Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၉.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သမ္မတက ထုတ်ဖော်ပြောကြား (Associated Press မှ 18 August 19, 2011 ရက်စွဲပါ "Myanmar's President says country facing hardship" သတင်းကို ဘာသာပြန် ဆိုသည်။)
  2. ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရပ်ဆိုင်း (18 August 19, 2011 ရက်စွဲပါ BBC News မှ Vietnam halts anti-China protests ကို ဘာသာပြန်ပါသည်။)
  3. မြန်မာ- တရုတ် ရေနံ နှင့် ဓါတ်ငွေ့ပိုက်လိုင်း ဂဟေဆက်ခြင်း စတင် (Pipelines International မှ 17 Aug 2011 ရက်စွဲပါ “ Welding on Myanmar- China oil and gas pipeline commences ” သတင်းကို ဘာသာ ပြန်ဆိုသည်။)
  4. မြန်မာအစိုးရ က လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေး စကားပြောရန် တောင်းဆို (18 Aug 2011 ရက်စွဲပါ BBC News မှ Burma calls for peace talks with armed rebels groups  ကို ဘာသာ ပြန်ဆိုသည်။)
  5. မြောက်ကိုရီးယားကို ဦးတည်သည့် စစ်ရေးလေ့ကျင့်မှုအမေရိကန်နှင့်တောင်ကိုရီးယားပူးတွဲပြုလုပ် (AP သတင်းကို ဘာသာပြန် ဆိုသည်။)

 

*************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သမ္မတက ထုတ်ဖော်ပြောကြား

(Associated Press မှ 18 August 19, 2011 ရက်စွဲပါ "Myanmar's President says country facing hardship" သတင်းကို ဘာသာပြန် ဆိုသည်။)

ပြည်တွင်းကျပ်ငွေ ခိုင်မာလာခြင်းက စီးပွားရေးကဏ္ဍကို ထိခိုက်နစ်နာစေပြီး အကယ်၍သာ အမေရိကန်ဒေါ်လာ တန်ဖိုး ဆက်လက် ကျဆင်း   လာပါက အထည်ချုပ်စက်ရုံများ လုပ်ငန်းပိတ်သိမ်းမှုနှင့် ရင်ဆိုင်ကြရဖွယ်ရှိသည်ဟု သမ္မတက ပြောကြားလိုက်ပါသည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပြည်တွင်း လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို မိန့်ခွန်းပြောကြားရာတွင် သမ္မတဦးသိန်းစိန်က အမေရိကန် တစ်ဒေါ်လာလျှင် ၈၀၀ကျပ် မှ ၇၅၀ကျပ်သို့ ကျဆင်းသွားမှုကြောင့် မြန်မာ ပို့ကုန် လုပ်ငန်းရှင် များကို ထိခိုက်နစ်နာသွားစေသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့သော စက်ရုံများအနေဖြင့် အလုပ်သမားထောင်နှင့်ချီ၍ အလုပ်ရပ်ဆိုင်းရဖွယ်ရှိနေပြီး လယ်သမားများနှင့် အထည်ချုပ်စက်ရုံများ လွန်စွာ အထိနာခဲ့သည်ဟု သမ္မတက မိန့်ခွန်းပြောကြားခဲ့ခြင်းကို ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

တပ်မတော် ကျောထောက်နောက်ခံ အစိုးရက စီမံအုပ်ချုပ်နေသော နိုင်ငံတွင် စီးပွားရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ယခုကဲ့သို့ ၀န်ခံ ပြောကြားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စီးပွားရေးကို အစိုးရက ထိန်းချုပ်ထားခြင်းနှင့် နိုင်ငံတကာ အရေးယူ ဒဏ်ခတ်၊ ပိတ်ဆို့မှုများကြောင့် ယခုအခါ ကမ္ဘာတွင် ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ပြဿနာများ ပြေလျော့သွားစေရန် အတွက် ဆန်၊ ပဲအမျိုးမျိုး၊ ရာဘာ၊ ငါးနှင့် အခြားရေထွက်ကုန်များ အပါအ၀င် ပို့ကုန်အမည်အချို့ပေါ်တွင် အစိုးရက ပို့ကုန်အခွန်များ ဖယ်ရှား ပေးခဲ့သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။

ထို့ပြင် ပြဿနာများ ပြေလည်စေမည့် နည်းလမ်းများ၊ အဖြေများကိုလည်း ကြိုးစားရှာဖွေနေသည်ဟု သမ္မတက ပြောကြားခဲ့သည်။

မြန်မာတပ်မတော် ခေါင်းဆောင်များက နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်ထားရန် ရည်ရွယ်သော်လည်း လှည့်စားမှုဟု ကမ္ဘာက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည့် မနှစ်က ရွေးကောက်ပွဲများအပြီး ပြီးခဲ့သော မတ်လတွင် တပ်မတော်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သော အစိုးရ အဖွဲ့သစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ခက်ခက်ခဲခဲ စတင်လျှက်ရှိပြီး အတိုက်အခံများအပေါ် တင်းမာသည့် သဘောထားကိုလည်း အတော်အတန် ဖြေလျှော့ ပေးခဲ့သည်။

ထို့ပြင် အမျိုးသား အကျိုးစီးပွား နယ်ပယ်အတွင်းမှ တူညီသော ရည်မှန်းချက် ပန်းတိုင်များအတွက် အတူတကွ လုပ်ဆောင်ကြရန် အမြင် သဘောထား မတူညီသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း မိမိတို့အစိုးရက ဖိတ်ခေါ်ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အကြောင်းကြောင်းကြောင့် ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများ ပြန်လာချင်ပါကလည်း အစိုးရက စဉ်းစားပေးမည်ဟု သမ္မတက ဆိုသည်။

မနှစ်က နိုဝင်ဘာတွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော် တွင် သြဂုတ် ၁၉ မှ ၂၁ အထိ ကျင်းပရန်စီစဉ်ထားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ဖိုရမ်သို့ တက်ရောက်ရန် အစိုးရက ဖိတ်ခေါ်ထားသည်ဟု သိရှိရသည်။

နောက်ထပ်အလျော့ပေးသည့် လက္ခဏာတစ်ခုမှာ နိုင်ငံခြား မီဒီယာများကို တိုက်ခိုက်ထားသည့် ၀ါဒဖြန့် စာတမ်းများကို နိုင်ငံပိုင်သတင်းစာ ၃ စောင်၏ နောက်ကျောဖုံးများ မှ ယခုသီတင်းပတ်တွင် ဖယ်ရှားလိုက်သည့် လုပ်ရပ်ပင်ဖြစ်သည်။

*************************************************************************************

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရပ်ဆိုင်း

(18 August 19, 2011 ရက်စွဲပါ BBC News မှ Vietnam halts anti-China protests ကို ဘာသာပြန်ပါသည်။)

မြို့တော် ဟနွိုင်းတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရပ်ဆိုင်းရန် ဗီယက်နမ်အစိုးရက အမိန့်ထုတ်ခဲ့သည်။

ဆန္ဒပြမှုများမှာ တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုများကြောင့် တင်းမာမှုများ မြင့်တက်နေချိန် ဇွန်လတွင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ဟနွိုင်းမြို့၌ တနင်္ဂနွေများတွင် စုဝေးခဲ့ကြပါသည်။သို့သော် အစိုးရက ပြောကြားရာတွင် ဆန္ဒပြမှုများ ရပ်ဆိုင်းရမည် ဖြစ် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်း၊ပြည်ပမှ လူများသည် လူစုလူဝေးကို အသုံးချ၍ ကွန်မြူနစ်စနစ် အုပ်စိုးမှုကို ဆန့်ကျင်ရန် ပြုလုပ်နေခြင်း ကြောင့်ဟု ဆိုသည်။

ကြေညာချက်တွင် ဟနွိုင်းပြည်သူ့ကော်မတီက ပြောကြားရာတွင် အတိုက်အခံ အင်အားစုများသည် အပတ်စဉ် ဆန္ဒပြမှုများအား အသုံးချ၍ အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်နေသည်ဟု ပြောသည်။အမိန့်မလိုက်နာသူများအား ရဲက အရေးယူလိမ့်မည်ဟု ကြေညာချက် တွင် ဖော်ပြထားသည်။

ကွန်မြူနစ်ပါတီ တစ်ခုတည်းက အုပ်ချုပ်သော ဗီယက်နမ်တွင် လူထုဆန္ဒပြပွဲများမှာ ရှားရှားပါးပါးဖြစ်သည်။ မေလ (၂၆) ရက်နေ့က အဖြစ်အပျက် အပြီး တရုတ်နှင့် ဗီယက်နမ်ကြားတွင် တင်းမာမှုများ မြင့်တက်ခဲ့ပါသည်။ ဟနွိုင်းက စွပ်စွဲပြောကြားရာတွင် ဗီယက်နမ်တောင်ဖက် ဗဟိုကမ်းရိုးတမ်းမှ ၁၂၀ ကီလို (မိုင် ၈၀) အကွာတွင် ဆိုက်စမစ်တိုင်းထွာနေသော ဗီယက်နမ်သဘောင်္မှ ကေဘယ်ကြိုးများကို တရုတ်ကင်းလှည့်ရေယာဉ်က ဖြတ်တောက်ခဲ့သည်ဟု ဆိုပါသည်။

တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အတွက် အငြင်းပွားနေသည်မှာ ရာစုနှစ်များစွာ ရှိနေပြီ ဖြစ်ပါသည်။ တရုတ်က ဧရိယာ အများဆုံး တောင်းဆိုလျက်ရှိပြီး ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် တိုင်ဝမ်တို့ကလည်း တောင်းဆိုလျှက်ရှိပါသည်။

*************************************************************************************

မြန်မာ- တရုတ် ရေနံ နှင့် ဓါတ်ငွေ့ပိုက်လိုင်း ဂဟေဆက်ခြင်း စတင်

(Pipelines International မှ 17 Aug 2011 ရက်စွဲပါ “ Welding on Myanmar- China oil and gas pipeline commences ” သတင်းကို ဘာသာ ပြန်ဆိုသည်)

China National Petroleum Corporation CNPC က မြန်မာ- တရုတ် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်း၏ မြန်မာနိုင်ငံဖက်အပိုင်း ဂဟေဆော်ခြင်း လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကို မန္တလေးမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည် ဟု သိရှိရသည်။

ယခုကဲ့သို့ အိမ်နီးခြင်း နှစ်နိုင်ငံအကြား သွယ်တန်းမည့် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ခြင်းသည် မြန်မာ- တရုတ် ပိုက်လိုင်း စီမံကိန်းတွင် အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သည်။ အဆိုပါ ပိုက်လိုင်းများသည် မြန်မာအနောက်ဖက် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူဆိပ်ကမ်းတွင် အစပြုကာ နယ်ခြား ယူနန်ပြည်နယ် ရွှေလီမြို့တွင် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။

စုစုပေါင်း ကီလိုမီတာ ၂၅၀၀ ခန့် သွယ်တန်းမည့် ဓါတ်ငွေ့ပိုက်လိုင်းတွင် မြန်မာနိုင်ငံတွင်း ၇၉၃ ကီလိုမီတာနှင့် တရုတ်နိုင်ငံတွင်း ၁၇၂၇ ကီလို မီတာ ပါဝင်ပြီး ဓါတ်ငွေ့ 10.13 Bcm/ a နှုန်းဖြင့် သယ်ဆောင်ရန် ဒီဇိုင်းထုတ် တည်ဆောက်မည်ဟု သိရသည်။

ခန့်မှန်းခြေ ၂၄၀၂ ကီလိုမီတာရှည်သော ရေနံစိမ်း ပိုက်လိုင်းမှာမူ မြန်မာနိုင်ငံတွင်း ၇၇၁ ကီလိုမီတာနှင့် တရုတ်နိုင်ငံတွင်း ၁၆၃၁ ကီလိုမီတာ ဖြတ်သန်းကာ ရေနံစိမ်း 22 MMt/ a နှုန်းဖြင့် သယ်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

တရုတ်အစိုးရ ရေနံကုမ္ပဏီ CNPC ၏ အဆိုအရ အဆိုပါ ပိုက်လိုင်းများသည် တရုတ်ပြည် အနောက်တောင်ပိုင်း စွမ်းအင် မလုံလောက်မှု လျှော့ချ ရေးနှင့် စွမ်းအင် အဆောက်အအုံ တိုးတက်ရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေသည့်အပြင် သန့်ရှင်းသော စွမ်းအင် ဖြည့်ဆည်းရေး၊ စီးပွားရေးဖွံ့ဖြိုးမှု အားပေးမြှင့်တင်ရေး၊ ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် များစွာ အထောက်အကူပြုလိမ့်မည် ဟု သိရှိရသည်။

*************************************************************************************

မြန်မာအစိုးရ က လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေး စကားပြောရန် တောင်းဆို

(18 Aug 2011 ရက်စွဲပါ BBC News မှ Burma calls for peace talks with armed rebels groups  ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသား သူပုန်အုပ်စုများအား ငြိမ်းချမ်းရေးအတွက် စကားပြော ကြရန် တိုက်တွန်းခဲ့ကြသည်။

ရုပ်မြင်သံကြား ကြေညာချက်တွင် သူပုန်အုပ်စုများသည် သက်ဆိုင်ရာ ဒေသဆိုင်ရာ အစိုးရများနှင့် ဆက်သွယ်၍ စတင် စကားပြောကြရန် တိုက်တွန်းခဲ့သည်။

အစိုးရ က ပြောကြားရာတွင် ၎င်းသည် ငြိမ်းချမ်းရေး ကိစ္စအတွက် သူပုန်အုပ်စုများနှင့် ညှိနှိုင်းရန် အဖွဲ့တစ်ခု ဖွဲ့စည်းမည်ဟု ဆိုသည်။

ယခု လုပ်ဆောင်ချက်သည် အမည်ခံ အရပ်သားအစိုးရ အနေဖြင့် ၎င်း၏ သဘောထား တင်းမာသော ပုံရိပ်ကို ပြောင်းလဲရန် ကြိုးစားမှုအတွက် မကြာမီက လုပ်ဆောင်သော လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။

တိုင်းရင်းသား စစ်တပ်အချို့သည် ဗဟိုအစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားမှုမှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။

“ ငြိမ်းချမ်းရေး အတွက် စကားပြောလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများထံ ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ကြေညာချက်အား အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က ပြောသည်။

အချို့ တိုင်းရင်းသား သူပုန်အုပ်စုများသည် အစိုးရနှင့် ဆက်သွယ်ပြီး ဖြစ်သည်။ ယခုကဲ့သို့ လူသိရှင်ကြား ရှားရှားပါးပါး လုပ်ဆောင်ချက်သည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ထံသို့ ငြိမ်းချမ်းရေးအတွက် ကြားဝင် ဆောင်ရွက်ပေးရန် အဆိုပြုသည့်စာ ရေးသား ပေးပို့ပြီး သုံးပတ်အကြာတွင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ် ပြည်ထောင်စု လက်အောက်တွင် အနည်းဆုံး တိုင်းရင်းသားအုပ်စု သုံးခုခန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေး ကို ထောက်ခံ ပြောဆိုခဲ့သည်။

ယခု လုပ်ဆောင်ချက်မှာ နိုင်ငံပိုင်သတင်းစာများတွင် ကာလရှည်ကြာ ထည့်သွင်းလာသော BBC နှင့် အခြား နိုင်ငံတကာ အသံလွှင့်ဌာနများ အပေါ် တိုက်ခိုက်သည့် စာများအား ဖြုတ်ပေးခဲ့ပြီး ရက်မကြာမီနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မလာရောက်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Tomas Ojea Quintana သည် မြန်မာနိုင်ငံသို့ လာမည့်အပတ်တွင် လာရောက်မည် ဖြစ်ပြီး အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံမည် ဖြစ်ရာ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံနိုင်မည်ဟု မျှော်လင့်နေသည်။

မြန်မာစစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ မှ စတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) နှင့်လည်းကောင်း၊ ရှမ်းပြည် တပ်မတော် ( SSA ) နှင့်လည်းကောင်း တိုက်ခိုက်လျက် ရှိသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးမဟာမိတ် တရုတ်နှင့် နယ်စပ်ခြင်း ထိစပ်လျက် ရှိသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်းနိုင်ငံနယ်စပ်တွင်လည်း မြန်မာစစ်တပ်သည် မွန်သူပုန်များနှင့် လည်းကောင်း၊ ကရင် KNU နှင့် လည်းကောင်း တိုက်ပွဲများ အချို့ ဖြစ်ပွား ခဲ့သည်။

*************************************************************************************

 

မြောက်ကိုရီးယားကို ဦးတည်သည့် စစ်ရေးလေ့ကျင့်မှုအမေရိကန်နှင့်တောင်ကိုရီးယားပူးတွဲပြုလုပ်

AP သတင်းကိုဘာသာပြန်ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက သံတမန်ဆက်ဆံရေးပြတ်တောက်နိုင်ပြီး ကိုရီးယားကျွန်းဆွယ်ဒေသတွင်း စစ်မက် ဖြစ်ပွားသည်အထိ ဖြစ်စေနိုင်သည် ဟု သတိပေးထားသည့် စစ်ရေးလေ့ကျင့်မှုကြီးအား အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ကာ ပူးတွဲပြု လုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

လအတန်ကြာ ရန်ပြုမှုများနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် တောင် - မြောက် ကိုရီးယားနှစ်နိုင်ငံမှ သံတမန် ကြီးများသည် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားဦး တည်ချက်များ စွန့်လွှတ်လာအောင် ပြုလုပ်နိုင်မည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ယခုတောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ၁၁ ရက်ကြာမျှ ပူးပေါင်း လုပ်ဆောင်မည့် Ulchi Freedom Guardian အမည်ရ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက စစ်ရေးခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်နေဆဲပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားဘက်မှ တိုက်ခိုက်လာမှုများကို ဟန့်တားရန် ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ခန့်ကို စစ်အခြေစိုက်စခန်း ဖွင့်ကာ ပုံမှန်ထားရှိသည်။ အမေရိကန် စစ်ဘက်အဆိုအရ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ကိုရီးယား ကျွန်းဆွယ်၊ အမေရိကန် ပြည်ထောင်စုနှင့် ပစိဖိတ် သမုဒ္ဒရာအတွင်းတို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့ကျင့်မှုတွင် တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်း မဟာမိတ်များအား ကူညီသည့်အနေဖြင့် တပ်ဖွဲ့များ စေလွှတ်ခဲ့သည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ တပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်သောင်းကျော် ပါဝင်မည်ဖြစ်သည်။

မဟာမိတ်နိုင်ငံများ ဦးဆောင်လုပ်ကိုင်သည့် မည်သည့် စစ်ရေးလေ့ကျင့်မှုမျိုးကိုမဆို စစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် တံဆိပ်ကပ် ဖော်ပြလေ့ရှိသည့် မြောက်ကိုရီးယားနိုင်ငံက ယခု စစ်ရေးလေ့ကျင့်မှုများကြောင့် ကိုရီးယားကျွန်းဆွယ် ဒေသတင်းမာမှုများ ဒိုင်ယာလော့ခ် ပြုလုပ်ကာ လျှော့ချရေးဆိုင်ရာ သံတမန်ရေး ကြိုးပမ်းချက်များ အနှောက်အယှက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ရက်သတ္တပတ်အတန်ကြာ သတိပေးလာခဲ့သည်။

"ကိုရီးယား ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်သည် ဒိုင်ယာလော့ခ်နှင့် စစ်ပွဲနှစ်ရပ်စလုံးအတွက် အသင့်ဖြစ်နေပါသည်" ဟု မြောက်ကိုရီး ယားနိုင်ငံပိုင် မီဒီယာဖြစ်သော KCNA က သြဂုတ်လ ၁၆ ရက်နေ့တွင် ရေးသားဖော်ပြသည်။ "အဆိုးမြင်သည့်သဘောထားပါရှိသည့် ပရိယာယ်မှလွဲ၍ မည်သည့်အရာကမျှ အများပြည်သူ၏အမြင်နှင့် သဘောထားကို လှည့်စားနိုင်မည်မဟုတ်ပေ" ဟု ဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြောက်ကိုရီးယား စီနီယာသံတမန်တစ်ဦး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ သွားရောက် လည်ပတ်ခဲ့ပြီး အမေရိကန် အရာရှိကြီးများနှင့် တွေ့ဆုံကာ နျူကလီးယားဖျက်သိမ်းပြီး အကူအညီ အထောက်ရရှိရေးဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင် ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်း ဆွေးနွေးမှုသည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်း လုံခြုံရေးဖိုရမ်၌ တောင်- မြောက် ကိုရီးယားနှစ်နိုင်ငံမှ နျူကလီးယားဆိုင်ရာ သံတမန်များ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထိုသို့ သံတမန်ဆက်ဆံမှုများ ရှိထားသည့်တိုင် ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း တင်းမာမှုများမှာ ဆက်လက် ကျန်ရှိနေဆဲပင်ဖြစ်သည်။ တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာနေရခြင်းမှာ ယမန်နှစ်အတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယားကျွန်းပေါ်သို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာတွင် လူလေးဦး သေဆုံးစေခဲ့ခြင်းနှင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘောအား တော်ပိတိုဖြင့်ပစ်ခတ်တိုက်ခိုက်ရာ၌ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရမှုတို့ကြောင့် ဖြစ်သည်။ တောင်ကိုရီးယားက ချိုနန်သင်္ဘောအား တိုက်ခိုက်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး မြောက်ကိုရီးယားကမူ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး James Thurman က ကြေညာချက် ထုတ်ပြန်ရာတွင် ဆိုးလ်နှင့် ဝါရှင်တန်တို့သည် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း မြောက်ကိုရီးယား၏ ရန်စပြုမူမှုမှ ရရှိသော အတွေ့အကြုံများကပေးသည့် သင်ခန်းစာများနှင့် ပြီးခဲ့သည့် စစ်ရေးလေ့ကျင့်မှု များမှ သင်ခန်းစာများကို လေ့လာလျက် ရှိသည်ဟု ဆိုထားသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က "တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ခေတ်ကာလဆီသို့ ရောက်ရှိအောင် လုပ်ဆောင်သွားသင့်သည်" ဟု ဆိုသည်။

 *************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment