Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၀.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံ

(New York Times မှ 19 August 2011 ရက်စွဲပါ “Dissident Meets Leader of Myanmar” ကို ဘာသာပြန်ဆိုသည်)

  1. အဂတိလိုက်စားမှုကို မျိုးဆက်သစ်တို့အတွက် တိုက်ဖျက်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Times of India  မှ 19 Aug 2011 ရက်စွဲပါ “Fight to go on for generations, Says Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြောက်ကိုရီးယားကို ဦးတည်သည့် စစ်ရေးလေ့ကျင့်မှု အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲပြုလုပ်

(AP သတင်းကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံရေးလွတ်လပ်ခွင့်ကို စမ်းသပ်ပြလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်

(AP သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

**********************************************************************************************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံ

(New York Times မှ 19 August 2011 ရက်စွဲပါ “Dissident Meets Leader of Myanmar” ကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသမ္မတနှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်ခဲ့ရာ နိုဝင်ဘာလက အကျယ်ချုပ်မှ သူမလွတ်မြောက်လာပြီး နောက်ပိုင်း အမည်ခံအရပ်ဖက်အစိုးရသစ်နှင့် အမြင့်ဆုံးအဆင့် တွေ့ထိ ဆက်ဆံမှုတစ်ခုပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့သည် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများ တွေ့ရှိရန်အတွက် ရင်းနှီးပွင့်လင်းသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာက သတင်းထုတ်ပြန်ခဲ့ပြီး ခေါင်းဆောင် နှစ်ဦး အပြန်အလှန်နှုတ်ဆက်နေသည့် ဗီဒီယိုကို ပြသခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုသည် တစ်နာရီမျှ ကြာမြင့်ခဲ့ပြီး များစွာအရေးပါ အရာရောက်ခဲ့သည်ဟု အစိုးရတာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ဆက်တိုက် အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာခဲ့ချိန်မှစ၍ အစိုးရနှင့် နိုင်ငံရေးဒိုင်ယာလော့ခ် ဆွေးနွေးရန် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့သူဖြစ်သည်။ အကယ်၍ သူမ၏ ပါတီကသာ မြန်မာအစိုးရနှင့် ပြေပြေလည်လည် အတူတကွ ဆောင်ရွက်လုပ်ကိုင်နိုင်ပြီ ဆိုပါက မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော နိုင်ငံရေးနှင့်စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု Sanctions များကို ရုတ်သိမ်းပေးရန် အနောက်နိုင်ငံများ ကို အားပေး တိုက်တွန်းနိုင်ပေလိမ့်မည်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပထမခြေလှမ်းတစ်ခု ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ်ရှင်းလင်း ပြောကြားရန်ကား ငြင်းဆိုခဲ့သည်။

ဝါရှင်တန်မြို့တော်တွင်လည်း နိုင်ငံရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာ (Mark Toner) က “မြန်မာနိုင်ငံမှ တွေ့ဆုံဆွေးနွေးမှု သတင်းများကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုသည်” ဟု ပြောကြားခဲ့သည်။

“ဒါဟာ အပြုသဘောဆောင်ပြီး အကောင်းဖက်ကို ရောက်လာတဲ့ ခြေလှမ်းတွေပါ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြတဲ့ ပင်ရင်းအဓိက ကိစ္စတွေ တိုးတက်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ ခိုင်မာမြင်သာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပြသခြင်းဖြင့် ပြောထားတဲ့စကားနဲ့ ညီအောင် လုပ်ဆောင်ကြဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ ဆက်လက် တောင်းဆိုတိုက်တွန်းသွားမှာပါ” ဟု မာ့တိုနာကို ဆိုသည်။

သို့သော်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ ဆွေးနွေးရန် ကတိပြုခြင်း ရှိမရှိနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ လူရာ ဝင်ခွင့် ပြန်လည်ရရှိစေမည့် ပြုပြင်ပြောင်းလဲမှု ပုံစံမျိုးကို ဆွေးနွေးရန်ဆန္ဒ ရှိမရှိ ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။

မြန်မာနိုင်ငံတွင် စစ်ဖက်အုပ်ချုပ်သူများ အာဏာ ခြေကုတ်မြဲစေရန်အတွက် နာမည်ခံ အရပ်ဖက်အစိုးရကို ဖန်တီးရန် လှည့်စားမှုတစ်ခုဟု ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများ ဝိုင်းဝန်းရှုတ်ချခဲ့ကြသည့် မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီးတွင် မတ်လကုန်၌ သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ခြင်းဖြစ်သည်။ အခြေခံဥပဒေတွင်လည်း တပ်မတော်ဩဇာ ဆက်၍ လွှမ်းမိုးနိုင်အောင် အသေအချာ ပြုလုပ်ရေးဆွဲထားသည်။

***************************************************************************

အဂတိလိုက်စားမှုကို မျိုးဆက်သစ်တို့အတွက် တိုက်ဖျက်သွားရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(Times of India  မှ 19 Aug 2011 ရက်စွဲပါ “Fight to go on for generations, Says Suu Kyi” သတင်းကို ဘာသာပြန်ဆိုသည်။

                အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားသူ Anna Hazare အတွက် နိုင်ငံတကာ အားပေးထောက်ခံမှုများ ပြသအားဖြည့်နေခြင်းနှင့်အတူ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း Hazare အား အခိုင်အမာ ထောက်ခံအားပေးသူတစ်ဦး ဖြစ်နေသည်ကို တွေ့ရှိရသည်။

                Anna အား ဖမ်းဆီးမှုမတိုင်မှီ Times Now နှင့် သီးခြားပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် က Anna ၏ လှုပ်ရှားမှုသည် မျိုးဆက်များအတွက် ရှေ့ဆက် တိုက်ခိုက်ရလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

                အကျင့်ပျက်ခြစား အဂတိလိုက်စားမှုကို နေရာတကာမှာ မုန်းတီးကြတယ်ဆိုတာကို Anna Hazare ရဲ့ လှုပ်ရှားမှုက ပြသနေပါတယ်ဟု သူမက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ကမ္ဘာတစ်လွှားတွင် အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်နေသူ ပြည်သူများအတွက် ဤအချက်သည် အရေးကြီး သည်ဟု ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုက်ပွဲဝင်နေသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဆိုသည်။

                “အဂတိလိုက်စားမှု ဆန့်ကျင်ရေးတိုက်ပွဲကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း တိုက်ပွဲဝင်သွားကြရမယ်” ဟု သူမက ပြောကြားခဲ့ သည်။

********************************************************************************************

မြောက်ကိုရီးယားကို ဦးတည်သည့် စစ်ရေးလေ့ကျင့်မှု အမေရိကန်နှင့်တောင်ကိုရီးယား ပူးတွဲပြုလုပ်

(AP သတင်းကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံက သံတမန်ဆက်ဆံရေးပြတ်တောက်နိုင်ပြီး ကိုရီးယားကျွန်းဆွယ်ဒေသတွင်း စစ်မက် ဖြစ်ပွားသည်အထိဖြစ်စေနိုင် သည်ဟု သတိပေးထားသည့် စစ်ရေးလေ့ကျင့်မှုကြီးအား အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ကာ ပူးတွဲပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ လအတန်ကြာ ရန်ပြုမှုများနှင့် ခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံမှ သံတမန်ကြီးများသည် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားဦးတည်ချက်များ စွန့်လွှတ် လာအောင် ပြုလုပ်နိုင်မည့် ခြောက်နိုင်ငံဆွေးနွေးပွဲပြန်လည်စတင်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ယခု တောင်ကိုရီးယား နှင့် အမေရိကန်ပြည်ထောင်စုတို့ ၁၁ ရက်ကြာမျှ ပူးပေါင်းလုပ်ဆောင်မည့် Ulchi Freedom Guardian အမည်ရ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက စစ်ရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေဆဲပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားဘက်မှ တိုက်ခိုက်လာမှုများကို ဟန့်တားရန် ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ခန့်ကို စစ်အခြေစိုက်စခန်းဖွင့်ကာ ပုံမှန်ထားရှိသည်။ အမေရိကန်စစ်ဘက်အဆိုအရ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ကိုရီးယား ကျွန်းဆွယ်၊ အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းတို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့ကျင့်မှုတွင် တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကာလအတွင်း မဟာမိတ်များအားကူညီသည့်အနေဖြင့် တပ်ဖွဲ့များစေလွှတ်ခဲ့သည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ တပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်သောင်းကျော်ပါဝင်မည်ဖြစ်သည်။

မဟာမိတ်နိုင်ငံများဦးဆောင်လုပ်ကိုင်သည့် မည်သည့် စစ်ရေးလေ့ကျင့်မှုမျိုးကိုမဆို စစ်ပွဲအတွက်ပြင်ဆင်မှုအဖြစ် တံဆိပ်ကပ် ဖော်ပြလေ့ ရှိသည့် မြောက်ကိုရီးယားနိုင်ငံက ယခုစစ်ရေးလေ့ကျင့်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုများ ဒိုင်ယာလော့ခ်ပြုလုပ်ကာ လျှော့ချရေး ဆိုင်ရာ သံတမန်ရေးကြိုးပမ်းချက်များ အနှောင့်အယှက်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ရက်သတ္တပတ်အတန်ကြာ သတိပေးလာခဲ့သည်။

"ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်သည် ဒိုင်ယာလော့ခ်နှင့်စစ်ပွဲနှစ်ရပ်စလုံးအတွက် အသင့်ဖြစ်နေပါသည်" ဟု မြောက် ကိုရီးယား နိုင်ငံပိုင် မီဒီယာဖြစ်သော KCNA က သြဂုတ်လ ၁၆ ရက်နေ့တွင် ရေးသား ဖော်ပြသည်။ "အဆိုးမြင်သည့်သဘောထားပါရှိသည့် ပရိယာယ်မှ လွဲ၍ မည်သည့်အရာကမျှ အများပြည်သူ၏ အမြင်နှင့်သဘောထားကို လှည့်စားနိုင်မည် မဟုတ်ပေ" ဟု ဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြောက်ကိုရီးယားစီနီယာသံတမန်တစ်ဦး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ သွားရောက် လည်ပတ် ခဲ့ပြီး အမေရိကန်အရာရှိကြီးများနှင့်တွေ့ဆုံကာ နျူကလီးယားဖျက်သိမ်းပြီး အကူအညီအထောက်ရရှိရေးဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးမှုသည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းလုံခြုံရေးဖိုရမ်၌ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံမှ နျူကလီးယားဆိုင်ရာ သံတမန်များဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီးနောက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ထိုသို့ သံတမန်ဆက်ဆံမှုများရှိထားသည့်တိုင် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုများမှာ ဆက်လက် ကျန်ရှိနေဆဲပင် ဖြစ်သည်။ တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတင်းမာနေရခြင်းမှာ ယမန်နှစ်အတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယားကျွန်းပေါ်သို့ အမြောက်များဖြင့် ပစ်ခတ် ခဲ့ရာတွင် လူလေးဦးသေဆုံးစေခဲ့ခြင်းနှင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘောအား တော်ပီတိုဖြင့်ပစ်ခတ်တိုက်ခိုက်ရာ၌ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရမှုတို့ကြောင့် ဖြစ်သည်။ တောင်ကိုရီးယားက ချိုနန်သင်္ဘောအားတိုက်ခိုက်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး မြောက်ကိုရီးယားကမူ မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး James Thurman က ကြေညာချက် ထုတ်ပြန်ရာတွင် ဆိုးလ်နှင့် ဝါရှင်တန်တို့သည် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း မြောက်ကိုရီးယား၏ ရန်စပြုမူမှုမှရရှိသော အတွေ့အကြုံများကပေးသည့် သင်ခန်းစာများနှင့် ပြီးခဲ့သည့် စစ်ရေးလေ့ကျင့်မှုများမှ သင်ခန်းစာများကို လေ့လာလျက် ရှိသည်ဟု ဆိုထားသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က "တောင်-မြောက် ကိုရီးယားနှစ် နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးခေတ်ကာလဆီသို့ ရောက်ရှိအောင် လုပ်ဆောင် သွားသင့်သည်" ဟု ဆိုသည်။

***********************************************************************************************

 နိုင်ငံရေးလွတ်လပ်ခွင့်ကို စမ်းသပ်ပြလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်

(AP သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပြင်ပ၊ ပဲခူးမြို့သို့ နိုင်ငံရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့မှုသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သူမ၏ လွတ်လပ်ခွင့် အကန့်အသတ်ကို စမ်းသပ်မှုတစ်ရပ်ပင်ဖြစ်သည်။ ခရီးစဉ် တွင် သူမကိုချစ်ခင်လေးစားကြသည့် ထောင်ပေါင်း များစွာသော မြန်မာပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်ကို တွေ့ရသည်။

စစ်တပ်သြဇာလွှမ်းမိုးခြင်းခံထားရသော မြန်မာအစိုးရသစ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များသည် မငြိမ် မသက်မှုများနှင့် အဓိကရုဏ်းများကိုဖြစ်စေနိုင်သည်ဟု သတိပေးပြောဆိုမှုများ ရှိထားသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ်သည် ပဋိပက္ခ တစ်စုံတရာ မဖြစ်ပေါ်ဘဲ ပြီးဆုံးသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ယခင်နောက်ဆုံးတစ်ကြိမ် ရန်ကုန်မြို့ပြင်ပ၊ နယ်မြို့များသို့ ခရီးထွက်ခဲ့စဉ်က သူမ စီးနင်းလာသော ယာဉ်တန်းကို စစ်တပ် ကျောထောက်နောက်ခံပြုခြင်း ခံရသူများဟု ယူဆရသော အုပ်စုများက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည် ထိခိုက်မှု တစ်စုံတရာ မရှိဘဲ လွတ်မြောက်သွားခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ၇ နှစ်ကျခံခဲ့ရသည်။ ယခု သြဂုတ်လ ၁၄ ရက်နေ့ ပဲခူးမြို့ ခရီးစဉ်တွင် သူမသည် ပဲခူးမြို့မှ ထောက်ခံအားပေးသူ ပြည်သူများနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။ ထို့နောက် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး  ၁၀ မိနစ် တာမျှ မိန့်ခွန်းပြောကြားခွင့်ရရှိခဲ့သည်။ မိန့်ခွန်းပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများညီညွတ်မှုရှိကြရန် နှင့် သူမ၏ နိုင်ငံရေးပါတီ NLD ကို ထောက်ခံအားပေးကြရန် တိုက်တွန်းသည်။

မြန်မာပြည်တွင်း စီးပွားရေးအကျပ်အတည်းများကြောင့် လူအတော်များများ ပြည်ပသို့သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေကြရသည်အထိ ဖြစ်ခဲ့ရသည့်တိုင် ပြည်သူများအနေဖြင့် လုံ့လဝိရိယဆက်လက်ထားရှိကာ ကြိုးပမ်းကြရန် လိုအပ်သည်ဟုလည်း သူမက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့နောက် ပဲခူးမြို့တွင် မိန့်ခွန်းပြောဆိုရာ၌ စစ်မှန်သောဒီမိုကရေစီပြောင်းလဲမှုကို အကောင်အထည်ဖော်ရေး ဟူသည် အချိန်ယူရန် လိုအပ်သည် ဟု ဆိုသည်။ "မြန်မာပြည်သူတွေ လိုချင်တာကိုကျွန်မသိပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်အောင် ကျွန်မကြိုးစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျွန်မအနေနဲ့ ပြည်သူတွေကို မျှော်လင့်ချက်အလွဲအမှားတွေ မပေးချင်ပါဘူး" ဟု သူမကပြောသည်။

မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကြာမျှ စစ်အုပ်ချုပ်ရေးလက်အောက်တွင်နေထိုင်ရခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒီမိုကရေစီရွေးကောက်ပွဲကြီးတစ်ရပ်ကို ကျင်းပခဲ့ပြီး ယခုနှစ်မတ်လတွင် အရပ်ဘက်အုပ်ချုပ်ရေးအစိုးရသစ်ထံသို့ တရားဝင်အာဏာ လွှဲပြောင်းပေး နိုင်ခဲ့သည်။ သို့သော် အဆိုပါရွေးကောက်ပွဲကိုဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီ(NLD)က အတုအယောင်အဖြစ်သတ်မှတ်ဖော်ပြကာ သပိတ် မှောက်ခဲ့သည်။ လေ့လာဝေဖန်သူများကမူ ယခုတက်လာသောအရပ်ဘက်အစိုးရသစ်သည် စစ်ဘက်မှပုဂ္ဂိုလ် အများစုကသာ ဦးဆောင်ထားပြီး စစ်အုပ်ချုပ်ရေးစနစ်ကို အသက်ဆက်နိုင်ရေးအတွက်ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်အဖွဲ့သာ ဖြစ်ကြောင်၊ အစိုးရသစ်လက်ထက် အပြောင်းအလဲ အနည်းငယ်သာ ရှိကြောင်း ထောက်ပြ ပြောဆိုကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ခန့်မှာလည်း အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်လျက် ရှိကြသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသတို့တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် သူပုန်များ ဖြစ်ပေါ်လျက်ရှိသော စစ်မက် ပဋိပက္ခများကလည်း ပိုမိုဆိုးရွားလျက်ရှိသည်။ အဆိုပါ တိုင်းရင်းသားသူပုန်အသီးသီးသည် ၎င်းတို့၏နယ်မြေ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးအတွက် ဆယ်စုနှစ်များစွာတိုက်ပွဲဝင်လာကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မော်တော်ယာဉ် သုံးစင်းပါသော ယာဉ်တန်းနှင့် ပဲခူးမြို့နယ်သို့ ခရီးထွက်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ ယာဉ်တန်း နောက်ဘက်တွင် ထောက်ခံအားပေးသူများနှင့် ဂျာနယ်လစ်များပါဝင်သောမော်တော်ယာဉ် ၂၇ စီးခန့်လိုက်ပါခဲ့ကြသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ရပ်နားသည့်နေရာတိုင်း၌ အရပ်ဘက်ဝတ်စုံဝတ်ဆင်ထားပြီး ဝိုင်ယာလက်မိုက်ခရိုဖုန်းများကိုင်ဆောင်ထားသူ ထောက်လှမ်းရေး အဖွဲ့ဝင်များက လိုက်လံ စောင့်ကြည့်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ်တန်းဖြတ်သန်းသွားရာ လမ်းဘေးဝဲယာတစ်လျှောက်၌ သူမကိုထောက်ခံအားပေး သော ပြည်သူထောင်ပေါင်းများစွာက တန်းစီကာ လက်များဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက် အော်ဟစ်ကြသည်။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်တွင်း နေရာအတော်များများ၌ အကြိမ်များစွာ ရပ်နားသည်။ သူမကို ချစ်ခင်သူ ပြည်သူများက အနီရောင်နှင်းဆီပန်း များနှင့် စံပယ်ပန်းများ လက်ဆင့်ကမ်းကာ ပေးကမ်းကြိုဆိုကြသည်။

NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ယခုဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်သည် လွန်စွာ အရေးကြီးကြောင်း၊ အကြောင်းမှာ အာဏာပိုင်များ၏ တုံ့ပြန်မှုကို စမ်းသပ်နိုင်မည်ဖြစ်သလို ပြည်သူလူထု၏ တုံ့ပြန်မှုကိုပါ စမ်းသပ်သိရှိနိုင်မည်ဖြစ်၍ပင်ဖြစ်ကြောင်း ပြောကြားသည်။ NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကမူ သူမအနေဖြင့် နောက်ထပ်ခရီးစဉ်များထပ်မံထွက်ရှိဦးမည်ဖြစ်ကြောင်း ပြောပြသည်။ သို့သော်

မြန်မာနိုင်ငံ မည်သည့်အရပ်ဒေသသို့ မည်သည့်အချိန်တွင် သွားရောက်မည်ဟူသော အချက်ကို ၎င်းက ထုတ်ဖော်ပြောဆိုမှု မပြုပေ။

ထိုနေ့အစောပိုင်း ပဲခူးမြို့ရှိ ဘုရားတစ်ဆူသို့ သွားရောက်ဖူးမျှော်စဉ် ထောင်ပေါင်းများစွာ လူအုပ်ကြီးက "ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော် ရှည်ပါစေ" ဟု အော်ဟစ်ကာ ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူတစ်ဦးဖြစ်သူ မသူဇာဆိုသူက "အခု ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရပြီဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ သေပျော်ပါပြီ" ဟု သူမ၏ စိတ်ခံစားချက်ကို ပြောပြသည်။ လတ်တလော ပဲခူးတိုင်း ရေဘေးဒုက္ခသည်များ ခိုလှုံနေထိုင်လျက်ရှိသည့် ဘုန်းကြီးကျောင်း တွင် ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပုဂံရှေးဟောင်းမြို့သို့ သူမ၏ သားဖြစ်သူနှင့် အတူ ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့သေးသည်။ ယင်းပုဂံ ခရီးစဉ်တွင်လည်း သူမကိုထောက်ခံသူ လူပေါင်းမြောက်မြားစွာက ကြိုဆိုခဲ့ ကြသလို အရပ်သားဝတ်စုံဝတ်ဆင်ထားသူ ထောက်လှမ်းရေးအေးဂျင့်များစွာလိုက်လံစောင့်ကြည့်ခဲ့ကြသည်ကိုတွေ့ခဲ့ရသည်။

ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းပြောဆိုခဲ့ခြင်းမရှိကြောင်း၊ ပဋိပက္ခတစ်စုံတရာမဖြစ်ပေါ်ဘဲ ခရီးစဉ်ပြီးဆုံးသွားကြောင်း စုံစမ်း သိရှိရသည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် နယ်ဘက်သို့ခရီးထွက်ပြီး သူမကို ကြိုဆိုထောက်ခံသူများနှင့် တွေ့ဆုံမည့်ကိစ္စကို ဟန့်တား ပိတ်ပင်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ဇွန်လက ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် ခရီးစဉ်များကြောင့် ဆူပူအုံကြွမှုများဖြစ်နိုင်သည်ဟု သတိပေးခဲ့ သေးသည်။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့်နောက်ပိုင်း မြန်မာနိုင်ငံတွင်း အပြောင်းအလဲ အနည်း အကျဉ်းသာရှိခဲ့သော်လည်း တင်းမာမှုများ မဆိုသလောက်လျှော့နည်းလာသည့် အရိပ်လက္ခဏာများ ရှိနေသည်ကိုတွေ့ရသည်။ သြဂုတ်လ ၁၂ ရက်နေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့် အကြောင်း အရာ များ ဆွေးနွေးခဲ့ကြသည်ကို အသေးစိတ် အတိအကျ ဖော်ပြမှုမရှိခဲ့သော်လည်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာက တွေ့ဆုံ ဆွေးနွေးပွဲ၌ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး အမျိုးသား တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း ရေးသား ဖော်ပြသည်။ ထိုနေ့တွင်ပင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒေါ်အော်ဆန်းစုကြည်အနေဖြင့် သူမ၏ နိုင်ငံရေးပါတီကို တရားဝင် ပြန်လည် မှတ်ပုံတင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။ ယင်းသို့ပြန်လည်မှတ်ပုံတင်မည့်ကိစ္စသည် NLD ပါတီအနေဖြင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာရှိမှုကို တရားဝင် အသိအမှတ်ပြု လက်သင့်ခံလိုက်ရာရောက်စေမည့် အဆင့်တစ်ခုဖြစ်သလို ပါတီအတွက် နိုင်ငံရေးလောကထဲသို့ တရားဝင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိစေမည်လည်းဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အုပ်စုသာ အစိုးရနှင့် အတူလက်တွဲလုပ်ကိုင်နိုင်မည့် အဆင့်သို့ ရောက်ရှိမည်ဆိုပါက ယင်းဖြစ်ရပ် သည် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးလာအောင်လုပ်မည့် အကြောင်းအရင်း ဖြစ်လာလိမ့်မည်။ မြန်မာနိုင်ငံသည် အဆိုပါ အနောက်၏ ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်နိုင်ငံကို ပိုမိုအမှီသဟဲပြုရသည့်အနေအထားထဲသို့ တွန်းပို့ ခြင်း ခံခဲ့ရသည်။

******************************************************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment