရတာတောအမှန်။ ဒါတွေအတွက် အပြစ်ဒဏ်ပေးခြင်း နည်းတစ်ခုတည်းနှင့် ပြေလည်သွားမည်လို့တော့ မထင်ပါ။ သို့သော် ဖြေရှင်းပေးဖို့တော့ လိုတာအမှန်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment