Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. Interra Resources က ရေနံချောင်းတွင် ငါးတွင်းမြောက် စတင်တူးဖော်

(5 December 2011 ရက်စွဲပါ Proactive Investors, Australia မှ Jeff Coote ရေးသားသော Interra Resources begins drilling fifth development well in Myanmar oil field ကို ဘာသာပြန်ဆိုသည် )

  1. ဗာတီကန် ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံမည်

(AFP သတင်းမှ 5 Dec 2011 ရက်စွဲပါ Vertican envoy to meet Suu Kyi in Myanmar this week သတင်းကို ဘာသာပြန်ဆိုသည်)

  1. အမေရိကန်- တရုတ် ပြိုင်ဆိုင်မှု ဟန်ချက်ထိန်းရင်း သုံးဘက်စလုံး အကျိုးရှိအောင် မြန်မာကြိုးစား

(Bloomberg မှ 5 Dec 2011 ရက်စွဲပါ “Myanmar seeks ‘ Win- Win – Win’ in balancing US- China completion” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

                                **********************************************************************************

Interra Resources က ရေနံချောင်းတွင် ငါးတွင်းမြောက် စတင်တူးဖော်

(5 December 2011 ရက်စွဲပါ Proactive Investors, Australia မှ Jeff Coote ရေးသားသော Interra Resources begins drilling fifth development well in Myanmar oil field ကို ဘာသာပြန်သည် )

                Interra Resources သည် မြန်မာနိုင်ငံတွင် တွင်းဟောင်းများကြားတွင် တွင်းနံပါတ် YNG 3242 ကို စတင်တူးဖော်နေပြီဖြစ်ရာ ယခုနှစ်တွင် ရေနံချောင်း၌ ငါးတွင်းမြောက်တူးဖော်ခြင်း ဖြစ်သည်။ ၎င်းသည် Goldpetrol Joint Operating Company Inc နှင့် ပူးတွဲဖက်စပ် လုပ်ကိုင်နေသည်။

                ကုန်ကျစရိတ်များသည် ယခင်နှင့်ယှဉ်လျှင် နည်းနိုင်သည်ဟု မျှော်လင့်ရပြီး၊ တူးဖော်ခြင်းအတွက် Interra ၏ ကုန်ကျစရိတ်ရှယ်ယာသည် လက်ရှိ လက်ထဲတွင် ရှိနေသော ရန်ပုံငွေမှ ကျခံမည်ဖြစ်သည်။ အဆိုပါတွင်းသည် ပြတ်ရွေ့ကြောင်းတစ်ခုထဲတွင်ရှိသော YNG 3242 နှင့် လုပ်ကွက်တစ်ခုတည်း တွင်ရှိပြီး၊ ပုံစံတူ ဖြစ်သည်။ တွင်းအမှတ် YNG 3242 သည် 2011 စက်တင်ဘာတွင် တူးဖော်ပြီးစီးခဲ့ပြီး၊ မြန်မာနိုင်ငံ ကုန်းတွင်းရေနံတွင်းများတွင် အများဆုံး ထုတ်လုပ်နိုင်ရာ တစ်ရက်လျှင် ရေနံစိမ်း 135 စည် ထွက်ရှိသည်။

                ယခုတွင်းကို 1650 ပေ အနက်အထိ တူးဖော်ရန် မျှော်မှန်းထားပြီး တွင်းအမှတ် YNG 3240 အတိုင်း 1600 ft သဲကျောက်များမှ L900 ft တွင် ရေနံ ထုတ်ယူရန် ရည်မှန်းထားသည်။ ယခုတွင်းအမှတ် YNG 3242 အပါအဝင် ပြတ်ရွေ့ကြောင်းတစ်ခုတည်းပေါ်ရှိ လုပ်ကွက်တစ်ခုတည်းတွင် တွင်း (6) ခု ရှိပါသည်။ ယခု တူးဖော်ခြင်း၏ ရလဒ်များမှ လေးပတ်အတွင်းသိရှိနိုင်မည်ဟု မျှော်လင့်ရသည်။ Interra သည် ရေနံချောင်းတွင် ရေနံပြန်လည်တူးဖော် ရေး ကန်ထရိုက်အရ 60% ပါဝင်မှု ရှိသည်။ ၎င်းသည် ရေနံတွင်း၏ အော်ပရေတာ Goldpetrol တွင်လည်း 60% ပိုင်ဆိုင်မှု ပါဝင်သည်။

*******************************************************************************

ဗာတီကန် ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံမည်

(AFP သတင်းမှ 5 Dec 2011 ရက်စွဲပါ Vertican envoy to meet Suu Kyi in Myanmar this week သတင်းကို ဘာသာ ပြန်ဆိုသည်)

              ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်မြို့တော်က ယခုသီတင်းပတ်တွင် မြန်မာနိုင်ငံသို့ ဘာသာရေးအခမ်းအနား တက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်လိုက်ပြီဖြစ်ရာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဘာသာရေးသတင်းဌာန I.Media က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

                ဘုန်တော်ကြီး Cardinal Renato Raffaele Martion တက်ရောက်မည့် ရန်ကုန်မြို့ Cathedral ဘုရားကျောင်း နှစ် ၁၀၀ ပြည့်ပွဲတော် အခမ်း အနားသို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဧည့်သည်တော် အဖြစ် တက်ရောက်မည်ဟုဆိုသည်။

                မြန်မာနိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာ ကက်သလစ်ဘာသာကို ကိုးကွယ်ကြသော မြန်မာနိုင်ငံမှ ဘာသာ အားလုံး၏ ကိုယ်စားလှယ်များကို ဖိတ်ကြားထားသော လာမည့်ကြာသပတေးနေ့အခမ်းအနားတွင် ဘုန်းတော်ကြီး Martino က ပုပ်ရဟန်းမင်းကြီး Benedicf XVI ထံမှ သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်သည်။ ထို့နောက်တွင် ဗာတီကန် ကိုယ်စားလှယ်တော်သည် နယ်ခံ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ အထူးဧည့်သည်တော် များနှင့် နေ့လယ်စာ သုံးဆောင်မည်ဟု သိရသည်။

                တပ်မတော်အားပြု အစိုးရခေါင်းဆောင်များက လက်ရှိ လပိုင်းများအတွင်း ကြီးကြီးမားမားပွင့်လင်းမှု လက္ခဏာများ ပြသလျက်ရှိသော မြန်မာ နိုင်ငံမှ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အာဏာပိုင်များထံသို့ ဆုမွန်ကောင်း တောင်းသည့် သဝဏ်လွှာကို ပို့ဆောင်ပေးရန် ဘုန်းတော်ကြီး Martino ကို ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့သည် ဟုလည်း သိရှိရသည်။ ပြီးခဲ့သော သောကြာနေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်။

********************************************************************************

အမေရိကန်- တရုတ် ပြိုင်ဆိုင်မှု ဟန်ချက်ထိန်းရင်း သုံးဘက်စလုံး အကျိုးရှိအောင် မြန်မာကြိုးစား

(Bloomberg မှ 5 Dec 2011 ရက်စွဲပါ “Myanmar seeks ‘Win- Win – Win’ in balancing US- China competition” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

              မြန်မာနိုင်ငံသည် ‘အမေရိကန်ပြည်ထောင်စုနှင့် တရုတ်’ နှစ်နိုင်ငံစလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုများကို မြှင့်တင်အားပေး၍ အာရှဒေသ၏ အသေးငယ်ဆုံး စီးပွားရေးခွင်ကို ချဲ့ထွင်ရန်နှင့် ဝင်ငွေတိုးတက်ရရှိအောင် မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သမ္မတဦးသိန်းစိန်၏ အကြံပေးတစ်ဦး၏ အဆိုအရ သိရှိရသည်။

                “တရုတ်နိုင်ငံကလည်း အမေရိကန်တို့ မြန်မာနိုင်ငံအား ပိုမိုထိတွေ့ ဆက်ဆံလာခြင်းကို ကြိုဆိုကြောင်း၊ အကြောင်းမှာ ချမ်းသာကြွယ်ဝသော အိမ်နီးချင်းနိုင်ငံကသာ ယူနန်ပြည်နယ်အပါအဝင် ကုန်းတွင်းပိတ်ပြည်နယ်များ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်ကြောင်း” သမ္မတ ဦးသိန်းစိန်နှင့် မကြာခဏ တွေ့ဆုံရသူ အကြံပေး ၉ ဦးထဲမှ ဦးနေဇင်လတ်က ၅၆ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၃ ရက်နေ့ အင်တာဗျူး၌ ပြောကြားခဲ့သည်။

                “၃ ဖက်စလုံး အကျိုးရှိမယ့် ( Win- Win- Win) အနေအထားကို ကျွန်တော်တို့ သွားနေပါတယ်။ တရုတ်နိုင်ငံ ကလည်း ကျွန်တော်တို့ကို ပိုပြီး တိုးတက်စေချင်တယ်။ ကျွန်တော်တို့နိုင်ငံက ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက် ဖြစ်လေို့ပါ။ ကျွန်တော်တို့နိုင်ငံ ချမ်းသာလာရင် ယူနန်ပြည်နယ်လည်း ချမ်းသာလာမှာပါ။ တကယ်လို့ ကျွန်တော်တို့နိုင်ငံ ဆင်းရဲပြီး ဖွံ့ဖြိုးမှု နိမ့်ကျနေမယ်ဆိုရင် ကျွန်တော်တို့ဆီက ကုန်ကြမ်းပစ္စည်းလောက်သာ ရနိုင်ပါလိမ့် မယ်” ဟု သူ၏ ရန်ကုန်ရုံးတွင် ပြောကြားသော ဦးနေဇင်လတ်က တရုတ်တို့သည် မြန်မာနိုင်ငံမှ ကုန်ကြမ်းကိုသာ အလိုရှိခြင်းဖြစ်ကြောင်း ထည့်သွင်းပြော ဆိုခြင်း မပြုပဲ သံတမန်ရေးအရ တစ်ကွက်ချန်ထားခဲ့ပုံရသည်။ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေ သော ပြည်နယ်ဖြစ်သည်။

                သူမ၏ ခရီးစဉ်အတွင်း ဟီလာရီကလင်တန်က နှစ်ပေါင်း ၂၀ ဒဏ်ခတ်မှု Sanctions များ ဖြေလျှော့ပေးနိုင်မည့် လမ်းကြောင်းကို ကမ်းလှမ်းခဲ့ သည်။ ထို Sanctions များကြောင့်ပင် မြန်မာနိုင်ငံသည် ၎င်း၏စီးပွားရေးကဏ္ဍများ (ရေနက်ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း များ) ထဲသို့ ဒေါ်လာ ၂၅ ဘီလျံ ကျော်ကျော် လောင်းထည့် ရင်းနှီးခဲ့ကြသော အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများအပေါ် မှီခိုနေရသူဖြစ်သွားခဲ့ သည်။

                မြန်မာတို့၏ နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကို ခေါက်သိမ်းရန် ကြိုးပမ်းမှုနှင့်အတူ သမ္မတ အိုဘားမားကလည်း အမေရိကန်နိုင်ငံခြားရေးမူဝါဒကို အာရှတိုက်သို့ အာရုံပြောင်းနေချိန်ဖြစ်သောကြောင့် ဝါရှင်တန်နှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများ ပြန်လည်တည်ဆောက်ရန် တံခါးပွင့်သွားပြီဖြစ် သည်။

                “မြန်မာနိုင်ငံဟာ လက်ရှိ ဆယ်စုနှစ်တွေအတွင်းမှာ တရုတ်ဖက်ကို ကူးပြောင်းသွားတာ မဟုတ်ပါဘူး” ဟု ပြောကြားသူမှာ မြန်မာနိုင်ငံအကြောင်း စာအုပ် နှစ်အုပ်ရေးသားထုတ်ဝေခဲ့သူ ကုလသမဂ္ဂဝန်ထမ်းဟောင်း ဦးသန့်မြင့်ဦး ဖြစ်သည်။ ဒီဖြစ်ရပ်ဟာ အနောက်နိုင်ငံအစိုးရတွေက ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံ ကူးပြောင်းစေမယ့် မဟာဗျူဟာအဖြစ် Sanctions တွေ ချမှတ်ထားတဲ့အတွက် အခြားတစ်ဖက်က စီးပွားရေးအကူအညီရအောင် နိုင်ငံကို တိုးလျှိုပေါက် ဖွင့်ပေးလိုက်ရတာ ဖြစ်ပါတယ်” ဟု ဦးသန့်မြင့်ဦးက မှတ်ချက်ပေးသည်။

ရေလှောင်တမံကို အတိုက်အခံ ဆန့်ကျင်

                သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံ China Power Investment Corp က မြန်မာပြည်မြောက်ဖျား၌ ငွေကြေးစိုက်ထုတ် တည်ဆောက်နေသော အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ရေလှောင်တမံ စီမံကိန်းကို စက်တင်ဘာလအတွင်း ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ သာမကပဲ မြန်မာပြည်သူများကိုပင် အံ့အားသင့်စေခဲ့သည်။ အလွန်လူကြိုက်များသော ဆုံးဖြတ်ချက်သည် ပြည်တွင်း ဆန့်ကျင်ကန့်ကွက် မှုအပေါ်တွင် အခြေပြု ထွက်ပေါ်လာခြင်းသာဖြစ်၍ အခြားတရုတ်ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားများကို ထိခိုက်စေလိမ့်မည်မဟုတ်ဟု ဦးနေဇင်လတ်က ပြောကြားသည်။ “ဒီတမံက ကြီးလွန်းပါတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ လုပ်ကိုင်နေတဲ့ စီမံကိန်း ရာဂဏန်း အရေအတွက်ထဲက တစ်ခုသာဖြစ်တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်နိုင်ပါဘူး” ဟု ဦးနေဇင်လတ်ကဆိုသည်။ “အရေးကြီးဆုံးအချက်ကတော့ အကဲဖြတ်မှုပါပဲ။ ဘယ်စီမံကိန်းမှာမဆို အားသာချက်၊ ချို့ယွင်းချက်၊ ကောင်းကွက်၊ ဆိုးကွက်တွေကို ထုတ်ဖော် ကြေညာရမှာပါ။ တကယ်လို့ ကောင်းကွက်တွေက ပိုများပြီး နိုင်ငံအတွက် အကျိုး ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ လုပ်သင့်တာပေါ့” ဟု ယင်းက ဆက်လက်ပြောကြားသည်။

                တရုတ်နိုင်ငံပိုင် China National Petroleum Corp အရှေ့အလယ်ပိုင်းမှ ရေနံများကို မလက္ကာ ရေလက်ကြားအား မဖြတ်သန်းပဲ သယ်ယူရန် အတွက် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ ရေနံနှင့်ဓာတ်ငွေ့အမြွာ ပိုက်လိုင်းများ သွယ်တန်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့က ထည့်ဝင်ထားကြခြင်းဖြစ်ရာ ၁ ရာခိုင်နှုန်းပင် မပြည့်သော အမေရိကန် ပြည်ထောင်စုနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။

အရေးယူဒဏ်ခတ်မှု Sanctions များ

                အမေရိကန်အစိုးရ ချမှတ်ထားသော Sanctions များတွင် မြန်မာသွင်းကုန်တားမြစ်ခြင်း ငွေလွဲပြောင်းမှု ထိန်းချုပ်ခြင်း၊ ထောက်ပံ့ရန်ပုံငွေ ဖြတ်တောက်ခြင်း၊ မြန်မာထွက်ကျောက်မျက်များကို ပစ်မှတ်ထားပိတ်ပင်ခြင်း တို့ ပါဝင်သည်။

                ၁၉၉၇ အသစ်ရင်းနှီးမြှုပ်နှံမှုထားမြစ်ချက် မတိုင်မှီဓာတ်ငွေ့နှင့် ပိုက်လိုင်းစီမံကိန်းများတွင် မြှုပ်နှံရင်းနှီးခဲ့သော Unocal Corp ထံမှ ၂၀၀၅ ခုနှစ်တွင် ဝယ်ယူလိုက်သော ကယ်လီဖိုးနီးယားရှိ အခြေစိုက် Chevron Corp (CVX) သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်နေသော ကုမ္ပဏီ အနည်းငယ် ထံမှ တစ်ခုဖြစ် လေသည်။

                ယခုအခါ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းအရေအတွက် လွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာ ဖြေလျော့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိုင်ယာလော့ဆွေးနွေးခြင်းတို့ကို ပြုလုပ်ပြသခဲ့ပြီးဖြစ် သည်။

                ထောင်ထဲတွင် ဆက်လက်ဖမ်းဆီးထားသော နောက်ထပ်နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော် လွှတ်မြောက်လာရေး ကိစ္စသည် သမ္မတ၏ ပြုပြင် ပြောင်းလဲရေး ကတိကဝတ်များအပေါ် အရေးကြီးသော စမ်းသပ်မှုဖြစ်လိမ့်မည်ဟု ဟီလာရီကလင်တန်က ပြောကြားထားသည်။

                မြန်မာနိုင်ငံတွင် အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်္ဂလိပ်ဘာသာစကား သင်တန်းများ လုပ်ကိုင်နေသော အရပ်ဖက်လူမှု အဖွဲ့အစည်းများကို ထောက်ပံ့ရန် ဒီဇင်ဘာ ၃ ရက်တွင် ဟီလာရီကလင်တန်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ Sanctions များရုတ်သိမ်းပေးဖွယ်ရှိကြောင်း ရည်ညွှန်းခြင်းပင်ဖြစ်သည်ဟု ဦးနေဇင်လတ်က ပြောကြားသည်။ Sanctions တွေချမှတ်တာက ဒီလောက်မခက်ခဲပေမယ့် ပြန်ရုတ်သိမ်းဖို့အတွက်တော့ အချိန်ယူရပါတယ် ဟု ယင်းက ဆိုသည်။

တရုတ်က အကောင်းမြင်

                ဒီဇင်ဘာ ၁ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်သီက “မိမိတို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံမှု ကိစ္စများ တစ်ခုမကျန်ချောမွေ့အောင် လုပ်ဆောင် နေကြောင်း မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်မြှင့်တင် ကြ ရန် ဘေဂျင်းမှ ခေါင်းဆောင်များက မျှော်လင့်ကြောင်း၊ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက် ကျေနပ်စရာကြေညာချက်ဟု မှတ်ချက် ပေးလိုက်သည်။

                ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့အင်းလျားကန်စောင်းနေအိမ်တွင် ကလင်တန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မတို့ကို တစ်ကမ္ဘာလုံးက ထောက်ခံအားပေးနေကြတယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ မှတ်ချက်တွေက ညွှန်ပြနေပါတယ်။ ဒီမှတ်ချက်ကြောင့် ကျွန်မအလွန်ကျေနပ် ဝမ်းမြောက်မိပါတယ်။ ဘာကြောင့်လဲဆိုရင် အရမ်းနီးလွန်းတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျွန်မတို့ ဆက်လက် ထိန်းသိမ်းဖို့ မျှော်လင့်ထားကြလို့ပါ”ဟု ပြောကြားခဲ့သည်။

                အာရှတိုက်၏ အဆင်းရဲဆုံးများထဲမှ ပြည်သူ ၆၂ သန်းနေထိုင်သော မြန်မာနိုင်ငံထက် ယူနန်ပြည်နယ်က စီးပွားရေးအရွယ်အစား ၂ ဆ ပိုမို ကြီးမားသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်နေထိုင်ကြသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနယ်စပ်ချင်း ၃၆၀၀ ကီလိုမီတာ(၂၂၃၇မိုင်) ကျော် ထိစပ်လျက်ရှိသည်။

                “တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ ဝေးအောင် ကျွန်တော်တို့ရွှေ့နေလို့မရပါဘူး။ ဒီလိုဝေးအောင်လည်း ရှောင်မနေသင့်ပါဘူး။ နိုင်ငံအကျိုးရှိအောင် ဘယ်သူနဲ့မဆို အကောင်းဆုံးဆက်ဆံဖို့နည်းလမ်းရှာဖွေရမှာက ကျွန်တော်တို့ တာဝန်ပါ” ဟု ဦးနေဇင်လတ်က ပြောကြားသည်။

**********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment