Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၆.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အီရန်ဗဟိုဘဏ်အပေါ် ပိတ်ဆို့အရေးယူရန် အမေရိကန်ဆီးနိတ် သဘောတူ

(CNN သတင်းဌာနမှ၊  2 Dec 2011 ရက်စွဲပါ Senate agrees to sanction Iran'scentral bank ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ၏ အစ်ကို ပေါက်ဖော်ကြီးအကြောင်း

(4 December 2011 ရက်စွဲပါ The Epoch Times မှ Dan Beaker ရေးသားသော Exposing Burma's Big Brother ကို ဘာသာပြန်ဆိုသည်)

*******************************************

အီရန်ဗဟိုဘဏ်အပေါ် ပိတ်ဆို့အရေးယူရန် အမေရိကန်ဆီးနိတ် သဘောတူ

(CNN သတင်းဌာနမှ၊  2 Dec 2011 ရက်စွဲပါ Senate agrees to sanction Iran's central bank ကို ဘာသာ ပြန်ဆိုသည်)

အီရန်နိုင်ငံ၏ ဗဟိုဘဏ်အပါအဝင် အခြားသော ဘဏ္ဍာရေးအဖွဲ့အစည်းများကို စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်ပြည် ထောင်စု ဆီးနိတ်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် တစ်ညီတစ်ညွတ်တည်း သဘောတူညီလိုက်ကြောင်းသိရသည်။ ယင်းလုပ်ရပ်သည် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ အီရန်အပေါ် သတိပေးမှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

အိုဘားမားအုပ်ချုပ်ရေးအရာရှိကြီးများ အဆိုအရ ယင်းပိတ်ဆို့အရေးယူမှုသစ်များသည် ထိရောက်မှု ပိုမို ပြင်းထန်မည်ဖြစ်ကြောင်း၊ ရေနံဈေးနှုန်း များကို မြင့်တက်စေမည်ဖြစ်ပြီး အီရန်နိုင်ငံ၏ နျူကလီးယားအတွက် ဦးတည်လုပ်ဆောင်ချက်များ အပေါ်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိမည်ဖြစ် ကြောင်း ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Timothy Geithner ကမူ အဆိုပါဥပဒေ အတည်ပြုပြခြင်းနှင့်ပတ်သက်၍ "ပြင်းထန်စွာဆန့်ကျင်ကြောင်း" သတိ ပေးချက်ထုတ်ပြန်သည်။ "လတ်တလော ပြဋ္ဌာန်းလိုက်သည့် ပုံစံမှာ အိုဘားမားအုပ်ချုပ်ရေး အဖွဲ့က အလေးအနက်ထားကာ အကောင်အထည်ဖော် ဆော်သြလျက်ရှိသော လုပ်ငန်းစဉ်များ အကျိုးသက်ရောက်မှုမရှိအောင် လုပ်ဆောင်သကဲ့သို့ဖြစ်နေသည်" ဟု ဘဏ္ဍာရေးဝန်ကြီးကဆိုသည်။ အီရန်အပေါ် စီးပွားရေးပိတ်ဆို့သည့် ဥပဒေပြင်ဆင်သတ်မှတ်ချက်အရ အီရန်နိုင်ငံမှ ဗဟိုဘဏ်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အလုပ်လုပ်ကိုင် လျက် ရှိသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးစာရင်းဖွင့်လှစ်ခွင့်များပိတ်ပင်ခံရမည်ဖြစ်သည်။ ထို့ပြင် ယင်းဥပဒေ ပြင်ဆင်သတ်မှတ်ချက်အရ အမေရိကန်ပြည်ထောင်စု ဈေးကွက်တွင်းမှ ရေနံဈေးနှုန်းများအပေါ် မည်မျှအတိုင်းအတာအထိ ထိခိုက်မှုရှိမည်ဟူသော အချက်ကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန်လိုအပ်သည်။

"ဒီကိစ္စဟာ တကယ့်ကို စွန့်စားမှုပါတဲ့ကိစ္စတစ်ခုပါ။ ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားနိုင်တယ်လေ။ သဘောကတော့ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယားရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ လောင်စာတွေ အမြောက်အမြား အသုံးပြုလာရမယ်ဆိုတာပါပဲ" ဟု အမေရိကန်ပြည် ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနမှ Wendy Sherman က ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်သည့် အီးယူနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင်လည်း အီရန်နိုင်ငံအပေါ် ဖိအား များ ပိုမိုပေးသွားရန် ဆွေးနွေးခဲ့ကြသည်။ အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Maja Kocijancic အဆိုအရ အီရန်နိုင်ငံမှ လုပ်ငန်းပေါင်း ၁၄၃ မျိုး နှင့် လူပုဂ္ဂိုလ် ၃၇ ဦး အပေါ် သက်ရောက်မှုရှိမည့် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် အီးယူနိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီခဲ့ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အစောပိုင်းရက်များအတွင်း  အီရန်နိုင်ငံပိုင် မီဒီယာဖြစ်သော Far News က ရေးသား ထုတ်ပြန်ခဲ့သော သတင်းတစ်ရပ်တွင် အီရန် ပါလီမန်ဆိုင်ရာ စွမ်းအင်ကော်မရှင် အကြီးအကဲ Seyed Emad Hossein က အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများ ဆက်လက် လုပ်ကိုင်နေမှုများအပေါ် သတိပေးထားသည်။ "အီရန်နိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတုလောင်စာဆိုင်ရာ လုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှု များ ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဆိုးရွားသော အကျိုးသက်ရောက်မှုများဖြစ်ပေါ်လိမ့်မည်" ဟု Hossein က သတိပေး ပြောကြားသည်။

"ဒါဟာ အင်မတန်ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကြီးတစ်ရပ်ပါပဲ။ အထူးသဖြင့် စီးပွားရေးဘဏ်ကြီးတွေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းကြီး တွေရဲ့ စွမ်းဆောင်ရည်များအပေါ် ပြင်းထန်တဲ့ခြိမ်းခြောက်မှုပါပဲ" ဟု အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး David Cohen က ကွန်ဂရက်လွှတ်တော် ကြားနာမှုတွင် ပြောကြားသည်။

*************************************************************************

မြန်မာ၏ အစ်ကို ပေါက်ဖော်ကြီးအကြောင်း

(4 December 2011 ရက်စွဲပါ The Epoch Times မှ Dan Beaker ရေးသားသော Exposing Burma's Big Brother ကို ဘာသာပြန်ဆိုသည်)

                အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆိုမှုများနှင့် အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုများ ရှိနေသော မြန်မာစီးပွားရေးကို အရေးပါသော မဟာဗျူဟာအကျိုးစီးပွားရှိသူမှလွဲ၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက အနည်းငယ်သာ စိတ်ဝင်စားကြသည်။

                အန္တရာယ်များပြီး မတည်ငြိမ်သော တိုင်းပြည်ဖြစ်ပြီး တရုတ်နိုင်ငံပိုင်လုပ်ငန်းများအား စွမ်းအင်နှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာဖွေပြီး ခေါင်းပုံ ဖြတ်နိုင်ရန် လမ်းဖွင့်ပေးထားခဲ့သည်။ သမိုင်းပညာရှင် ဦးသန့်မြင့်ဦး၏ ပြောဆိုမှုကို ကိုးကားဖော်ပြရလျှင် ထိုသို့တရုတ်၏ ဝင်ရောက်မှုကြောင့် မြန်မာ နိုင်ငံကို အကောင်း သို့မဟုတ် အဆိုးသို့ ပြောင်းလဲစေမည် ဖြစ်ပြီး ယခုဖြစ်ပျက်နေသည်ထက်ပို၍ဆိုးမည် (သို့မဟုတ်) ကောင်းသွားမည်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

                မြန်မာနိုင်ငံသည် လျင်မြန်စွာ အသွင်ကူပြောင်းနေသည်မှာ အသေအချာ ဖြစ်သည်။ လွန်ခဲ့သည့် (၁၈) လ အတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (FDI) သည် လွန်ခဲ့သော နှစ် (၂၀) က ဝင်ရောက်မှုပေါင်းခြင်းထက် 20% ပိုခဲ့သည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားဒေသများတွင် နေထိုင် သော ရာပေါင်းထောင်ပေါင်းများစွာသော ပြည်သူများသည် ပဋိပက္ခများနှင့် အိမ်ရာစွန့်ခွာရမှုများ တိုးတက်လာမှုကို ပြင်းထန်စွာခံစားနေရသည်။

                နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးသမားများသည် လွှတ်တော်တွင် အားလုံးနှင့်ဆိုင် သော စစ်မှန်သော အကြောင်းအရာများကို တင်ပြနိုင်ခဲ့ကြသည်။ သို့သော် အခြေခံဥပဒေသစ်သည် ယခင်ဥပဒေများထက် စစ်တပ်ကို ပိုမို၍ အာဏာ ပေးထားသည်။

                အားလုံးခြုံကြည့်သော ရှုဒေါင့်မှကြည့်ရလျှင် အထက်ပါ အငြင်းပွားဖွယ် တိုးတက်မှုများ၏  ရှုတ်ထွေးမှုများသည် တရုတ်နှင့်ဆက်ဆံရေးကြောင့် အများက သတိမပြုမိခဲ့ကြပေ။ မြန်မာနိုင်ငံတွင် ဝင်ရောက်လာသော FDI ၏ 70% ကျော်သည် တရုတ်မှလာခြင်းဖြစ်သည်။ အများစုမှာ တိုင်းရင်းသား ဒေသ များတွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် ယခုအခါ တိုင်းရင်းသားဒေသများတွင် ရေဆူမှတ်ရောက် အောင် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

                အဆိုပါ တင်းမာမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်ကြားတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက် မှု ဖြစ်စေသည်။ အစိုးရတပ်များမှ လက်နက်အများစု မှာလည်း တရုတ်နိုင်ငံမှ ဖြစ်သည်။

                မြောက်ပိုင်းတွင် တိုင်းရင်းသားမိဘများသည် ၎င်းတို့၏ ကလေးများကို မြန်မာဘာသာထက်စာလျှင် တရုတ်ဘာသာသင်ရန် ပိုမို အလေးအနက် ထားလာသည်ကို တွေ့ရသည်။ ထိုထက်ပို၍ မြေယာဧက ရာပေါင်းထောင်းပေါင်းများစွာနှင့် မရေတွက်နိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားလုံးသည် ပုဂ္ဂလိက တရုတ်ပိုင်ဆိုင်မှုအောက်သို့ ရောက်သွားပြီဖြစ်သည်။ တချိန်တည်းမှာပင် တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းလို သော ဗိုလ်ချုပ်ကြီးများသည် ပြုပြင်ပြောင်းလဲရေးကို မပြုလုပ်စေလိုသူများ ဖြစ်သည်။

                တရုတ်ကုမ္ပဏီများသည် စစ်အစိုးရ၏ လိုအပ်ချက်များကို လုပ်ပေးနိုင်သည် သာမက တဖြည်းဖြည်းနှင့် မြို့ပြနေလူများ၏ လိုအပ်ချက်များကို လည်း ဖြည့်ဆည်းပေးနိုင်လာသည်။ မြန်မာနိုင်ငံကလည်း တရုတ်ကို မဟာဗျူဟာ ဦးစားပေးအစီအစဉ်များ လုပ်ဆောင်နိုင်ရန် ကူညီပေးသည်။ ဒုတိယ ပင်လယ်ထွက်ပေါက်ကို ပေးခြင်း၊ သယံဇာတများ ထုတ်ယူခွင့်ပေးခြင်း၊ တရုတ်အသုံးပြုရန်လမ်းများ ရထားလမ်းများ တိုးချဲ့ခြင်းစသည်ဖြင့် ခွင့်ပြုမှုများ ရှိခဲ့သည်။

                မြန်မာနိုင်ငံ၏ စီးပွားရေးသည် အစမှစ၍ ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံသည် ယခုအနောက်နိုင်ငံများအပေါ် မှီခိုနေရသော တိုင်းပြည်များလျှောက်ခဲ့သော လမ်းအတိုင်းလျှောက်နေသည်။ ၎င်းသည် တရုတ်၏ ဒေါ်လာဘီလီယံချီ၍တန်သော နည်းပညာ၊ ကျွမ်းကျင်မှု နှင့် ထုတ်ကုန်သွင်းကုန် ချေးငွေများအပေါ် တိုး၍ မှီခိုလာရသည်။

မကျေနပ်မှုများ တိုးပွားလာခြင်း

                တရုတ်နှင့် ပတ်သက်ပြီးဖြစ်သော တိုးတက်မှုများနှင့် ရှောင်လွှဲမရနိုင်မည့် အန္တရာယ်များနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများမှာ ယနေ့မြန်မာ နိုင်ငံတွင် ပူပူဆူဆူဖြစ်နေသော အကြောင်းအရာပင်ဖြစ်သည်။ ပြည်သူများကြားတွင် လည်းကောင်း၊ နယ်စပ်ရှိလက်နက်ကိုင်များ၏ ကျေညာချက်များတွင် လည်းကောင်း၊ ကက်ဘိနက်တွင် လည်းကောင်း၊ လွှတ်တော်အစည်းအဝေးများ လည်းကောင်း၊ ရန်ကုန် လက်ဘက်ရည်ဆိုင်များတွင် လည်းကောင်း မကျေနပ်မှုများကို ကြားနေရသည်။

                ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံအလည်ပိုင်းတွင် သုတေသနလုပ်ကြည့်ရာတွင် ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့် တရုတ်၏ ကျူးကျော်ဝင်ရောက်လာမှု၊ မကြာသေးမီက မြန်မာအစိုးရ၏ အစိုးရပိုင်ပစ္စည်းများ ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် ရင်းနှီးမြှုပ်နှံသူ အရေခြုံထားသော တရုတ်အေးဂျင့်များအကြောင်းတို့ကို ကြားရသည်။ ထိုင်းနိုင်ငံနယ်စပ်ရှိ အဓိကတိုင်းရင်းသားလက်နက်ကိုင်အုပ်စု၏ တပ်မှူးများက ပြောကြားရာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများသည် ၎င်းတို့၏ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကြိုးပမ်းမှုများတွင် အကြီးမားဆုံးအတားအဆီးများ ဖြစ်လာ ကြောင်း ပြောသည်။

                ထောင့်ပေါင်းစုံမှ ဖိအားများကြောင့် မကြားသေးမီက မြန်မာအစိုးရသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါစီမံကိန်း ဆန့်ကျင်မှုများမှာ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာများ အဓိကဖြစ်သည်။ ဒေသခံများက သဘာဝရိုးရာ ပျက်ယွင်းမှုကို စိုးရိမ်ကြပြီး၊ ပညာတတ် အသိုင်းအဝိုင်းက ဧရာဝတီမြစ်အပေါ်မှ အမြတ်ထုတ် ခေါင်းပုံဖြတ်ခြင်းသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟု ကျယ်ကျယ် လောင်လောင် ပြောဆိုခဲ့သည်။

                အဆိုပါ ရေလှောင်တမံနှင့်ပတ်သက်သော အောင်ပွဲသည် တိုင်းပြည်တွင် များပြားလာသော လူထုအခြေပြု အဖွဲ့အစည်းများနှင့် NGO များ၏ အသံပေါင်းစုံသည် မူဝါဒကို ပြန်လည်သုံးသပ်ရန်ဖြစ်စေသည်ဟု စမ်းသပ်မှုတစ်ခု၏ အောင်ပွဲဖြစ်သည်။ အဆိုပါစီမံကိန်းသည် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနှင့် ၎င်းနှင့်ရင်းနှီးသော စီးပွားရေးသမား ထွန်းမြင့်နိုင် တို့ကို ငွေများများရစေခဲ့သည်မှ လွဲ၍ အခြားစစ်ခေါင်းဆောင်များအတွက် မဟာ ဗျူဟာ အရလည်းကောင်း စီးပွားရေးအရလည်ကောင်း အနည်းငယ်သာ အရေးပါခဲ့သည်။ ၎င်းစီမံကိန်းအားရပ်တန့်ခဲ့မှုမှာ အမျိုးသားရေးစိတ်ဓါတ် နှင့် ခေါင်းဆောင်ပိုင်း ပြိုင်ဆိုင်မှုများကြောင့် ဖြစ်သည်။

                တချိန်တည်းမှာပင် ရေလှောင်တမံအနီးရှိ ကျောက်စိမ်းတွင်းများ၊ ကျွန်းသစ်လုံးထုတ်ယူမှုများ နှင့် ငွေရလွယ်သော စိုက်ပျိုးရေးလုပ်ငန်းများသည် တိုင်းရင်းသားများ၏မူရင်း အရပ်ဒေသများကို တစစီ ဖြစ်စေခဲ့ပြီး တရုတ်သို့ တင်ပို့ပြီး အဆိုပါ ဆည်တန်ဖိုးမက ငွေများရရှိခဲ့ကာ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် လုပ်ဖော်ကိုင်ဖက်များ အိတ်ထဲရောက်သွားပြီး ဖြစ်သည်။

မှီခိုရမှု ပိုမိုတိုးပွားလာခြင်း

                မြန်မာနိုင်ငံက တရုတ်အပေါ်မှီခိုရမှု၏ နောက်ထပ်အကြောင်းတစ်ခုမှာ နယ်စပ်ကုန်သွယ်ရေး ဖြစ်သည်။ တရားဝင်ထုတ်ကုန်သွင်းကုန် ကိန်းဂဏန်းများအရ တိုင်းပြည်၏ စုစုပေါင်း နယ်စပ်ကုန်သွယ်ရေး၏ 78% မှာ တရုတ်ဖြင့် ကုန်သွယ်မှု ဖြစ်သည်။ သို့သော် ၎င်းကိန်းဂဏန်းမှာ အမှန်တကယ် ပမာဏ၏ လေးပုံတစ်ပုံသာ ဖြစ်ဖွယ် ရှိသည်။ ကုန်သည်များသည် အခွန်ဆောင်ရာတွင် နည်းစေရန်နှင့် နယ်စပ်ကုန်သွယ်ရေးစနစ်၏ ညံ့ဖျင်းသောအုပ်ချုပ်မှုများ၏ အတားအဆီးများကို ရှောင်ရှားရန်ကုန်ပစ္စည်းများ၏ အမှန်တကယ်ဈေးနှုန်းကို ကျေညာခြင်းမပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ရန်ကုန်-မူဆယ်လမ်းပေါ်တွင် သွားနေသော အသွားကုန်၊ အပြန်ကုန်များက ကုန်ပစ္စည်းဈေးကွက်ကို လွှမ်းမိုးသည်။

                ထို့အပြင် အလယ်အလတ်တန်းစား အပေါ်လွှာမှ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတစ်ဝှမ်းမှ အသေးစားနှင့် အလတ်စား လုပ်ငန်း များကို သိမ်းယူနေကြသည်။ ဥပမာအားဖြင့် မန္တလေးမြို့သည် တရုတ်ပိုင်စက်ရုံများ နှင့် ဆိုင်များက လွှမ်းမိုးနေသည်။ ထို့အပြင် ဒေသခံ စောင်လုပ်ငန်းနှင့် စက်အပိုပစ္စည်းစက်မှုလုပ်ငန်းများမှာ ယခုနှစ်များ အတွင်း ပျောက်ကွယ်သွားပြီဖြစ်သည်။

                တရုတ်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများသည် ၎င်းတို့ လိုအပ်သော ကုန်ကြမ်းများကို ဈေးပိုပေး၍ဝယ်ကြပြီး တချိန်တည်းတွင် ၎င်းတို့ထံမှ ဈေးပေါသော သွင်းကုန်များ သွင်းလာသည်ဟု မြန်မာများက ဆိုသည်။ အဆိုပါ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံသားများက အမည်ခံ၍သော်လည်းကောင်း၊ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများဖြင့် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများထံလာဒ်ပေး၍ မြန်မာမှတ်ပုံတင်ကိုင်ထားသော တရုတ်များဖြင့် လည်းကောင်း လုပ်ဆောင်ကြသည်။

                ရေလှောင်တမံစီမံကိန်းများ၊ စွမ်းအင်ပိုက်လိုင်းစီမံကိန်းများ ကဲ့သို့သော နိုင်ငံပိုင် စီမံကိန်းများ၏ အဓိက ရင်းနှီးမြှုပ်နှံမှုများမှာ တရုတ်နိုင်ငံမှသာ ပြုလုပ်ပြီး၊ အဆိုပါ ကုမ္ပဏီများသည် မြန်မာဒေသခံအလုပ်သမားများကို လေ့ကျင့်ပေးရန်သော်လည်းကောင်း၊ နည်းပညာများလွှဲပြောင်းပေးရန်လည်း ကောင်း စိတ်မဝင်စားပေ။ ၎င်းတို့သည် စက်ယန္တရားကြီးများနှင့် အတူ အင်ဂျင်နီယာများနှင့်အခြား ပညာရှင်များကို တရုတ်နိုင်ငံမှ သယ်ဆောင်လာသည်။

                လုံခြုံရေး၊ အခြေခံပစ္စည်းများနှင့် လုပ်သားများကို နိုင်ငံပိုင် သို့မဟုတ် စစ်တပ်လက်အောက်ခံ ကုမ္ပဏီများကို ပေးရသည်။ Asia World ကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ တို့သည် တရုတ်နှင့် အားကောင်းသော ဆက်ဆံရေးရရှိကြပြီး၊ ကြီးမားသော စီမံကိန်းများတွင် ပွဲစားများအဖြစ် လုပ်ဆောင်ကြပြီး အပြန်အလှန်အားဖြင့် သိပ်အရေးမပါသော ကန်ထရိုက် အများအပြား ပြန်လည်ရရှိသည်။ မြန်မာပြည်သူများသည် ရင်းနှီးမြှုပ်နှံမှုနှင့် အတူပါလာသော သာမန်အကျိုးအမြတ်ကိုပင် မခံစားရပေ။ ထို့အပြင် တိုင်းပြည်၏ စီးပွားရေးတွင် အရေးကြီးသော အစိတ်အပိုင်းများ၌ တရုတ်အပေါ်လုံးလုံးမှီခိုခြင်းသည် အန္တရာယ်များလှသည်။

ပြုပြင်ပြောင်းလဲရေးတွင် ငြိမ်းချမ်းရေးလိုအပ်

                မြန်မာနိုင်ငံတွင် စစ်တပ်က သူ့သဘောနှင့်သူ အာဏာစွန့်သွားပြီးနောက် အဓိပ္ပါယ်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် ရရှိလို လျှင် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး အမှန်တကယ်ရရှိရမည် ဖြစ်သည်။ ပြန်လည်ပေါင်းစည်းရေးသည် အချက်များစွာပေါ်တွင် တည်မှီနေသည်။ ထိုအထဲတွင် စစ်တပ်အဆင့်ဆင့်တွင် အကျင်ပျက်ခြစားပြီး အကျိုးအမြတ်ရယူနေမှုကို ဖယ်ရှားပစ်ရမည်ဖြစ်ပြီး၊ သယံဇာတထုတ်ယူသုံးစွဲ ရေးတွင် ဒေသခံကို ကြီးကြပ်ခွင့်ထူထောင်ပေးရမည် ဖြစ်သည်။

                အထက်ပါ အချက်နှစ်ခုစလုံးသည် အဓိက အချက်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကြောင့် စစ်တပ်က တိုင်းရင်းသားဒေသများ တွင် ကျူးကျော်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုတောင်းရာတွင် ထိုအချက်များသည် အဓိက အချက်များပင် ဖြစ်သည်။ တရုတ်သည် အစိုးရကိုရော တိုင်းရင်းသားလက်နက်ကိုင်များကိုပါ တည်ငြိမ်မှုထိန်းသိမ်းရေးကို ငြိမ်းချမ်းရေး ဖြင့် ဖော်ဆောင်ရန် အားပေးခဲ့သော်လည်း ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုသည် ထိုဒေသများတွင် တိုးတက်မှုကို ထိရောက်စွာ တားဆီးထားသည်။ ယခုလက်ရှိ အခြေအနေကသာ အမြတ်ရနိုင်သော အခြေအနေဖြစ်နေသည်။

                လက်ရှိအကျင့်ပျက်ခြစားမှု အဆင့်နှင့် စီးပွားရေးကို မှားယွင်းစွာ စီမံခန့်ခွဲနေမှုများကြားတွင် ငွေကြေးဆိုင်ရာ တိုးတက်မှုသည် အနောက်နိုင်ငံ အရေးယူမှုများရုတ်သိမ်းရေးတွင် များစွာမူတည်နေသည်။ ပြန်လည်တည်ဆောက်ရေး ကို လုပ်ကိုင်လျက်ရှိရာ အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းအဆို အရ စီးပွားရေးတွင် တိုးတက်မှုသည် အခြားကဏ္ဍများထက် ပိုမြန်နေသည်ဟု ဆိုသည်။ သို့သော် စစ်တပ် ပုဂ္ဂိုလ်များသည် အဓိကပိုင်ဆိုင်မှုများကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်၍ မှန်ကန်သော ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရသည် အားထည့်ဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။

                ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်း ဦးသန်းရွှေကို အသာထား၍ လက်ရှိရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များရနေသော ထင်းရှားသော ပုဂ္ဂိုလ်မှာ ဒုသမ္မတဦးတင်အောင်မြင့်ဦး ဖြစ်ပြီး ၎င်းသည် တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အဓိက ပုဂ္ဂိုလ်ဖြစ်သည်။ ၎င်းသည် တိုင်းပြည်၏ စီးပွားရေး အဖွဲ့အစည်းများကို ကိုင်တွယ်ခဲ့သည်။ ၎င်းအား လက်ရှိ ဒုသမ္မတ ရာထူးပေးရခြင်းမှာ အစပိုင်းက စီးပွားရေးနှင့်ပတ်သက်သော ကိစ္စများတွင် လွှမ်းမိုးနိုင် ရန်နှင့် တိုးတက်လိုသော လူများအား ရိုးရာအတိုင်း စစ်အာဏာသံဖြင့် အုပ်ချုပ်စေရန် ရည်ရွယ်ခဲ့ ပုံရသည်။

                ၎င်းသည် အထူးသဖြင့် သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာ့စီးပွားရေး နှင့် စစ်တပ် ပညာတတ် အသိုင်းအဝိုင်းကြားတွင် ပေါ်ပြူလာ မဖြစ်ပေ။ ၎င်းအား ယခင် အာဏာရှင်ဦးသန်းရွှေက ထောက်ခံမှုပေးထားပြီး၊ ကက်ဘိနက်၏ အချို့ပုဂ္ဂိုလ်များကလည်း သစ္စာခံလျက်ရှိသောကြောင့် ၎င်းကို လွယ်လွယ်နှင့် ချက်ခြင်း ထုတ်ပစ်ရန် မဖြစ်နိုင်သေးပေ။

                ကျန်သူများမှာလည်း ၎င်းကဲ့သို့ပင် ၎င်းတို့ရထားသော ရာထူးမှ အကျိုးအမြတ်ရနိုင်သလောက်ယူမည်ဟု ဆုံးဖြတ်ထားသည့် စစ်ဗိုလ်ချုပ်များပင် ဖြစ်ရာ တရုတ်များက ငွေများ စားပွဲပေါ်သို့ ယူလာပါက အစိုးရက ပြုပြင်ပြောင်းလဲရေးများ လုပ်နေလင့်ကစား ယခင် အတိုင်းပင်ဆက်လက် ကျင့်ကြံနေဦး မည်ဖြစ်သည်။

                ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအောင်မြင်မှသာ မြန်မာနိုင်ငံတွင် ခေါင်းပုံဖြတ်လိုသော စိတ်မရှိသည့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့် ဝန်းကျင် ဖြစ်လာနိုင်မည်။ သို့မှသာ စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများတွင် စွမ်းအားသစ်များ ရရှိပြီး၊ မိမိ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုင်တွယ်နိုင်ပြီး လူမှု ဖူလုံရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပြီး၊ အငြင်းပွားမှုများအားလုံးကို ပြန်လည်ပေါင်းစည်းပေးနိုင်လိမ့်မည် ဖြစ်သည်။

                    *******************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment