Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. ထိုင်း-မြန်မာ နယ်စပ် ဂိတ်များ ပြန်ဖွင့်ပြီ
  2. အရန်ဆန် သုံးရာခိုင်နှုန်းရှိမှသာ ပြည်ပဆန်ပို့ခွင့်လိုင်စင် ရရှိမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် NLD သို့ဝင်မည်
  2. အန်အယ်ဒီပါတီ၏ အမှတ်တံဆိပ်အဖြစ် အလံကိုပုံစံပြောင်းလဲ
  3. ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအဖွဲ့နှင့် ကော်မတီငါးရပ်ကို NLD ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

      **********************************************************************************

ပြည်တွင်းသတင်းများ

ထိုင်း-မြန်မာ နယ်စပ် ဂိတ်များ ပြန်ဖွင့်ပြီ

ယခင် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်များကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအာဏာပိုင်များ၊ ဒေသဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံမှ စက်မှုလုပ်ငန်းရှင် များကို မြန်မာအစိုးရမှ ဖိတ်ကြားထားပြီး ၎င်းနယ်စပ်ဂိတ်ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ အစိုးရအရာရှိကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကိုလည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ပိတ်ထားခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရေး သဘောတူခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်း-မြန်မာ ကုန်သွယ်မှုနှင့် ချစ်ကြည်ရေး တံတားပိတ်ထားခဲ့သည့်အတွက် ဒေသခံ အခြေခံလူတန်းစားများ၊ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးတက်လာနိုင်စေရန်၊ မှောင်ခိုကုန်သွယ်မှုများ လျော့နည်းလာစေရန်နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုများအတွက် မြန်မာ-ထိုင်း နယ်စပ်ဂိတ်နှင့် ချစ်ကြည်ရေး တံတားကို ပြန်လည်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

YC

**********************************************************************************

အရန်ဆန် သုံးရာခိုင်နှုန်းရှိမှသာ ပြည်ပဆန်ပို့ခွင့်လိုင်စင် ရရှိမည်

ဆန်စပါးအထူးပြု ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် ဂိုဒေါင်အတွင်း အရန်ဆန် သုံးရာခိုင်နှုန်းရှိမှသာ ပြည်ပဆန်တင်ပို့ခွင့်လိုင်စင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ပြည်ပသို့ ဆန်တင်ပို့လိုသော ဆန်စပါးကုမ္ပဏီများအနေဖြင့် ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ အထူးပြုကုမ္ပဏီအတွက် ပို့ကုန်လိုင်စင်ပမာဏ၏ သုံးရာခိုင်နှုန်းနှင့် Exporter ကုမ္ပဏီအတွက် ပို့ကုန်လိုင်စင်ပမာဏ၏ ငါးရာခိုင်နှုန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းမှ သတ်မှတ်ထားသည့် သိုလှောင်ရုံများတွင် ထားရှိရမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း တွေ့ဆုံပွဲ၌ ဆုံးဖြတ်ချက်ချခဲ့သည်။

ပြည်တွင်းထွက်ဆန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ယခုအခါ စစ်ဆေးခြင်းမရှိတော့ဘဲ အရန်ဆန် သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းကို သတ်မှတ်ထားသည့် ဆန်သိုလှောင်ရုံများတွင် ထားရှိသည်နှင့် လိုင်စင်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အရန်ဆန်အဖြစ် ထားရှိသည့် ဆန်များကို လုပ်ငန်းရှင်များဘက်မှ ဆန်မပျက်စီးစေရန် ကုန်ဖလှယ်သည့် အနေဖြင့် လဲလှယ်ခွင့်ရှိပြီး လဲလှယ်သည့် ဆန်အသစ်အား သတ်မှတ်ဂိုဒေါင်အတွင်း ထည့်ပြီးမှသာ ယခင်အရန်ဆန်အဖြစ် ထားရှိသည့် ဆန်များကို ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့ရာတွင်မည်သည့် ဆန်အမျိုးအစားကိုမဆို တင်ပို့နိုင်မည်ဖြစ်သော်လည်း ဂိုဒေါင်အတွင်းထားရှိမည့် အရန်ဆန်အမျိုးအစားကိုမူ ပြည်ပသို့ တင်ပို့နိုင်မည့် ၂၅ မှတ်တန်ဆန်များကိုသာ လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC 

**********************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် NLD သို့ဝင်မည်

အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဒုတိယခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည် ၎င်း၏ ခွဲထွက်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လသာမြို့နယ်အတွင်းရှိ NLD ပါတီဝင်ပောာင်းများဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး NLD ပါတီဝင်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပြန်လည် ဝင်ရောက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်သည် NLD ပါတီမှ ခွဲထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကိုယ်စားပြုအဖြစ် လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပြီး NDF မှ  ထပ်မံခွဲထွက်ကာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်၌ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မိမိအနေဖြင့် NLD သို့ ပါတီဝင်အဖြစ် ပြန်လည်ဝင်ရောက်မည့်အကြောင်းကို လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့တွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူအား ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်အား NLD ပါတီမှ ပြန်လည်လက်ခံရန်ဆိုသည်မှာ လက်ရှိအချိန်တွင် NLD ပါတီသည် ပါတီမှတ်ပုံတင်ခြင်းနှင့် ပါတီပုံစံများ မထုတ်ရသေးသည့်အတွက် မပြောနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်ရှိသော NLD ပါတီ ဗပိာုအလုပ်အမှုဆောင်များကို ခေါ်ယူ၍ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဗပာိုအလုပ်အမှုဆောင်များမှ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ချက်ချခဲ့သည်။

Ref: Messenger

**********************************************************************************

အန်အယ်ဒီပါတီ၏ အမှတ်တံဆိပ်အဖြစ် အလံကိုပုံစံပြောင်းလဲ  

တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ခြင်းကို စောင့်ဆိုင်းနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်းပါတီ၏ အမှတ်တံဆိပ်အား သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။            

ပြောင်းလဲလိုက်သည့် အမှတ်တံဆိပ်မှာ လက်ရှိသုံးစွဲနေသည့် အလံတွင်ပါရှိသည့် ကြယ်ဖြူတစ်ပွင့်နှင့် ခွပ်ဒေါင်းရုပ်ပုံအောက်တွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်”စာတန်းရေးထိုးထားကြောင်းယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်းကဆိုသည်။

“ဘာမှ မပြောင်းလဲလိုက်ပါဘူး။ အလံမှာစာတန်းထိုးလိုက်တာပါပဲ”ဟုယင်းကဆက်လက်ပြောကြားသည်။

တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအချို့၏ ပါတီအမှတ်တံဆိပ်ကြောင့် အန်အယ်ဒီပါတီ၏ အမှတ်တံဆိပ်အား ပြောင်းလဲလိုက်သော်လည်း အလံကိုမှုပြောင်းလဲရန် အစီအစဉ်မရှိကြောင်းဦးဥာဏ်ဝင်းကပြောသည်။

တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရာတွင်  အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို မှတ်ပုံတင်ပြီးသည့် အခြားပါတီတခု၏ အမည်၊ အလံ၊ အမှတ်တံဆိပ်တို့နှင့် တူညီခြင်းမရှိစေရန် ကော်မရှင်က ညွှန်ကြားရမည်ုဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။        

YC

**********************************************************************************

ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအဖွဲ့နှင့် ကော်မတီငါးရပ်ကို NLD ဖွဲ့စည်း

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ဒီဇင်ဘာ ၅ ရက်တွင် ဖွဲ့စည်းလိုက်ပြီး၊ တစ်ဆက်တည်း တိုင်းနှင့်ပြည်နယ် အောင်နိုင်ရေးအဖွဲ့များနှင့် ကော်မတီငါးရပ်ကို ဆက်လက်ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့၏ တာဝန်ခံအဖြစ် ဦးတင်ဦးအား သတ်မှတ်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်အပါအဝင် ၂၁ ဦးအား အဖွဲ့ဝင်များအဖြစ်သတ်မှတ်ခဲ့ကာ သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေး ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟော ပြောရေး ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီနှင့် ဥပဒေရေးရာကော်မတီငါးရပ်ကို ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ကြောင်း အန်အယ်ဒီ၏ ထုတ်ပြန်ချက်မှ တဆင့်သိရသည်။

“တိုင်းနဲ့ပြည်နယ်က အောင်နိုင်ရေးအဖွဲ့တွေ စာရင်းကို ဌာနချုပ်ကိုတင်ရမှာပါ။ ပြီးမှ ဌာနချုပ်ကသင့်တော်တဲ့ လူတွေနဲ့ပေါင်းပြီး အောင်နိုင်ရေး အဖွဲ့တွေ ဖွဲ့ကြမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီဝင် တစ်ဦးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူနှစ်ဦးသည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်၍ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီးဖြစ်ကာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ပါတီတည်ထောင်သူ ပုဂ္ဂိုလ်၂၁ဦးသည် ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိစိစစ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို ညွှန်ကြားထားကြောင်း သိရသည်။  

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ သန်းပေါင်း ၆၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ နေထိုင်ကြဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သမိုင်းကြောင်းအရတော့ မှိန်ပျပျအလင်းရောင်တွေဟာ ပျောက်ကွယ်သွား နိုင်ပါတယ်။ ဒီမှိန်ပျပျအလင်းရောင်တွေဟာ ပိုကောင်းတဲ့ အနာဂတ်ကို လမ်းပြနိုင်မယ့် လွတ်လပ်မှု မီးတောက်အဖြစ် ထတောက်နိုင်ဖို့ဆိုတာ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာ မူတည်တာဖြစ်ပါတယ်။ မြန်မာသမ္မတကို ပြောခဲ့တဲ့အတိုင်းပါပဲ။ မြန်မာအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင် အမေရိကန်အနေနဲ့ မြန်မာနဲ့အတူ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း လျှောက် လှမ်းဖို့ ပြင်ဆင်ထားပါတယ်”

ဒီဇင်ဘာ ၇ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၁၀) တွင်ပါသည့် “အာရှ-ပစီဖိတ်ဒေသအား အဓိက အာရုံစိုက်တော့မည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံသည် အာရှ-ပစီဖိတ်ဒေသ၌ အင်အားကြီး တစ်ခုဖြစ်ထွန်းရန် အခွင့်အရေးရှိနေကြောင်းပြောကြား” သတင်းမှ ဟီလာရီ ကလင်တန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**********************************************************************************

“ဒီမိုကရေစီနိုင်ငံရေးမှာ အတိုက်အခံကို တန်ဖိုးထားကြပါတယ်။ အတိုက်အခံနိုင်ငံရေးသမားကို ရန်သူလို မရှုမြင်ကြပါဘူး။ အတိုက်အခံ ခေါင်းဆောင်တွေကို အစိုးရယန္တရားက လူတွေကလည်း လေးလေးစားစားဆက် ဆံပါတယ်။ ကျွန်တော်တစ်ခါက ရေးဖူးသလို အတိုက်အခံတွေကို နောက်တက်လာမယ့် အစိုးရလောင်းတွေလို့ သဘောထားရင် ဒီမိုကရေစီ ခံယူချက်လို့ ပြောနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွား ရင် ပထမဆုံးအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမြင်ကွင်းဟာ ပိုပြီး လှပတင့်တယ်သွားမယ်။ ဒီမိုကရေစီ သွင်ပြလက္ခဏာ တစ်ခုဖြစ်တဲ့ အားကောင်းတဲ့ အတိုက်အခံရှိခြင်း ဆိုတာနဲ့ ပြည့်စုံလာမယ်။ ဘာပဲ ပြောပြော လွှတ်တော်တွင်း ပြောရေးဆိုခွင့်တွေ ပိုပြီး နိုးကြားသွက်လက်လာမယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်”

ဒီဇင်ဘာ ၈ ထုတ် Venus News အတွဲ (၃) အမှတ် (၂၁) တွင်ပါသည့် “မြန်မာ့နိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကြီးမားလာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် သူမအတွက် စိန်ခေါ်မှုအသစ်ဖြစ်” သတင်းဆောင်းပါးမှ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ၏ ပြောကြားချက်အပေါ်

**********************************************************************************

“ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ကိုယ်ပိုင်ကျောင်းလို့ခေါ်တဲ့ ပုဂ္ဂလိက ကျောင်းတွေကို အခြားနိုင်ငံမားနည်းတူ ဖွင့်ခွင့်ပေးရမှာဖြစ်တဲ့အတွက် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ရတာလို့ ယူဆပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖွင့်ဖို့ သိန်းပေါင်း သောင်းချီပြီး မြှပ်နှံရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် မနည်းပါဘူး။ ဒါကြောင့် ငွေကြေးချမ်းသာသူ လူနည်းစုကိုပဲ အကျိုးပြုနိုင်မှာပါ။ ပညာရေးလောကကို ထူးထူးခြားခြား ပြောင်းလဲမှုတော့မရှိနိုင်ဘူး”

ဒီဇင်ဘာ ၈ ထုတ် Venus News အတွဲ (၃) အမှတ် (၂၁) တွင်ပါသည့် “ကိုယ်ပိုင်ကျောင်း ဥပဒေပြဋ္ဌာန်း  သော်လည်း စိတ်ဝင်စားသူ နည်းပါး” သတင်းမှ မြန်မာနိုင်ငံ ပုဂ္ဂလိကဆရာများ အသင်းချုပ်မှ ဒေါက်တာ ဦးစိုးဝင်းဦး(ခေါ်) ဒေါက်တာဘိုင်အို၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

**********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment